ကျိုက်ထီးရိုး ကေဘယ်ကား စီးနင်းသူများ၏ အသက်အာမခံ အတွက် IKBZ နှင့် ချိတ်ဆက်ထား

111

နိုဝင်ဘာ ၁၉၊ ၂၀၁၇။

မြန်မာနိုင်ငံ၏ ပထမ ဦးဆုံးသော ကေဘယ်ကား စီမံကိန်း ဖြစ်သည့် ကျိုက်ထီးရိုး ကေဘယ်ကား စီမံကိန်းတွင် စီးနင်းသူ များ၏ အသက်အာမခံ အတွက် IKBZ နှင့် ချိတ်ဆက် ဆောင်ရွက် ထားပြီး မြန်မာ နိုင်ငံသား တစ်ဦးလျှင် တစ်ဦးလျှင် ၃၀၀၀ ကျပ်နှင့် နိုင်ငံခြားသား တစ်ဦးလျှင် ၃ ဒေါ်လာ ကောက်ခံ သွားမည် ဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူ များက ပြောသည်။

Sky Asia ကုမ္ပဏီမှ Safety & Security Officer ကိုနောင်ရဲအောင်က “ကျွန်တော်တို့ သုံးတဲ့ ပစ္စည်း တွေက ပြင်သစ် နိုင်ငံ POMA ကုမ္ပဏီ ပစ္စည်း တွေကို မှာယူ အသုံးပြုတာ ဖြစ်လို့ စိတ်ချရပါတယ်၊ ကေဘယ် ရပ်တာပဲ ဖြစ်ဖြစ် မတော်တဆမှု တစ်ခုခုပဲ ဖြစ်ဖြစ် ခရီးသည်တွေ လုံခြုံရေးအတွက် သက်ကယ်အဖွဲ့တွေ အသင့် ပြင်ထားတယ်” ဟု ၎င်းက ဆိုသည်။

ကေဘယ်ကား စီမံကိန်း လည်ပတ် နိုင်ရေး အတွက် လျှပ်စစ် ပါဝါစက် (၄) လုံး ထားရှိ ထားကာ မတော်တဆ မီးပြတ်မှု ဖြစ်ပွား ခဲ့လျှင် ၅ မိနစ် အတွင်း ပြန်၍ လည်ပတ်နိုင်ကြောင်းနှင့် ကေဘယ်တွဲဆိုင်းပေါ်မှ ခရီးသည်များအား ၈ မိနစ်မှ ၁၅ မိနစ်အတွင်း အရေးပေါ် အကူအညီ ပေးနိုင်ရန် စီစဉ် ထားကြောင်း ကိုနောင်ရဲအောင်က ရှင်းပြသည်။


ဒီဇင်ဘာ နှောင်းပိုင်း ရက်များ အတွင်း ဖွင့်လှစ်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည့် ယင်းစီမံကိန်းအား နိုဝင်ဘာ (၁၈) ရက်နေ့တွင် ကုမ္ပဏီ တာဝန်ရှိသူများက မွန်ပြည်နယ် အခြေစိုက် သတင်းမီဒီယာ များအား ခေါ်ယူ၍ စမ်းသပ် စီးနင်း စေခြင်းနှင့် စီမံကိန်း ဆိုင်ရာ အချက်အလက် များအား ရှင်းလင်း ပြောကြား ခဲ့သည်။

ယင်း ကေဘယ်ကားသည် ရသေ့တောင် စခန်းမှ ကျိုက်ထီးရိုးစေတီရင်ပြင်တော် အနီးအထိ ချိတ်ဆက် တည်ဆောက် ထားသည့် စီမံကိန်း တစ်ခုဖြစ်ပြီး ယခုအခါ စမ်းသပ်လည် ပတ်မှု အောင်မြင် ထားပြီး ဖြစ်ကြောင်း ကေဘယ်ကား စီမံကိန်းအား ဆောက်လုပ်ခဲ့သည့် ရတနာရွှေစင် ဆောက်လုပ်ရေး ကုမ္ပဏီ မန်းနေးဂျင်း ဒါရိုက်တာ ဦးစောရွှေအောင်က ပြောသည်။

“ကုမ္ပဏီ အနေနဲ့ ဒီကေဘယ်ကားကို ၂၀၁၅ ခုနှစ်ကနေ စပြီးတည်ဆောက် လာတာ ဖြစ်တယ်၊ ဒီဇင်ဘာ ဒုတိယ အပတ် ဒါမှ မဟုတ် တတိယအပတ်မှာ စပြီး စီးနိုင်မှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

စီမံကိန်း အရှည်မှာ ၉၅၅ ဒဿမ ၃၈ မီတာရှည်ပြီး၊ တာဝါ ၁၁ တိုင်ဖြစ် တည်ဆောက် ထားကာ အတွဲပေါင်း (၄၃) တွဲဖြင့် ပြေးဆွဲမည် ဖြစ်ရာ တစ်တွဲကို အရန်အဖြစ် ထားရှိ သွားမည် ဖြစ်ကာ တစ်တွဲလျှင် လူ (၈) ဦးအထိ စီးနင်းနိုင်ပြီး အမြန်ဆုံး (၈) မိနစ်မှ အနှေးဆုံး ၁၅ မိနစ် အချိန်အတွင်း ရသေ့တောင် စခန်းမှ ကျိုက်ထီးရိုး တောင်ပေါ်သို့ ပို့ဆောင် ပေးနိုင်မည် ဖြစ်သည်။

တွဲဆိုင်း (၄၃) ဆိုင်းဖြင့် တစ်နေ့လျှင် ခရီးသည်ပေါင်း (၂၀၀၀၀) အား ပို့ဆောင် ပေးနိုင်ရန် ကုမ္ပဏီ ဘက်မှ လျာထားပြီး ကေဘယ် လုပ်ငန်းခွင် အတွက် လုံခြုံရေး ဝန်ထမ်း အပါအဝင် ဝန်ထမ်းပေါင်း ၁၂၀ ကို ခန့်အပ် ထားသည်။

ပတ်ဝန်းကျင် ထိခိုက်မှုများ ကာကွယ်ရန်အတွက် အမှိုက်ဖျက်ဆီး စက်ရုံကို တည်ဆောက် ထားသည့်အပြင် အိမ်သာမှ ထွက်ရှိမည့် ရေဆိုး ကိုလည်း PH 7 အထိ ပြန်လည် ထုတ်ယူသုံးစွဲနိုင်သော စနစ်ကို အသုံးပြု ထားကြောင်း ကုမ္ပဏီ တာဝန်ရှိသူ များက ရှင်းလင်း တင်ပြ ခဲ့သည်။

စီမံကိန်းကို ကိုရီးယားနိုင်ငံ Sky Asia ကုမ္ပဏီက ကျိုက်ထီးရိုး ဘေးမဲ့တော မြေဧက ၁၃ ဒသမ၅ ဧကတွင် အမေရိကန် ဒေါ်လာ သန်း ၂၀ ကျော် ရင်းနှီး မှုပ်နှံ ထားကာ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ နှစ် ၅၀ BOT စနစ်ဖြင့် ၂၀၁၅ ခုနှစ်မှ စ၍ လုပ်ငန်း လုပ်ကိုင်ခွင့် ပြုထားသည်။

Written by – ဇော်ထိုက်

LEAVE A REPLY

Please enter your comment!
Please enter your name here