စောဘဦးကြီးရုပ်တု စိုက်ထူခွင့်အတွက် ဆက်လက် အရေးဆိုသွားမည်

44

ဘားအံ ၊ ဖေဖော်ဝါရီ

ယခုလ ၁၁ ရက်မှာ ကျရောက်မည့် နှစ် ၇၀ ပြည့် ကရင်အမျိုးသားနေ့တွင် KNU ဝင်းရေးမြို့နယ်ရုံး၌ ဂုဏ်ပြုစိုက်ထူမည့် ကရင်တိုင်းရင်း
သားခေါင်းဆောင် စောဘဦးကြီးရုပ်တုကို ထားရှိရန် ပြင်ဆင်နေစဉ် ဖေဖော်ဝါရီ ၃ ရက်ကတပ်ဘက်မှ လာရောက်တားမြစ်သောကြောင့် KNU တပ်မဟာ ၆ ၊ ဝင်းရေးမြို့နယ်၊ မက္ကသာကျေးရွာတွင် ယာယီရောက်ရှိနေကြောင်း၊ ရုပ်တု စိုက်ထူခွင့်ရရှိရေးအတွက် JMC (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ)ပြည်ထောင်စုအဆင့်အထိ ဆက်လက်အရေးဆိုတင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

“ပြည်နယ်အစိုးရရုံးက တာဝန်ရှိသူတွေ၊ဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ်ဆီကို ခွင့်ပြုပေးရန် တင်ပြတောင်းဆိုထားတယ်။ KNU လူကြီးပိုင်းကတော့ JMC-S ပြည်နယ်အဆင့် နဲ့ JMC-Uပြည်ထောင်စုအဆင့်အထိ တင်ပြဆွေးနွေးမယ်လို့တော့ ပြောထားတာရှိတယ်။ နောက်ပြီး KNU လက်နက်ကိုင်ခေါင်းဆောင်တွေလည်း အခု လေးဝါးစခန်း အစည်းအဝေးမှာ တွေ့ဆုံဆွေးနွေးကြမယ်လို့တော့သိရတယ်”ဟု ဘုရားသုံးဆူမြို့နယ်မှ ရုပ်တုဖြစ်မြောက်ရေး ကော်မတီဝင် စောသန်းနိုင်ကပြောသည်။

အဆိုပါရုပ်တုကို မြန်မာ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့်အဖွဲ့က ရန်ကုန်မြို့မှ ယခုလ ၂ ရက်နေ့ ညပိုင်းက စတင် သယ်ဆောင်လာပြီး ရုပ်တုစိုက်ထူမည့် KNU ဝင်း ရေးမြို့နယ်ရုံးသို့ ဖေဖော်ဝါရီ ၃ ရက်နေ့လယ်ပိုင်းတွင် ရောက်ရှိခဲ့သည်။

စိုက်ထူရန် ပြင်ဆင်နေစဉ် ခလရ(၉၇)တပ်ရင်းမှ အရာရှိများနှင့်အဖွဲ့က KNU တပ်မဟာ၆၊ ခရိုင်ဥက္ကဋ္ဌ စောရွှေမောင်း၊ KNU ဆက်ဆံရေးရုံးတာဝန်ခံများ၊ရုပ်တုဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် လာရောက်တွေ့ဆုံကာ ညွှန်ကြားချက်အရဟု ပြောဆို တားမြစ်ခဲ့ကြကြောင်း၊ သို့ဖြစ်၍ မက္ကသာကျေးရွာ KNU စခန်းဝင်းသို့ သယ်ဆောင်ကာ သက်ဆိုင်ရာမှ စိုက်ထူခွင့်ပြုသည်အထိ ခေတ္တထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။

“အစိုးရမှာ ရုပ်တုတွေနဲ့ပတ်သက်လို့ ဥပဒေရှိတယ်ဆိုတော့လည်း သူ့ဥပဒေအတိုင်းပေါ့။ ခွင့်ပြုချက်ရဖို့ ခေါင်းဆောင်တွေ ဆွေးနွေးတောင်းဆိုတာ စောင့်ကြရုံပေါ့။ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ စေတီတွေ၊ရုပ်ပွားတော်တွေတောင် တည်ဆောက်ခွင့်ရကြတာပဲ။ ဒီရုပ်တုအတွက် ကန့်ကွက်တာတွေ ရှိနေတယ်ဆိုတာကိုတော့ ငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့ကာလမှာမဖြစ်သင့်ဘူးလို့ပြောချင်ပါတယ်”ဟု ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ ပြည်နယ်ဥက္ကဋ္ဌ စောအေးမြကဆိုသည်။

အစိုးရနှင့် KNU တို့ ငြိမ်းချမ်းရေးတည်ဆောက်နေသည့်ကာလအတွင်း၌ တိုင်းရင်းသားဒေသများတွင် ဒေသအလိုက် မိမိတို့ခေါင်းဆောင်အပေါ် ရုပ်တုစိုက်ထူ၍ ဂုဏ်ပြုခြင်းကို ခွင့်ပြုပေးသင့်ကြောင်း ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။

ဝင်းရေးမြို့နယ်ဒေသခံများ ရုပ်တုစိုက်ထူခြင်းကိုလာရောက်တားမြစ်သည့်အပေါ် ဒေသအတွင်းနှင့် လူမှုကွန်ရက်facebook စာမျက်နှာများထက်တွင် ဝေဖန်မှုများ မြင့်တက်လျက် ရှိသည်။

၂၀၁၇ ဒီဇင်ဘာလအတွင်းက ဘုရားသုံးဆူမြို့၊ ကရင်နှစ်သစ်ကူးနေ့တွင် ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီး စောဘဦးကြီး ရုပ်တုကို စိုက်ထူရန် တပ်ဘက်မှ ကန့်ကွက်ခဲ့သည့်အတွက် ယခုဖေဖော်ဝါရီ ၁၁ ရက်၊ ကရင်အမျိုးသားနေ့တွင် ရုပ်တုကို KNUဝင်းရေးမြို့နယ်ရုံး၌ အလေးအမြတ်ပြု ထားရှိရန် KNUဘက်မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ရာဟု(ဖားအံ)

LEAVE A REPLY

Please enter your comment!
Please enter your name here