ခရီးသည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

85

မော်လမြိုင်၊ ဒီဇင်ဘာ ၃၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှအဝေးပြေးလမ်းရှိ ကွမ်းသီးခြံအနီးတွင် ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၁ နာရီခန့်က ခရီးသည် ၁၁ ဦးတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ကော့ကရိတ်မြို့မရဲစခန်းမှ သိရသည်။

မြဝတီမှ ကော့ကရိတ်သို့ ရန်ကုန်မြို့နေ ယာဉ်မောင်း ကိုဇော်ဇော်အောင် မောင်းနှင်လာသည့် HONDIE အမျိုးအစားမော်တော်ယာဉ်သည် အာရှအဝေးပြေးလမ်းမကြီး၏ ကီလိုမီတာ ၁၅၇ နှင့် ၁၅၈ အကြား အရောက်တွင် ဝါယာရှော့ဖြစ်ကာ မီးလောင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ခရီးတွေ တင်လာတဲ့ယာဉ်တစ်စီး မီးလောင်နေတယ်လို့ သတင်းရလို့ ချက်ချင်းသွားရောက်စစ်ဆေးခဲ့တော့ ကားဝါယာရှော့ဖြစ်ပြီး မီးလောင်ခဲ့တာ။ ယာဉ်မောင်းကို ဖမ်းဆီးအမှုဖွင့်အရေးယူထားတယ်”ဟု ကော့ကရိတ်မြို့မရဲစခန်းမှ ဒုရဲမှူး ထူးအောင်ရွှေက ဆိုသည်။

အဆိုပါ မော်တော်ယာဉ်တွင် အမျိုးသား ငါး ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၁၁ ဦး တင်ဆောင် မောင်းနှင်းခဲ့သော်လည်း မီးလောင်မှုတွင် မည်သူမျှ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း ၎င်းက ပြောဆိုသည်။

မော်တော်ယာဉ် မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ အပါအဝင် ရဲတပ်ဖွဲ့နှင့် ဒေသခံများ၏ ဝိုင်းဝန် ငြိမ်းသတ်မှုကြောင့် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ပျက်ဆီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် သိန်း ၁၅၀ ခန့်ရှိကြောင်း ကော့ကရိတ်မြို့မရဲစခန်း မှတ်တမ်းတွင် ဖော်ပြထားသည်။

မော်တော်ယာဉ်အား မီးလောင်ကျွမ်းအောင် မောင်းနှင်းခဲ့သည့် ယာဉ်မောင်း ကိုဇော်ဇော်အောင်ကို ကော့ကရိတ်မြို့မရဲစခန်းတွင် (ပ) ၁၀၄၆/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း ယင်းစခန်းမှ သိရသည်။

ခေတ်မင်း

LEAVE A REPLY

Please enter your comment!
Please enter your name here