You are here
Home > သတင်း > ပြည်တွင်းသတင်း > ငြိမ်းချမ်းရေး မရသေးမီ မြစ်ဆုံစီမံကိန်း ဆက်လုပ်ပါက ကန့်ကွက်မည်ဟု တိုင်းရင်းသားလူငယ်များဆို

ငြိမ်းချမ်းရေး မရသေးမီ မြစ်ဆုံစီမံကိန်း ဆက်လုပ်ပါက ကန့်ကွက်မည်ဟု တိုင်းရင်းသားလူငယ်များဆို

ရန်ကုန်၊ သြဂုတ် ၁၇ ။ ။ ပြည်တွင်း ငြိမ်းချမ်းရေးမရသေးသည့် အချိန်တွင် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်မည် ဆိုပါက ကန့်ကွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်များ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီကထုတ်ဖော်ပြောဆိုလိုက်သည်။

suu Kyi

သြဂုတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့တော်ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်( MJN ) ရုံးခန်းတွင် ပြုလုပ်သော တိုင်းရင်းသားလူငယ်ညီလာခံ သတင်းစာရှင်းလင်းပွဲတွင် ဦးဆောင်သူများက ယင်းသို့ ထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်များ ညီလာခံကို ယခုနှစ် ဇူလိုင်လနောက်ဆုံးပတ်အတွင်း ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် (၆) ရက်တိုင်တိုင်ကျင်းပခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်များညီလာခံ ဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ကိုခွန်ဦးက “ဆိုးကျိုးတွေဒီလောက်များနေပါတယ်လို့ ပြောနေတဲ့ဟာကိုဆက်သွားမယ်ဆိုရင် ကျွန်တော့်အနေနဲ့က No ပဲ။ မြစ်ဆုံမှမဟုတ်ဘူး အခြားဆည်စီမံကိန်းကြီး တွေကိုလည်း ကန့်ကွက်တယ်”ဟု ရှင်းပြသည်။

ယင်းညီလာခံ၏ ထုတ်ပြန်ချက်တွင်လည်း ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ်အတွင်း ဖက်ဒရယ်စနစ်ကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည် မဖော်ဆောင်နိုင်သမျှ ကာလပတ်လုံး အကြီးစားသယံဇာတ ထုတ်ယူသုံးစွဲမှု စီမံကိန်းများအားလုံးကိုရပ်တန့်ရန် တိုက်တွန်းထားသည်။

အလားတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်နိုင်ငံသို့ ယနေ့ (သြဂုတ်လ ၁၇ရက်) တွင် သွားရောက်လျက်ရှိပြီး ယင်းခရီးစဉ်သည် ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံ ကိန်းပြန်လည်စတင်ရန် အခွင့်အရေးတစ်ရပ် ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဋ္ဌာနများက ဖော်ပြလျက်ရှိသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်းကို နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်သူ လူထု၏ ကန့်ကွက်မှုများကြောင့် ရပ်တန့်ထားခြင်းဖြစ်သည်။

Photo- Ministry of Foreign Affairs Myanmar

Similar Articles

Leave a Reply

Top