ကျူရှင်ပြဿနာ ဝိုင်းဝန်း အဖြေရှာကြစို့ရဲ့

136

ဒီနေ့လို မြို့နယ်ရုံး အစည်းအဝေးရှိသောနေ့များတွင် ကျောင်းအုပ်ဆရာမကြီးက ကျောင်း၏လုပ်ငန်းတာဝန်များကို ကျွန်မအား လွှဲခဲ့လေ့ရှိပါသည်။ ဒီနေ့လည်း ခါတိုင်းကဲ့သို့ပင် စာသင်ခန်းဝင် သင်ကြားရုံသာမက ကျောင်းလုပ်ငန်းတာဝန်များကို ပူးတွဲ တာဝန်ထမ်းရင်း နေ့လယ် ထမင်းစားကျောင်းဆင်းချိန်သို့ပင် ရောက်လို့လာလေပြီ။

ကလေးများ၊ ဆရာဆရာမများ၊ ရုံးဝန်ထမ်းများရှင်းချိန်တွင် အမျိုးသမီးတစ်ယောက် ကလေးငယ်တစ်ယောက်ကို လက်ဆွဲလျက် ကျွန်မနားနေရာ ရုံးခန်းထဲ ဝင်လာပါသည်။ ထူးဆန်းလေစွ။ ထိုအမျိုးသမီးသည် ခေတ်မီထည်ဝါသည်။ လှပကျော့ရှင်းနေသည်။ သူ့သွင်ပြင်သဏ္ဍာန်ကို မြင်ရုံမျှဖြင့် သူမ ကျင်လည်ရှင်သန်ရာ အသိုင်းအဝိုင်းနှင့် လူနေမှုအဆင့်အတန်းကို ခန့်မှန်းသိသာစေနိုင်သည့် လင်းလင်းပပ ဟန်ပန်မူရာ။ ကျွန်မ ကြာကြာမငေးအား မတွေးအား။

“ဘာအကူအညီ ပေးရပါမလဲရှင်”
“ကျွန်မ ဆရာမဆီ လာတာပါ။ ကလေးကျူရှင် အပ်ချင်လို့ပါ”
” ရှင် ကျွန်မ အပြင်ကျူရှင်လုံးဝ မသင်ပါဘူးရှင်။ ဒါနဲ့ ဘယ်နှတန်းကို အပ်ချင်တာပါလဲ။”
“ဟုတ်ကဲ့၊ ဆရာမ ကျူရှင်မသင်မှန်း သိပါတယ်ရှင်။ ကျွန်မလည်း ဝန်ထမ်းတစ်ယောက်ပါ။ ကျွန်မ သမီးလေး Grade-1 ကျူရှင် အပ်ချင်လို့ပါ။”
သြော်…ကလေးက ပထမတန်းပေပဲ။
” အို အစ်မရယ် မှားနေပြီရှင့်။ကျွန်မ Grade-1 ဆရာမ မဟုတ်ပါဘူး။”

” ဆရာမ Grade-1 သင်တာမဟုတ်မှန်းလည်း သိပါတယ်ရှင်။ ဒါပေမဲ့ ဆရာမက ဘွဲ့တွေလည်း အများကြီးရထားတယ်။ ဂုဏ်ထူးတွေလည်း ရထားတယ်။ သင်တန်းမျိုးစုံလည်း တက်ထားပြီးသား။ ဟောပြောတာလည်း အရမ်းကောင်းတယ်လို့ သတင်းကြားသိနေရလို့ ကျွန်မ သမီးလေးကို ဆရာမနဲ့ သင်ချင်လို့ပါ။ နောက်ပြီး ကျွန်မ သမီးက ပထမတန်းသာ ရောက်နေတာ ။ စာလုံးပေါင်းလည်း မဖတ်တတ်။ အင်္ဂလိပ်စာလည်း မဆိုတတ်။ သင်္ချာ အပေါင်းတွေလည်း စိတ်ထဲမှတ် လက်ထောင်ပေါင်းတာတောင် မတတ်လို့ပါ။ ကျွန်မ သမီးကို သင်ပေးပါနော် ဆရာမ၊ ကူညီပါရှင်။”

” ဘယ်လိုမှ မဖြစ်နိုင်ပါဘူး အစ်မရယ်။ ကျွန်မ အတန်းတောင် ကျူရှင်မသင်တာ။ သူများအတန်း ကျူရှင် မသင်ချင်ပါဘူး။ နောက်ပြီး သူငယ်တန်းနဲ့ တစ်တန်းက သင်တန်းတက်ထားသူသာ သင်ခွင့် ရှိတာပါ။ အဲဒီဆရာဆရာမတွေအနေနဲ့ ကျူရှင်သင်ခွင့် မရှိသလို မိဘတွေကလည်း ကလေးတွေကို ကျူရှင်မထားရပါဘူး။ အစ်မပြောသလို ကျွန်မ တကယ်တော်နေတယ်ဆိုရင်တောင်မှ ကျွန်မ အခုပြောတဲ့ သင်တန်း တက်မထားပါဘူး။ ကျွန်မအနေနဲ့ ကျောင်းမှာလည်း သင်ခွင့်မရှိသလို ကျူရှင်မှာလည်း လုံးဝ သင်ခွင့် မရှိပါဘူး။ သင်ခွင့်ရှိတယ်ဆိုရင်တောင် ကျွန်မ ဘယ်အတန်းမှ ကျူရှင် သင်လိမ့်မယ် မဟုတ်ပါဘူးရှင်။အစ်မကို ကျွန်မ မေးပါရစေ။”

သူက ခေါင်းဆတ်ပြရင်း မေးခွင့်ပြုပါသည်။
“အစ်မ ခြေထောက်နဲ့ ကြီးနေချောင်နေတဲ့ ဖိနပ်ကို စီးဖူးပါသလား အစ်မ”
မျက်ခုံးကို မသိမသာ တွန့်ရင်း
“ဟုတ်ကဲ့ စီးဖူးပါတယ်”
“ဒါဆို အစ်မ ခြေထောက်နဲ့ ငယ်နေကြပ်နေတဲ့ ဖိနပ်ကိုရော စီးဖို့ အခိုက်ကြုံဖူးပါသလား”
“ဟုတ် ဆရာမ ကြုံဖူးပါတယ်”

“ဒါဆို အစ်မရယ်၊ ချောင်နေတဲ့ဖိနပ်ရယ် ငယ်လို့ကြပ်နေတဲ့ဖိနပ်ရယ် စီးရတဲ့အချိန်မှာ အဆင်ပြေမှုရှိပါသလား။ ဘယ်လိုခံစားရပါသလဲ”
“ဟုတ် ဆရာမ၊ ချောင်နေတဲ့ဖိနပ်ကိုစီးပြီး သွားတဲ့အခါ ခြေထောက်နဲ့ အံဝင်ခွင်ကျ မဖြစ်ဘဲ ခဏတိုင်း ချော်ထွက်နေပြီး ရှေ့ခြေလှမ်းနဲ့နောက်ခြေလှမ်း မလွတ်မကျွတ် ဖြစ်ရပါတယ်။ ကြပ်နေတဲ့ဖိနပ်ကို စီးပြန်တော့လည်း သည်းကြိုးကပေါက်၊ ရှေ့မရောက်နဲ့ ခရီးတစ်ခုကို ပင်ပန်းနာကျင်စွာ ဖြတ်သန်းရပါတယ်။ဘယ်ဟာမှတော့ သိပ်အဆင်မပြေပါဘူး ဆရာမ”

” မှန်လိုက်လေ အစ်မရယ်၊ အစ်မအဖြေ သိပ်ကိုကောင်းပါတယ်။ ဒါဆိုရင် ကျွန်မ နည်းနည်း ဖြည့်ပြောပါရစေ၊သည်းခံပြီး နားထောင်ပေးပါရှင်။ အခု အစ်မရဲ့ သမီးလေးက အစ်မခြေထောက်လေးဆိုပါတော့။ ကျွန်မက ကြီးနေချောင်နေတဲ့နံပါတ်ပါ။ အစ်မတို့ရွာထဲမှာ အလုပ်မရှိသေးလို့ ကျူရှင်သင်နေကြတဲ့ ဆယ်တန်းအောင်ဘွဲ့ရလေးတွေက ငယ်နေကြပ်နေတဲ့ နံပါတ်ကလေး၊ အခု အစ်မသမီးအတန်းမှာ သင်နေတဲ့ မူလတန်းပြဆရာမလေးကတော့ အစ်မခြေထောက်နဲ့ ကြီးလည်းမကြီး သေးလည်းမသေးတဲ့ အပြင် အစ်မစီးနေကျ နံပါတ်ကလေး ဖြစ်တယ်ဆိုပါတော့၊ အစ်မ ဘယ်နံပါတ်ကို ရွေးမလဲရှင်”
သူမ တော်တော်လေး တွေဝေနေတာကို တွေ့လိုက်ရတဲ့ကျွန်မ စည်းရုံးရေးတရားဟောဖို့ အချိန်ကိုက်ပါပဲလို့ တွေးရင်း
“ဒါနဲ့ အစ်မရယ် ကျွန်မတို့ကျောင်းမှာ နှစ်စကတည်းက KG နဲ့ Grade-1 ဆရာဆရာမများ ကျူရှင်မသင်ဖို့မိဘများ ကျူရှင်မထားဖို့တွေ့ဆုံပွဲလေးလုပ်ပြီး ပြောပြထားတယ်လေ၊အစ်မ အစည်းအဝေးများ မတက်လိုက်ရလို့ပါလားရှင်။”

” ကျွန်မက ရုံးဖွင့်လို့ ကျွန်မ အမျိုးသား တက်ပါတယ် ဆရာမ”
“ဒါဆို အစ်မ အမျိုးသားက ပြန်ပြောမပြဘူးလားရှင်”
“သူ မှတ်မိသလောက်တော့ ပြန်ပြောပြပါတယ်။ ဒါပေမဲ့ ဆရာမရယ်၊ ကျွန်မ သမီးက ပထမတန်းသာ ဆိုတယ်၊ စောစောက ပြောခဲ့သလိုပါပဲ။ အင်္ဂလိပ်စာဆို ဘာမှ စာလုံးပေါင်း မဖတ်တတ်ဘူး။ သင်္ချာတွေလည်း ဂဏန်းများရင် လက်ထောင်မပေါင်းတတ်ဘူး။ ဒါကြောင့် ကျွန်မ ကျူရှင်ထားချင်တာပါ”
” အစ်မရဲ့ကလေး အင်္ဂလိပ်စာ မဖတ်တတ်တာ သင်္ချာမတွက်တာ သေချာပါရဲ့လားရှင်”
” ဟုတ် အဲဒါတော့ သေချာတယ် ဆရာမ။ ကျွန်မ သူ့ကို ညတိုင်း စောင့်ကြည့်နေတာပါ”
” ဒါဆို ကျွန်မ နည်းနည်း မေးကြည့်ပါရစေ၊ သမီးလေးရေ ဆရာမ ကို သိလား”
ကလေးက လက်ကလေးကို ပိုက်လိုက်ပြီးမှ ” ဟုတ်ကဲ့ သိပါတယ်ရှင့်”
” ကဲ ဒါဆို ဆရာမ သမီးကို နည်းနည်းမေးကြည့်မယ်နော်။ သမီးသိရင် ချက်ချင်းဖြေပေးပါ။ သမီးမေမေက သမီးကို စာမတတ်ဘူး ထင်နေတယ်”
“ဟုတ်ကဲ့ဆရာမကြီး”
” သမီးရေ ၃ နဲ့၄ ပေါင်းရင် ဘယ်လောက်ရလဲ ဆရာမကို ပြောပြပါဦး”
ကလေးက အမေကို ကြည့်သည်။ အမေက ကျွန်မကို ကြည့်သည်။ ထိုအကြည့်နှစ်ခုမတူညီပေမယ့် ကျွန်မ နားလည်လိုက်သည်ဟု ထင်ပါသည်။ ကျွန်မ ဘာမှ ထပ်မပြောခင်လေးမှာပဲ
“၇ ပါဆရာမကြီး”အို…ဝမ်းသာလိုက်တာ သမီးလေးရယ်။ ဆရာမ သက်သေ ပြနိုင်တော့မယ်”
“ဒါဆိုရင် သမီးရယ်၊ ၅နဲ့ ၇နဲ့ပေါင်းရင်ရော ဘယ်လောက်ရမလဲ”
” ၁၂ ပါ ဆရာမကြီး”
” ၆နဲ့၈ရော ပေါင်းတတ်သေးလားကွယ်”
“၁၄ ပါရှင့်”
မိခင် ပါးစပ်အဟောင်းသားဖြစ်နေလေပြီ။ ကျွန်မ ပီတိဖြစ်နေသည်။ ကျိတ်၍ ကျေနပ်နေပါသည်။
” အို သမီးလေးက တော်လိုက်တာကွယ်။ သမီးကို ဆရာမ အင်္ဂလိပ်စာ နည်းနည်း မေးမယ်နော်။ သမီးသိရင် ဆရာမကို ဖြေပေးပါ။ သမီးမေမေက သမီးကို အင်္ဂလိပ်စာ မရဘူးထင်နေတယ်။ အိုကေပါတယ်နော်။”
” ဟုတ်ကဲ့ ဆရာမကြီး”
” What’s your name? ”
” My name’s Myat Manaw Phyu.”
” အို တော်လိုက်တဲ့ သမီးလေးရယ်။ ကဲ What’s this?”
“It’s a book.”
” What’s this.”
“It’s a fan.”
“What colour is this?”
” It’s pink.”
ပစ္စည်းလေးတွေ ကျွန်မ ကိုင်ပြီးမေးသမျှ တုန့်နှေးခြင်းမရှိဘဲ လိုက်ဖြေနေတဲ့သမီးလေးကို သူမမေမေ အံ့သြတကြီး ငေးနေတာကို တွေ့ရပါတယ်။ ဒါဟာ ကျွန်မအတွက်တော့အခွင့်ကောင်းပါပဲ။

” ကဲ အစ်မရေ၊ ကျွန်မကို စကားလေး နည်းနည်း ခပ်ရှည်ရှည် ပြောခွင့်ပြုပါရှင်။ တကယ်တော့ ကျူရှင်ပြဿနာဟာ KG+12 ဆိုတဲ့ စနစ်သစ်ပညာရေးမှာ အလွန်ကြီးမားတဲ့အနှောင့်အယှက်တစ်ခုဖြစ်ပါတယ်။ဒီကျူရှင်ပြဿနာကို မဖြေရှင်းနိုင်သေးသရွေ့ စနစ်သစ်ပညာရေးဟာ ရာနှုန်းပြည့် အောင်မြင်မှုရဖို့နဲ့ ဝေးနေဦးမှာပါပဲ။ KG နဲ့ Grade-1 ဟာ ကျူရှင်တက်စရာမလိုပါဘူး။ စာကျက်ဖို့လည်း မလိုသလို စာမေးပွဲလည်း မရှိပါဘူး။ အစ်မတို့လို မိဘတွေက လောဘကြီးတယ်။ ကလေးတွေ စာရေး စာဖတ် စာကျက်နေတာ မမြင်ရမကြားရတော့ အတန်းပိုင်ဆီမှာကျူရှင် အပ်ကြတယ်။ အတန်းပိုင်က လက်မခံတော့ အရပ်ထဲက ဆယ်တန်းအောင်ဘွဲ့ရ အလုပ်မရှိသေးသူတွေဆီမှာ ကျူရှင်ထားကြတယ်။ အဲဒီမှာ စ မှားတော့တာပါပဲ။အခု အစ်မသမီးတက်နေရတဲ့လ၊ ပထမတန်း သင်ရိုးမှာ ဆယ်ဘာသာ ရှိပါတယ်။ ကလေးတွေဟာ ဆယ်ဘာသာလုံး ထိရောက်စွာ ထိတွေ့သင်ကြားနေကြရပါတယ်။ ပထမတန်းသင်ရိုးကို သင်တန်းတက်ထားတဲ့ ဆရာဆရာမကသာ စနစ်သစ်အတိုင်း ကောင်းကောင်းသင် ကောင်းကောင်းသွားတတ်ပါမယ်။ မိဘတွေက လောဘတကြီးနဲ့ အပြင်မှာ ကျူရှင်ထားမယ်။ အပြင်ဆရာမက စနစ်ဟောင်းအတိုင်း (Aa=အေအကြီး။အေအသေး။ apple= အေပီပီအယ်လ်အီး အက်ပဲ ပန်းသီး)(ပစောက်ရေး နာ့သတ်ပန်၊ ဝစ္စနှစ်လုံးပေါက် ပန်း။ သ ရေ လုံးကြီးတင် ဆံခတ်သီ၊ ဝစ္စနှစ်လုံးပေါက် သီး၊ ပန်းသီး ) အဲဒီလို သင်ပေးမယ်။ ကလေးက စာလုံးပေါင်းတွေရော အသံထွက်တွေရော အဓိပ္ပာယ်တွေရော ရောထွေးကုန်မယ်။စနစ်သစ်ကပေးချင်တဲ့ message ဆီ မရောက်ဘူး။ ကျွန်မတို့ကျောင်းတွေမှာက အဲဒီလို မသင်တော့ဘူး။ အင်္ဂလိပ်စာ သင်မယ်ဆိုပါတော့၊ စနစ်သစ်က တကယ်သွားချင်တဲ့foreign language ဆီကို ဦးတည်ပြီး သွားပါတယ်။ စာလုံးပေါင်းတတ်ဖို့ထက် ဘာသာစကားဘက်ကို အရင် ဦးတည်ထားတာပါ။ ဒါကြောင့် ပစ္စည်းစစ်လေးတွေနဲ့ လေ့ကျင့်သင်ကြားပေးနေကြတာ အစ်မမြင်စေချင်ပါတယ်ရှင်။ သင်္ချာဆိုရင်လည်းအပေါင်းအနုတ်မသိခင်မှာပဲ ၅ဖြစ်အောင်လုပ်မယ်၊ ၉ ဖြစ်အောင်လုပ်မယ်နဲ့ ပျော်ရွှင်စွာ လေ့ကျင့်သင်ကြားခွင့်ရကြသူတွေပါ။ ပန်းချီ ကာယ စာရိတ္တ ဘဝ မငြီးငွေ့ရအောင်သင်ယူခွင့်ရသူလေးတွေပါရှင်။KG နဲ့ Grade- 1 ကလေးတွေကို ကစားရင်း သင်ယူခွင့် ပေးသင့်ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ တီထွင်ဖန်တီးမှု၊ အချင်းချင်းပူးပေါင်းပါဝင်မှု၊ ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲ တင်ပြဆွေးနွေးရဲသူတွေ ဖြစ်အောင် သင်တန်းတက်ထားတဲ့ ဆရာဆရာမတွေက လေ့ကျင့်ပျိုးထောင်ပေးနေတာပါ။ ကလေးတွေရဲ့ အတွေးစိတ်ကူးကိုကျူရှင်တွေနဲ့ အရောင် မဆိုးမိစေချင်ပါဘူး။ တကယ်တော့ ကျူရှင်ပြဿနာဟာ အစ်မတို့လို မိဘတွေဆီမှာ ရှိနေတာပါ။ ကျောင်းက ဆရာဆရာမတွေဆီမှာရှိမနေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရကျောင်းက ဆရာဆရာမ အများစုဟာKG,Grade -1 ကို ကျူရှင် မသင်ကြတော့ပါဘူး။ ကျောင်းတော်တော်များများကလည်း KG,Grade-1 မိဘတွေအနေနဲ့ ကျူရှင်မထားဖို့ ခေါ်ယူဆွေးနွေးထားပြီး ဖြစ်ပါတယ်။ ကဲ အစ်မရေ၊ ကျွန်မပြောတာလည်း များနေပြီ။ နေ့လယ်ပိုင်းလည်း ကျောင်းတက်တော့မယ်။ အဲဒီတော့ ကျွန်မ နောက်ဆုံး ပြောချင်တာလေးကို ပြောလိုက်ပါရစေ။အစ်မအနေနဲ့ သေချာစဉ်းစားပေးပါနော်။ ဒီလိုပါ အစ်မရေ အစ်မရဲ့ကလေးကို နံပါတ်ကြီးနေတဲ့ဖိနပ်ကိုလည်း မဆင်မိပါစေနဲ့။ နံပါတ်ငယ်နေတဲ့ ဖိနပ်ကိုလည်း ဝယ်မပေးမိပါစေနဲ့။ သူတို့လေးတွေဆီမှာ သူတို့လေးတွေနဲ့ အံဝင်ခွင်ကျ၊သိပ်ကိုလှတဲ့ နံပါတ်ကိုက်ညီတဲ့ဖိနပ်ကလေးတွေ ရှိနေပြီးသားပါ။ စနစ်တကျ သင်တန်းပေးထားတဲ့ ဆရာဆရာမတွေကသာ စနစ်သစ်အတွက် သူတို့လေးတွေအတွက် အကောင်းဆုံးသော ပဲ့ကိုင်ရှင်တွေဖြစ်ပါတယ်။ လောဘမကြီးပါနဲ့အစ်မ။ တစ်နှစ်စာ သင်ရိုးဟာ အံကိုက်ဆွဲထားပြီးသားပါ။ အစ်မကလေးကို ကျွန်မက လက်မခံလို့ အခြား အပြင်က ကျူရှင်မှာလည်း သွားမထားလိုက်ပါနဲ့။ စနစ်သစ် ပညာရေးမှာ ကျူရှင်ပြဿနာကို အစ်မတို့ ကျွန်မတို့ ပူးပေါင်း တိုက်ထုတ်ကြရအောင်ပါ။ အဲဒီအတွက် ဝိုင်းဝန်းအဖြေရှာကြရအောင်လားရှင်။ ကျွန်မရဲ့စကားတွေကို အခုလို သည်းခံနားထောင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်”

” ဟုတ်ကဲ့ပါ ဆရာမ၊ အခုလို စိတ်ရှည်လက်ရှည်ရှင်းပြပေးတာကိုလည်း ကျွန်မက ကျေးဇူးတင်ပါတယ်။ ကျွန်မကလေးကိုလည်း ဘယ်မှ ကျူရှင်မထားတော့ပါဘူး။ ကျွန်မကို ခွင့်ပြုပါဦးရှင်”
” ဟုတ်ကဲ့ အစ်မ။ နောက်လည်း လာလည် လာမေးနိုင်ပါတယ်ရှင်”

ရင်သွေးငယ်ရဲ့ လက်ကို ဆွဲပြီး ထ ပြန်သွားတဲ့ သူမ၏ကျောပြင်ကို ကြည့်ရင်း ကျွန်မ ပင့်သက်မော တစ်ချက်ကိုရှိုက်ထုတ်လိုက်မိပါသည်။ ဒီလို ခေတ်ပညာတတ် ကျောင်းသားမိဘတွေကိုပင်လျှင် ယခုလောက် ရှင်းပြ ပြောပြနေရလျှင် လက်လှုပ်မှ ပါးစပ်လှုပ်ရမည်ဟုသာ တွက်ချက်နိုင်သေးသည့် မိဘတွေနှင့် ငွေနောက်လိုက်ပြီး သားသမီးကို ကျူရှင်၊ ဘော်ဒါမှာသာ လက်လွတ်စပယ် ထားတတ်သည့် မိဘတွေကို စနစ်သစ် ပညာရေးအကြောင်း၊ စနစ်သစ်ပညာရေးမှာ ကျူရှင်ဟာ တကယ်ကို ပြဿနာ ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်း နားလည်လာဖို့ ဘယ်လိုများ စည်းရုံးရပါမည်နည်းဟု ဦးနှောက်ကို အလုပ်ပေးနေစဉ်မှာပဲ ကျောင်းတက်ခေါင်းလောင်းထိုးလေပြီ။
အတန်းဝင်ရလိမ့်ဦးမည်။

ညမှ…ညကျမှ ဆက်စဉ်းစားရတော့မှာပေါ့လေ…။

Written by – ငြိမ်းသဇင် (ပညာရေး)

LEAVE A REPLY

Please enter your comment!
Please enter your name here