Hintharmedia

“ကိုလိုနီခေတ် မော်လမြိုင် စီးပွားရေး-၅“

ဦးဘလှ (မြောင်းမြ) ။ ကိုလိုနီခေတ်အောက်မြန်မာနိုင်ငံရှိ မြေပိုင်ရှင်ကြီး ၃ ဦးအနက်၊ “ပဲခူးဦးစိန်ဝင်း“ အကြောင်း တင်ပြပြီးနောက် ဒုတိယမြောက်မြေရှင်ကြီးဖြစ်သော “မြောင်းမြဦးဘလှ“ အကြောင်း ဆက်လက်တင်ပြလိုပေသည်။

မျက်မှောက်ခေတ်တွင် ရန်ကုန်မြို့ရှိ ဦးဝိစာရလမ်းတွင် ကိုယ်ပိုင်ယာသ်နှင့်အငှားယာဉ်များ ထောင်ချီ၍ နေ့ညမဟူဖြတ်သန်းသွားလာလျက်ရှိကြသည်။ ယာဉ်များတွင် လိုက်ပါလာသူများသည် လိုရာခရီးပန်းတိုင်သို့ရောက်လိုသည့် ဇောသန်နေသဖြင့် မိမိတို့ဖြတ်သန်းသွားလာနေသော “လမ်း“ အကြောင်းကို မစဉ်းစားမိကြချေ။ ဦးဝိစာရ အဝိုင်းသို့ရောက်သောအခါတွင်လည်း အဝိုင်းအလယ်ရှိ ကျောက်တိုင်ထိပ်ရှိ ရုပ်တုတော် အလှူရှင်အကြောင်းကိုလည်းကောင်း၊ ရုပ်တုတည်ထားရာ ကျောက်တိုင်၏ ဒါယကာအကြောင်းကိုလည်းကောင်း ဂရုမပြုမိကြချေ။

ဦးဝိစာရလမ်း၏ မူလအမည်မှာ ဗွိုင်းလမ်း (Boyle  Roads) ဖြစ်သည်။ ၁၈၅၂ – ခု ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲကာလ ရွှေတိဂုံစေတီတော်အနောက်ဘက်တိုက်ပွဲတွင် ကျဆုံးသော အင်္ဂလိပ်စစ်ဗိုလ် “ဗွိုင်း“ ကို အထိမ်းအမှတ်ပြု၍ လမ်းအမည်ပေးခဲ့ခြင်းဖြစ်သည်။ ၁၉၄ဝ ပြည့်နှစ်တွင် သခင်ရန်အောင်၊ ကက်ပတိန်ဘဖူး၊ ဒေါက်တာဦးမောင်ကလေး၊ ဦးဘစိန်နှင့် M.A ဒေါ်မြစိန် (မော်လမြိုင်) တို့၏ ကြိုးပမ်းမှုကြောင့် ဗွိုင်းလမ်းအစား “ဦးဝိစာရလမ်း“ အမည်သစ်သို့ တမ္ပည်းထိုးနိုင်ခဲ့သည်။

အရှင်ဦးဝိစာရသည် မြန်မာလူမျိုးတို့၏ ဆန္ဒအရ လွတ်လပ်သော ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံတည်ထောင်လိုသော စိတ်ဓာတ်ဖြင့် နိုင်ငံရေးကို ဆောင်ရွက်ခဲ့သည်။ ထိုကြောင့် ထောင်အမျိုးမျိုး (အရှုးထောင်ပါမကျန်) တွင်၊ နှိပ်စက်ညှင်းပမ်းမှုမျိုးစုံကို ခံခဲ့ရသည်။ ဗုဒ္ဓဘာသာရဟန်းတော်များ၏ ဝိနည်းသိက္ခာပုဒ်နှင့်အညီ ရသင့်ရထိုက်သော ထောင်တွင်းအခွင့်အရေးများကို ဇွဲကြီးကြီးဖြင့် ရက်ရှည်လများ အစာငတ်ခံတိုက်ပွဲဝင်ရာ ၁၆၆ ရက်မြောက်သော ၁၉ စက်တင်ဘာ ၁၉၂၉ ည ၈ နာရီအချိန်တွင် ရန်ကုန်ထောင်ကြီးအတွင်း၌ ပျံလွန်တော်မူသည်။

၂ဝ စက်တင်ဘာ ၁၉၂၉ နံနက် ၄ နာရီခန့်တွင် ထောင်အရာရှိတစ်ဦးနှင့် ပုလိပ်တစ်စုတို့သည်  ကျွန်းခေါင်းကြီးတစ်လုံးကို ကုန်တင်ကားတစ်စီးပေါ်တွင် တင်ကာ “ကြည့်မြင်တိုင်ဥယျာဉ်တိုက် တွံတေးကျောင်း“ သို့  တိတ်တခိုးလာရောက်ပို့ဆောင်ကြသည်။ ကျွန်းခေါင်းကြီးအတွင်းတွင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်သော အရိုးစုသက်သက်မျှသာ ကျန်တော့သည့် အရှင်ဦးဝိစာရ၏ အလောင်းတော်ကို တွေ့ရသည်။ နာရီပိုင်းအတွင်းမှာပင် အလောင်းတော်တွံတေးကျောင်သို့ရောက်ရှိသော သတင်းပျံ့နှံသွားသည်။ ကြည့်မြင်တိုင်၊ ဗားကရာ၊ အလုံနှင့် ကမာရွတ်တို့မှ ရဟန်းရှင်လူ ထောင်ပေါင်းများစွာ လာရောက်၍ အလောင်းတော်ကို လာရောက်ဖူးမြော်ကန်တော့ကြရာ၊ ရင်ထုမနာဖြစ်ကြရသည်။

၂၂ စက်တင်ဘာ ၁၉၂၉ တွင် ကြည့်မြင်တိုင်ကိုးထပ်ကြီးဘုရားတန်ဆောင်၌ “အလယ်တောရဆရာတော်“ နှင့် ရိုဏ်ပေါင်းစုံ ရဟန်းရှင်လူ ၈ဝဝ ခန့်တက်ရောက်သော အစည်းအဝေးကျင်းပသည်။ အစည်းအဝေးက အလယ်တောရဆရာတော်အမှူးပြုသော ၃၉ ဦးပါ ဈာပနကော်မတီကို ဖွဲ့စည်းသည်။
အောက်တိုတာ ၁၉၂၉ တနင်္ဂနွေနေ့ နိဗ္ဗာန်ကျောင်းချအခမ်းအနားကျင်းပသည်။ သခင်ကိုယ်တော်မှိုင်းက အရှင်ဦးဝိစာရအား ပူဇော်ကန်တော့သော ထောပနာသြဘာစာ ပေးပို့သည်။

၈ ဖေဖော်ဝါရီ ၁၉၃ဝ တွင် အရှင်ဦးဝိစာရ၏  သာဇူကီဠန ဘုန်းကြီးပျံပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။ ထိုနေ့မွန်းတည့် ၁၂ နာရီတွင် အလောင်းတော်ကို ပန်းရထားတွင် တင်ပြီးကြည့်မြင်တိုင်  ဥယျာဉ်တိုက်မှ စတင်ထွက်ခွာသည်။ ဗားကရာလမ်း၊ အောက်ကြည့်မြင်တိုင်လမ်း၊ ကော်မရှင်နာလမ်း (ဗိုလ်ချုပ်လမ်း)၊ ရွှေတိဂုံဘုရားလမ်း၊ ဗွိုင်းလမ်းတစ်လျှောက် ပင့်ဆောင်သည်။ ပန်းရထားရှေ့မှ သံဃာတော်အပါး ၁,ဝဝဝ တို့က ကြွချီတော်မူကြသည်။ ဝံသာနုအမျိုးသားများနှင့် ပင်နီအင်္ကျီယောထဘီဝတ်ဆင်ထားသော ကုမ္မာရီအသင်းသူများက ပန်းရထားကို ဆွဲကြသည်။ ပန်းရထားနောက်မှ သိန်းသောင်းချီသော လူထုကြီးက စီတန်းလမ်းလျှောက်ပို့ဆောင်ခဲ့ကြရာ၊ လူတန်းကြီးမှာ တစ်မိုင်ခန့် ရှည်လျားသည်။ ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီအနောက်မုခ်ဝအပြင်ဘက် သင်္ဂြိုဟ်မည့် “လောင်တိုက်“ ရှိရာသို့ ရောက်သည်။ ညနေ ၆ နာရီတွင် ဈာပနကို ပြာကျသည့်တိုင်အောင် ဆောင်ရွက်ပြီးစီးသည်။ ဈာပနကျင်းပပြီး မကြာမီ အရှင်ဦးဝိစာရ၏ ပုံတူကြေးရုပ် သွန်းလုပ်ရန် အသုံးမပြုဘဲထားသည့် ကြေးအိုးကြေးခွက်ကြေးဇွန်းအတိုအစများကို လိုက်လံအလှူခံသည်။ အလှူရှင်များက အကျိုးအပဲ့များအပြင် သုံးစွဲနေသော ကြေးဖြင့်ပြုလုပ်သည်၊ ကွမ်းအစ်၊ ကွမ်းညှပ်၊ ကြေးစည်၊ ကြေးပြားနှင့် ပိုက်ဆန်တို့ကိုပါ ဝိုင်းဝန်းလှူဒါန်းသဖြင့် လပိုင်းရက်ပိုင်းအတွင်းမှာပင် ကုန်ကြမ်းပစ္စည်းအလုံအလောက်ရရှိသည်။ ကြေးသွန်းလက်ခလိုသမျှငွေကြေးကို ဖျာပုံမြို့ အပြောင်လမ်း တိုက်နံပါတ် -၂၇ တွင် နေထိုင်သော ဦးလုံး ဒေါ်နှစ်တို့၏ တစ်ဦးတည်းသော သမီး “မရှိန်“ က လှူဒါန်းသည်။

အရှင်ဦးဝိစာရ၏ ပုံတူကြေးရုပ်ကို မန္တလေးကြေးသွန်းဆရာကြီး “ဆရာခင်“ က သွန်းလုပ်ရာ မတ် ၁၉၃ဝ တွင် ပြီးစီးသည်။ မန္တလေးမှ ရန်ကုန်သို့ ပင့်ဆောင်လာသော ရုပ်တုတော်ကြီးကို ရန်ကုန်တွင် အတည်တကျထားရမည့် နေရာမရှိသေးသဖြင့် ကြည့်မြင်တိုင် တွံတေးကျောင်းမြက်ခင်းပြင်၌ ခေတ္တထားခဲ့ရသည်။
ရှစ်လေးလုံး (၈၈၈၈) အရေးတော်ပုံကြီး မပေါ်ပေါက်မီနှစ် ၅ဝ က ၁၃ဝဝ ပြည့်အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။ (မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်သည် ခရစ်နှစ် ၁၉၃၈ – ခုဖြစ်သည်။) အရေးတော်ပုံကာလအတွင်း “ဦးခေမာ“ ဦးဆောင်သော “သာသနမာမကရဟန်းပျိုးအဖွဲ့“ က ရုပ်တုတော်ကို ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်သို့ အများပြည်သူ ပူဇော်နိုင်ရန် ပင့်ဆောင်ခဲ့ကြသည်။ သို့သော် အလိုတော်ရိ (သြဇာအာဏာရှိသူ အကြိုက်ကို လိုက်၍ ဆောင်ရွက်သူ) ဂေါပကလူကြီးအချို့က ကန့်ကွက်သဖြင့် စေတီတော် တောင်ဘက်မုခ်ရှိ စတုဒီသာဇရပ်ဝင်းအတွင်းရှိ ညောင်ပင်ကြီးအောက်သို့  ပြောင်းရွှေ့ခဲ့ရသည်။  ဤသို့ဖြင့် ရုပ်တုတော်ကြီးမှာ ချောင်ကြိုချောင်ကြားတွင် ညှိုးညှိုးငယ်ငယ် စံပယ်နေခဲ့ရသည်။

၁၉၄ဝ ပြည့်နှစ်တွင် ကျင်းပသော ရန်ကုန်မြူနီစီပယ်အဖွဲ့အစည်းအဝေးက ရွှေတိဂုံစေတီတော်၏ အနောက်တောင်ထောင့် ဦးဝိစာရလမ်းနှင့်  အလုံလမ်းဆုံအလယ်ဗဟိုနေရာတွင် ဦးဝိစာရအထိမ်းအမှတ်ကျောက်တိုင်နှင့် ကြေးရုပ်တည်ထားရန် ဆုံးဖြတ်အတည်ပြုသည်။ သို့သော် ဘဏ္ဍာရေးအခက်အခဲကြောင့် လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ချေ။

မကြာမီမှာပင် မျိုးချစ်စိတ်ဓာတ်ထက်သန်ပြင်းပြသော မြောင်းမြမြို့မှ မြေပိုင်ရှင် သူဌေး “ဦးဘလှ“ က ကျောက်တိုင်စိုက်ထူရန်အတွက် ဝမ်းမြောက်ဝမ်းသာ တာဝန်ယူသည်။ အင်ဂျင်နီယာ ဦးသာထွန်း ကိုယ်တိုင်ကြီးကြပ်ပုံစံထုတ်၍ ကျောက်တိုင်ကြီးကို  တည်ဆောက်သည်။ ကျောက်တိုင်ကြီးကို ဦးဝိစာရ၏ အလိုဆန္ဒနှင့်အညီ အမျိုးသားစည်းလုံးညီညွတ်ရေး သင်္ကေတပေါ်လွင်စေရန် စုစည်းချည်နှောင်ထားသော ထင်းစည်းပုံသဏ္ဍာန် တည်ဆောက်သည်။
၁၉၄၁  – ခုတွင် ကျောက်တိုင်တည်ဆောက်ပြီးစီးသောအခါ စတုဒီသာဇရပ်မှ ကြေးရုပ်တော်ကို ကျောက်တိုင်ထိပ်သို့ ပြောင်းရွှေ့သည်။ သို့သော် စစ်ရိပ်စစ်ငွေ့သန်းနေသော အချိန်ဖြစ်သဖြင့် ကျောက်တိုင်ဖွင့်ပွဲအခမ်းအနားကို မကျင်းပနိုင်ခဲ့ချေ။

၂ အောက်တိုဘာ ၁၉၄၃ ဖက်ဆက်ဂျပန်များ စိုးမိုးအုပ်ချုပ်နေသည့် အချိန်မှသာ ဦးဝိစာရကျောက်တိုင်နှင့် ကြေးရုပ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပနိုင်သည်။ ထိုအခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်းတက်ရောက်၍ အရှင်ဦးဝိစာရအား ဂုတ်ပြုသော မိန့်ခွန်းပြောကြားခဲ့သည်။

ဦးညို (ရန်ကုန်)။ ကိုလိုနီခေတ် အောက်မြန်မာနိုင်ငံမှ မြေရှင်ကြီး  ၃ ဦးအနက် ၂ ဦး၏ အကြောင်းကို တင်ပြပြီးနောက် တတိယနှင့်နောက်ဆုံးဖြစ်သော မြေရှင်ကြီး ဦးညို၏ အကြောင်းကို တင်ပြပါသည်။

ရန်ကုန်မြို့ ပုဇွန်တောင်ရပ်နေ ထင်ပေါ်ကျော်ကြားသော မြေပိုင်ရှင်ကြီး ဦးတုတ်ဖြိုးနှင့် ဇနီး ဒေါ်ဆုံတို့က တစ်ဦးတည်းသောသားဖြစ်သူ ဦးညိုကို ၁၈၇၈ – ခု တွင် ဖွားမြင်သည်။ ဦးညိုသည် အသက်ပြင်းသူတစ်ဦးဖြစ်သည်။ ပြေးတတ်လွှားတတ်သော အရွယ်တွင်  လသာဆောင်၌ ပြေးခုန်ကစားရင်း အရှိန်လွန်၍ တိုက်အောက်သို့ လိမ့်ကျသွားသည်။ သံချွန်ဝင်းထရံပေါ်သို့ ကျသဖြင့် ဗိုက်ပေါက်သွားသော်လည်း မသေခဲ့ချေ။ ဦးညိုသည် ရန်ကုန်မြို့ စိန့်ပေါအထက်တန်းကျောင်း (St.Paul’s High School) တွင် ပညာသင်ယူခဲ့သည်။ ထိုကျောင်းတွင် ပညာဆုံးခန်းတိုင် သင်ယူပြီးနောက် အာရကန်ကုမ္ပဏီ (Arrakan Co.) ၏  စပါးပွဲစားအဖြစ် စတင်လုပ်ကိုင်သည်။ ရိုးသားဖြောင့်မတ်ခြင်း သမာဓိရှိခြင်းနှင့် အနာဂတ်ကို ကြိုတင်တွက်ဆနိုင်ခြင်းတို့ကြောင့် တဖြည်းဖြည်း ချမ်းသာကြွယ်ဝလာသည်။

အတိဇာတ= မိဘထက်ဂုဏ်ကျေးဇူးလွန်မြတ်သောသား၊ အနုဇာတ= မိဘနှင့်ဂုဏ်ကျေးဇူး တူမျှသောသား၊ နှင့် အဝဇာတ= မိဘအောက်ဂုဏ်ကျေးဇူး နိမ့်ညံ့သောသားဟူ၍သာ ၃ မျိုးရှိသည်။ ဖခင်ဖြစ်သူ “ဦးတုတ်ဖြိုး“ သည် ဘုရားကျောင်းကန်၊ တန်ဆောင်းပြာသာဒ်နှင့် ဇရပ်များကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ သားဖြစ်သူ  “ဦးညို“ သည်လည်း ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့အတွက် အဆောက်အဦမျိုးစုံကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထို့ကြောင့် “ဦးညို“ကို အနုဇာတသားဟု သတ်မှတ်နိုင်သည်။

ဦးညို၏ အလှူများအနက် သမိုင်းတွင်သည်အလှူတစ်ခုမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)  အဆောက်အဦဆောက်လုပ်လှူဒါန်းခဲ့ခြင်းပင်ဖြစ်သည်။ ဦးညိုသည် ၁၉၂၆ – ခုတွင် တကသ အဆောက်အဦဆောက်လုပ်ရန်အတွက် ငွေသား ၁၇ဝ,ဝဝဝ ကျပ်ကို စေတနာထက်သန်စွာ လှူဒါန်းခဲ့သည် တကသ အဆောက်အဦ ၁၉၂၉ – ခုတွင် စတင်ဆောက်လုပ်ခဲ့ရာ ၁၉၃ဝ ပြည့်နှစ် နှစ်လယ်ပိုင်းတွင် ဆောက်လုပ်ပြီးစီးသည်။

တကသအဆောက်အဦဆောက်လုပ်ပြီးစီးသည်မှ ၃၂ နှစ်အကြာ တော်လှန်ရေးကောင်စီလက်ထက် ၈ ဇူလိုင် ၁၉၆၂ နံနက်ဝေလီဝေလင်းအချိန်တွင် တကသအဆောက်အဦကြီး မိုင်းခွဲဖြိုဖျက်ခံရသည်။ သို့သော်ယခုထက်တိုင် တကသအဆောက်အဦကို မိုင်းခွဲဖြိုဖျက်ရန် မိမိအမိန့်ပေးပါသည်ဟု ယောင်္ကျားပီပီ၊ သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ကြေညာရဲသူ မပေါ်ပေါက်သေးချေ။ သမိုင်းဖြစ်ရပ်မှန်ပေါ်ထွက်လာမည့်နေ့ရက်ကိုသာ စောင့်မျှော်ရန်ရှိပေတော့သည်။

Written by – အံ့ကျော်

Add comment

Advertisement

Advertisement