You are here
Home > သတင်း > ပြည်တွင်းသတင်း > စနစ်တကျ ညှိနှိုင်းမှုမရှိသောကြောင့် ဆက်ကြေးတောင်းခံခြင်းဖြစ်ကြောင်း KNU တုံ့ပြန်

စနစ်တကျ ညှိနှိုင်းမှုမရှိသောကြောင့် ဆက်ကြေးတောင်းခံခြင်းဖြစ်ကြောင်း KNU တုံ့ပြန်

Fallback Image

 

ယခင်အစိုးရလက်ထက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးခဲ့သည့် လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တွင် KNU ပါဝင်ခဲ့သည်။
ယခင်အစိုးရလက်ထက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးခဲ့သည့် လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တွင် KNU ပါဝင်ခဲ့သည်။

ရန်ကုန် ၊ ဇန်နဝါရီလ ၆ ရက်

ပြည်သူလူထုဝန်ထုပ် ဝန်ပိုးဖြစ်စေမည့် ဆက်ကြေးကောက်ခံခြင်းများမပြုရန် အပစ်ရပ်စာချုပ် NCA တွင် ထည့်သွင်းထားသော်လည်း စနစ်တကျ ညှိနှိုင်းမှုများ မရှိသောကြောင့် ကျေးရွာအုပ်စု အချိုထံမှ ထောက်ပံ့ငွေ (ဆက်ကြေး)တောင်းခံရခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က တုံ့ပြန်ပြောဆိုလိုက်သည်။

 

KNU သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားသော်လည်း စာချုပ်ပါ သဘောတူညီချက်ဖြစ်သည့် ဆက်ကြေးမကောက်ခံရဟူသည့် အချက်ကို ချိုးဖောက်ကြောင်း ကရင်ပြည်နယ်အစိုးရက အကြောင်းကြားစာ တစ်စောင် KNU ထံသို့ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ပေးပို့ထားသည်။

 

KNU အဖွဲ့ လှိုင်းဘွဲ့မြို့နယ်အတွင်းရေးမှူး ပဒိုစောအယ်ထီးကော်မှ လှိုင်းဘွဲ့မြို့နယ် ကမော့ကချူးကျေးရွာအုပ်စု နှင့် ဝင်းစိန်ကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ငွေတောင်းခံခြင်းနှင့် ပက်သက်၍ ကရင်ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်က KNU ထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

 

“ဒါကတော့ လုပ်နေကျအလုပ်ကိုး။ ဒါတွေအားလုံးကတော့ ညှိုနှိုင်းပြီးလုပ်ရမှာပေါ့လေ။ အရင်ကတည်းက ကျွန်တော်တို့ တောင်းလာခဲ့တာပဲ။ ဒါပေမယ့် NCA ထိုးပြီးတော့နောက်ပိုင်းဒါတွေကိုမလုပ်ဖို့က နှစ်ဖက်သဘော တူညီမှုအရ ဒါပေမယ့် စနစ်တကျတော့ ညှိုနှိုင်းမှုတော့မလုပ်ရသေးဘူး” KNU ဗဟို နှင့် တပ်မဟာဆက်ဆံ ရေးရုံး(ဘားအံ) မှ ဦးရှီးရှိုကပြောသည်။

 

သို့သော်လည်း KNU အနေဖြင့် ကမော့ကချူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ မှထောက်ပံ့ငွေစား ရိတ် (၆၁၆၄၁၄)ကျပ် နှင့် ဆန်(၁၀၀)တင်းကိုလည်းကောင်း၊ ဝင်းစိန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ငွေစရိတ်(၂၄၇၈၁၄) ကျပ် နှင့်ဆန်(၄၅)တင်းကိုလည်းကောင်း တောင်းခံကြောင်း အကြောင်းကြားစာပေးပို့ခဲ့သည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ပေးပို့စာတွင်ဖော်ပြထားသည်။

 

အဆိုပါပေးပို့စာတွင် KNU အဖွဲ့အနေဖြင့် NCA သဘောတူစာချုပ်အခန်း(၃) စာပိုဒ်(၉) စာပိုဒ်ခွဲ(ဃ)ပါ “ပြည်သူလူထုထံမှ ငွေ၊ ပစ္စည်းဥစ္စာ၊ စားနပ်ရိက္ခာ လုပ်အားနှင့် ဝန်ဆောင်မှုများကို အဓမ္မတောင်းခံရယူခြင်းမပြုရ” ဟူသောသဘောတူညီချက်အား ဖောက်ဖျက်နေသည့်အတွက် အထက်ပါဆောင်ရွက်မှုများအပေါ် ပြည်နယ်အစိုးရမှ ကန့်ကွက်ပါကြောင်း အစိုးရအဖွဲ့၏ ပေးပို့စာတွင် ပါရှိသည်။

 

ထို့အပြင် ယင်းကဲ့သို့ လုပ်ရပ်များသည် NCA သဘောတူညီချက်အား ထိခိုက်ပျက်ပြားလာနိုင်သဖြင့် မိမိလက်အောက်ရှိတပ်ဖွဲ့ဝင်များအား စနစ်တကျကြပ်မတ်ထိန်းသိမ်းနိုင်ရန်အကြောင်းကြားပါကြောင်း ဖော်ပြပါရှိသည်။

Similar Articles

Leave a Reply

Top