You are here
Home > ဆောင်းပါး > သတင်းဆောင်းပါး > ရေတွင်းထဲက အဖွားအိုအလောင်းရဲ့ ပဟေဠိ

ရေတွင်းထဲက အဖွားအိုအလောင်းရဲ့ ပဟေဠိ

Fallback Image

မော်လမြိုင်မြို့က အဘွားအိုတစ်ဦးသည် နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီက ပျောက်ဆုံးသွားသဖြင့် တွေ့ရှိသူများက အကြောင်းကြားပေးရန် အဖွားအို၏ ဓာတ်ပုံနှင့် မိသားစုဝင်များ၏ ဖုန်းနံပါတ်များသည် လူမှုကွန်ရက် စာမျက်နှာတွင် အဖွာအိုပျောက်ဆုံးပြီး မကြာမီအချိန်အတွင်း ပျံနှံ့ခဲ့သည်။

well

လူမှုကွန်ရက်စာမျက်နှာတွင် အဖွားအိုတစ်ဦး နေအိမ်မှ ပျောက်ဆုံးနေကြောင်း ပျံနှံခဲ့ပြီးနောက် မော်လမြိုင်မြို့၊ ဈေးကြိုရပ်၊ သုခလမ်းထိပ်၊ ရွာတန်းရှည်လမ်း၊ မီးရထားလမ်းဘေးထောင့် နေအိမ်ခြံဝင်းအတွင်းရှိ ရေတွင်းထဲ၌ အမျိုးသမီးကြီးတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး မော်လမြိုင် Rescue အဖွဲ့က လူမှုကွန်ရက်စာမျက်နှာတွင် ဖေါ်ပြခဲ့သည်။

ရေတွင်းထဲတွင် သေဆုံးခဲ့သူမှာ လူပျောက်ကြေညာထားသည့် မော်လမြိုင်မြို့၊ ဈေးကြိုဆန်တန်းရပ်က အသက် ၇၈ နှစ်အရွယ်ရှိနေပြီးဖြစ်သည့် ဒေါ်တင်လှ ဖြစ်နေပေသည်။

ရေတွင်းထဲကျ သေဆုံးခဲ့ရသည့် ဒေါ်တင်လှသည် နေအိမ်မှ ထွက်သွားစဉ်က စိန်နားကပ်တစ်ရံ၊ လက်စွပ် တစ်ကွင်း၊ တစ်ကျပ်နှင့် တစ်မတ်သားခန့်ရှိ သံကြိုးဆက် ရွှေဆွဲကြိုးတစ်ကုံးကို ဝတ်ဆင်ထားသည့်အပြင် ငွေများပါရှိသည့် ပိုက်ဆံအိတ်တစ်လုံးနှင့် ထီးတစ်လက်တို့ ယူဆောင်၍ နေအိမ်မှ ထွက်သွားသော်လည်း ရေတွင်းထဲမှ ပြန်လည်ဆယ်ယူခဲ့စဉ်က ဒေါ်တင်လှထံမှ စိန်နားကပ်တစ်ရံနှင့် ရွှေလက်စွပ်တစ်ကွင်းကိုသာ တွေ့ရှိခဲ့ရကြောင်း သေဆုံးသူ ဒေါ်တင်လှ၏သား ဦးခင်မောင်ထူးက ဆိုသည်။

သေဆုံးခဲ့သည့် မိခင်ဖြစ်သူသည် နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်က “အမေ ဒီနာခဏသွားမယ်”ဟု ပြောဆိုကာ နေအိမ်မှ ထွက်သွားခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည် မရောက်ရှိလာသဖြင့် ရပ်ကွက်ထဲရှိ နေအိမ်များထံ လိုက်လံမေးမြန်းခဲ့သော်လည်း မည်သူကိုမှ မေးမြန်း၍မရခဲ့ကြောင်း ၎င်းက ဆိုသည်။

“သွားတက်တဲ့ နေရာတွေကို စုံစမ်းတော့ မတွေ့ဘူး၊ ဆိုင်ကယ်နဲ့ ကားများ တိုက်လားပေါ့၊ ဆေးရုံမှာ လိုက်မေးတော့လဲ ဆေးရုံမှာမရှိဘူး၊ ဒါဆိုရင်တော့ အမေ့မှာ အန္တရာယ်ရှိနေပြီး။ မောင်နှမတွေကို အကြောင်းကြားပေးလိုက်တာပေါ့၊ သူက ဝေးဝေးလံလံလဲ မသွားတက်ဘူး”ဟု ၎င်းက ရှင်းပြသည်။

မိခင်ဖြစ်သူ ပျောက်ဆုံးသွားခြင်းကို လိုက်ရှာသော်လည်း ရှာမတွေ့ခဲ့ခြင်းကြောင့် နိုဝင်ဘာ ၁၁ ရက်နေ့ ည ၁၀ နာရီခွဲခန့်က မုပွန်နယ်မြေ ရဲစခန်းတွင် သွားရောက် အမှုဖွင့်ထားခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“စခန်းကတော့ ဘယ်သွားလဲတဲ့၊ ကျွန်တော်တို့ကလည်း ဘယ်အိမ်တွေသွားလဲ စုံစမ်းနေတယ်၊ စုံစမ်းလို့ရတာနဲ့ ချက်ချင်းဖုန်းဆက် အဲဒီအိမ်ကို သူတို့ချက်ချင်း လာစစ်ပေးမယ်လို့ ဒါပဲပြောတယ်”ဟု ၎င်းက ဆိုသည်။

မိခင်ဖြစ်သူ ပျောက်ဆုံးနေသေးသဖြင့် နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၇ နာရီကျော်က ရက်ကွက်အတွင်း ထပ်မံ ရှာဖွေနေစဉ် ယင်းရပ်ကွက်မှ မသင်းသင်း၏ ခင်းမွန်းဖြစ်သူ အငယ်လေးက “အစ်ကို ဟိုနားမှာ အိပ်ယာလိပ် ကျတာလား၊ ဘာကျတာလား မသိဘူး ပြောသံကြားတယ်၊ သွားကြည့်ရအောင် လာ”ဟု ခေါ်ခြင်းခြင်းအပေါ် ၎င်းနှင့်အတူ ရေးတွင်ရှိရာသို့ လိုက်သွားကြည့်ခဲ့ရာ မိခင်ဖြစ်သူမှာ ရေတွင်းထဲကျ သေဆုံးနေသည်ကို တွေ့မြင်ခဲ့ရကြောင်း ၎င်းက ထပ်မံရှင်းပြခဲ့သည်။

ဒေါ်လှတင် ရေတွင်းထဲပြုတ်ကျကာ ရေနစ်သေဆုံးနေခြင်းကို မုပွန်နယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ယင်းရဲစခန်းမှူး ရဲအုပ်ဝင်းဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ဆေးစာရမှ အဖြေသိရမယ်၊ လောလောဆယ်တော့ ပြောလို့မရသေးဘူး၊ သေမှုသေခင်းနဲ့တော့ အမှုဖွင့်ထားတယ်”ဟု ၎င်းက ပြောဆိုသည်။

သေဆုံးသူ အဖွားအိုသည် ရပ်ကွက်ထဲနေထိုင်စဉ် ကာလအတွင်း မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ စကားများ ရန်ဖြစ်ဖူးထားခြင်းကို မကြားသိရဘဲ၊ ရပ်ကွက်ထဲရှိ စီးပွားရေး အဆင်မပြေသူများက ၎င်းထံ လာရောက် အကူအညီ တောင်းခံပါက ငွေများချေးငှားပေးလေ့ရှိကြောင်း ယင်းရပ်ကွက်ဒေသခံများက ဆိုသည်။

“အမေ့မှာ ပါသွားတာက ဒီပစ္စည်းတွေပေါ့၊ ကျွန်တော့်ကို နှုတ်ဆက်စဉ်က လက်ကောက်သုံးကွင်းကိုတော့ မတွေ့ခဲ့လို့ ရဲစခန်းမှာ ထည့်မပြောခဲ့ပါဘူး၊ ရွှေလက်ကောက်လည်း ပျောက်နေပါတယ်”ဟု သေဆုံးသူ၏ မိသားစုဝင်များက ပြောဆိုသည်။

ထို့နောက် ဒေါ်တင်လှ ရေတွင်းထဲကျ၍ သေဆုံးနေသည့် နေရာနှင့် ခပ်ဝေးဝေး တစ်နေရာတွင် ဒေါ်တင်လှ၏ ပိုက်ဆံအိတ်အတွင်းမှ ငွေချေးငှားထားသော စာရင်းစာအုပ်တို့ကို တွေ့ရှိခဲ့ရခြင်းကြောင့် ရေတွင်းထဲကျ သေဆုံးမှုမှာ မသင်္ကာဖွယ်ရာများ ရှိနေသည်ဟု ၎င်းတို့က ပြောသည်။

“ပိုက်ဆံအိတ်ထဲမှာလည်း ပိုက်ဆံတစ်ပြားမှ မရှိတော့ဘူး၊ ပစ္စည်းတွေကိုတော့ ရဲစခန်းက သိမ်းထားတယ်၊ လူနဲ့ ပိုက်ဆံအိတ်က တော်တော်ဝေးတယ်၊ အမေ့ရဲ့ ဖိနပ်နဲ့ ထီးလည်း ပျောက်နေပါတယ်”ဟု ဦးခင်မောင်ထူးက ဆိုသည်။

သေဆုံးသူနှင့် ပတ်သက်သော သက်သေခံ ပစ္စည်းများကို ရဲစခန်းမှ သိမ်းဆည်းထားပြီး ကျန်ရှိသည့် အချက် အလက်ကိစ္စရပ်များကို ပြောပြခဲ့ခြင်းမရှိသေးကြောင်းလည်း ၎င်းက ပြောသည်။

“ပိုက်ဆံအိတ် ဘယ်ကရလဲ မေးခွင့်မရှိဘူး၊ မိခင်သေသွားတောင် စခန်မှူးက ဒီလောက်ပဲ ပြောပြတယ်၊ ဒါကတော့ သူတို့မြှပ်ကွက်တွေပေါ့နော်၊ အချက်တွေက အများကြီးရှိသေးတယ်၊ ပြောလို့မရတဲ့ အချက်တွေပေါ့”ဟု ၎င်းက ထပ်မံပြောဆိုသည်။

အဆိုပါ ရေတွင်းထဲကျ သေဆုံးခြင်းသည် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် မုပွန်နယ်မြေ ရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် ၁၈/၂၀၁၆ အရ အမှုထားကြောင်း ယင်းရဲစခန်း မှတ်တမ်းအရ သိရသည်။

ဒေါ်တင်လှ သေဆုံးမှုတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရဘဲ ရေနစ်သေဆုံးသွားကြောင်း မော်လမြိုင် ပြည်သူ့ဆေးရုံကြီးမှ ရဲမှုခင်းဆေးစာ ပို့ဆောင်ထားခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်း၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားရှိသည်။

ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်ခဲ့သော အဖွားအိုကို မြင်တွေ့ခဲ့သူများ ရှိခဲ့သော်လည်း ရဲမှုခင်းဖြစ်နေခြင်းကြောင့် မပြောဆိုရဲကြကြောင်းနှင့် နေ့စဉ်နေတိုင်း ၎င်းသွားနေကြ နေအိ်မ်များကိုသာ သွားတက်လေ့ရှိကြောင်း ဈေးကြိုရပ်ကွက်တွင် နေထိုင်သည့် ဒေသခံများက ဆိုသည်။

“ရဲစခန်းက ဒါကတော့ သွေးရိုးသားရိုးတော့ မဟုတ်ဘူး ထပ်စစ်သွားရမယ်”ဟု ရဲတပ်ဖွဲ့၏ ပြောဆိုချက်ကို ဦးခင်းမောင်ထူးက ဟင်္သာမီဒီယာသို့ ပြန်လည်ပြောပြခဲ့သည်။

Written by – ခေတ်မင်း

Similar Articles

Leave a Reply

Top