ကျောက်မီးသွေး ကန့်ကွက် ဆုတောင်းပွဲမှ ထိန်းသိမ်း ထားသော လိုင်စင်မဲ့ယာဉ် ၁၂ စီး ကို ပြည်နယ် အစိုးရက ပြန်ပေး

143

ဘားအံ ၊ နိုဝင်ဘာ ၃၀

ကရင်ပြည်နယ်၊ ဝတ်ကြီး ဒေသရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓာတ်အားပေးရုံ စက်ရုံ စီမံကိန်း ကန့်ကွက် ဆုတောင်းပွဲ ပြုလုပ်ပြီး ပြန်လာသည့် ဆန္ဒပြသူ များ၏ လိုင်စင်မဲ့ယာဉ် ၁၂ စီးကို ခရိုင် ရဲတပ်ဖွဲ့က ထိန်းသိမ်း ထားပြီး နောက် နိုဝင်ဘာ ၂၃ ရက်နေ့တွင် ပြန်လည် ပေးအပ် ခဲ့ကြောင်း ကရင်ပြည်နယ် အစိုးရ အဖွဲ့ ပြောရေး ဆိုခွင့် ရှိသူထံမှ သိရသည်။

“ကြားတောရ ဘုန်းကြီး ကျောင်းမှာ ကျောက်မီးသွေး စက်ရုံ စီမံကိန်း ကိစ္စ လူထု၊ အရပ်ဖက် အဖွဲ့၊ ပညာရှင်၊ အစိုးရ၊ ကုမ္ပဏီတို့ တွေ့ဆုံ ရှင်းလင်းပွဲ ပြုလုပ်ပြီး ထိန်းသိမ်းထားတဲ့ ကားတွေ ပြန်လည် ပေးအပ်ဖို့ စီစဉ် ခဲ့တာပါ။ ခရိုင် ရဲတပ်ဖွဲ့ ကနေ ဒေသခံ ကားပိုင်ရှင် တွေကို နိုဝင်ဘာ ၂၃ရက်က ပြန်လည် လွှဲအပ် ပေးလိုက်တယ် “ဟု ပြည်နယ် အစိုးရ အဖွဲ့မှ ပြောရေး ဆိုခွင့် ရှိသူ ဦးတေဇထွဋ်လှိုင်ထွေးက ဆိုပါသည်။

ခရိုင် ရဲတပ်ဖွဲ့မှ ဖမ်းဆီး ထိန်းသိမ်း ထားပြီး (၁၅) ရက်အကြာတွင် ယခုကဲ့သို့ ပြန်လည် ပေးအပ် ခဲ့ခြင်း ဖြစ်သည်။

ကျောက်မီးသွေး ကန့်ကွက် ဆုတောင်းပွဲ တက်ရောက် ခဲ့ကြသည့် ဒေသခံ ဆရာတော်များ၏ လိုင်စင်မဲ့ယာဉ် (၅) စီး ကိုမူ အစောပိုင်း ကတည်း၌ပင် ပြန်လည် ပေးအပ် ခဲ့ပြီး ကျန်ရှိနေသည့် ဒေသခံ များ၏ ယာဉ် (၇) စီးကို ပြန်လည် ပေးအပ် ခဲ့ခြင်း ဖြစ်သည်။

ဒေသခံနှင့် ရဟန်းရှင် လူ ၃၀၀ ကျော် ဘားအံမြို့နယ်၊ သုံးအိမ်ကျေးရွာတွင် နိုဝင်ဘာ ၇ ရက်က ကျောက်မီးသွေး အလို မရှိကြောင်း ဆန္ဒ ထုတ်ဖော်ခြင်း၊ ဝတ်ပြု ဆုတောင်းခြင်း၊ ကျောက်မီးသွေးဆိုးကျိုးများ ဟောပြော ပွဲမှ ပြန်လာ ကြသည့် အဆိုပါ လိုင်စင်မဲ့ ယာဉ်များကို ဘားအံခရိုင် ရဲတပ်ဖွဲ့မှူး ဇော်ဝင်း ဦးစီးသော ရဲအင်အား ၃၀ ကျော်က ယင်းသို့ တားဆီး စစ်ဆေး ထိန်းသိမ်း ခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကာလ၊ နိုဝင်ဘာ ၇ ရက်နေ့က စတင်၍ ပွဲတော်ဝင်း လုံခြုံရေး အစီအမံ တင်းတင်း ကျပ်ကျပ် ဆောင်ရွက်ရန် ဘားအံမြို့နယ်အတွင်း ဒေသန္တရအမိန့် ထုတ်ပြန်ထားသည့် အချိန် လူစုလူဝေး မပြုလုပ်ရန် အသိပေး တားမြစ် ထားည့် ကာလ၌ ဆုတောင်း ပွဲကို ပြုလုပ် ခဲ့သဖြင့် အခြေအနေအရ ထိုကဲ့သို့ ထိန်းသိမ်း ခဲ့ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ပြောစကားအရ သိရသည်။

ကျောက်မီးသွေး လျှပ်စစ် ဓါတ်အားပေး စက်ရုံ ကိစ္စ ကန့်ကွက်နေသော ဒေသခံ များအား လိုင်စင်မဲ့ယာဉ် အကြောင်း ပြ၍ ဆန္ဒပြ ဆုတောင်းပွဲမှ ပြန်လာသည့် ယဉ်များကိုသာ တားဆီး စစ်ဆေးသည့် သဘော သက်ရောက် နေသဖြင့် အစိုးရ အနေဖြင့် လူထုအသံ များကိုလည်း အလေးထား စေလို ကြောင်းလည်း ထုံးတောင်ကျေးရွာနှင့် သုံးအိမ်ကျေးရွာမှ ဒေသခံများက တုံ့ပြန် ပြောဆို ကြသည်။

Written by – ရာဟု (ဖားအံ)

LEAVE A REPLY

Please enter your comment!
Please enter your name here