Hintharmedia

“ဇာတိမြေကပေးတဲ့အခွင့်အရေးကို လက်ခံချင်တဲ့ ဝတ်မှုံရွှေရည်”

ဂျပန်မှာမွေး၊ ဂျပန်မှာပင်ကြီးပြင်းလာသည့်မိန်းကလေးတစ်ယောက်ဇာတ်ရုပ်ဖြင့်” My Country My Home ,ဇာတိမြေ” ရုပ်ရှင်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ရမည့် ဝတ်မှုံရွှေရည်က ဂျပန်စကားပါပြောရမည် ဖြစ်သည့်အတွက် UFLမှ ဆရာတစ်ယောက်နှင့်သင်ကြားနေပြီး ဂျပန်မသွားခင် လကုန်ပိုင်းအထိ သင်ယူနေမည်ဟုသိရသည်။

“ဘယ်လိုပဲဖြစ်ဖြစ် စိတ်လှုပ်ရှားပါတယ်ရှင့်။ ဒီလိုထူးထူးခြားခြား နှစ်နိုင်ငံချစ်ကြည်ရေးဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့အတွက်ပေါ့။ ပြီးတော့ ဒီကားမှာမကြည်ဖြူ ပြောထားတဲ့အတိုင်းဆိုရင် ရှစ်လေးလုံးသမိုင်းကြောင်းတွေပါ ပါမှာဖြစ်တဲ့အတွက် ထူးခြားမှုတော့ရှိမယ်ထင်ပါတယ်ရှင့်” ဟုဝတ်မှုံရွှေရည်ကပြောသည်။

 

ဝတ်မှုံရွှေရည်က မနှစ်က ရုံတင်ပြသခဲ့သည့် ယိုးဒယားမြန်မာချစ်ကြည်ရေး “Bankok to Mandalay” ရုပ်ရှင်ကားကြီးတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်သည်။ နှစ်နိုင်ငံချစ်ကြည်ရေးကားအတွေ့အကြုံ နှင့်ပတ်သက်ပြီး “ကစ်အတွက်တာဝန်တော့ကြီးပါတယ်။ ဘယ်အလုပ်မဆိုတော့ တာဝန်ကြီးတယ်။ ဒါကကျတော့ ကစ်အတွက် အတွေ့အကြုံ သစ်လည်းရတယ်။ ပြီးတော့ကိုယ့်နိုင်ငံအတွက်မှတ်တိုင်တစ်ခုပေါ့နော်။ အများကြီး ကစ်ကြိုးစားသွားမှာပါ။ ဒီဇာတ်ကားကို ကစ်လက်ခံဖြစ်တာက ထူးခြားချက်လေးတွေရှိတဲ့ကားဖြစ်လို့ပါ။ ဒီဇာတ်ကားထဲမှာလည်း သူ့ရဲ့မြှုပ်ကွက်လေးတွေရှိတယ်ပေါ့နော်။ ထူးခြားချက်လေးတွေရှိတယ်လို့လည်း ခံစားရပါတယ်။ နောက်တစ်ခုကဒီလို ဂျပန်နဲ့မြန်မာနှစ်နိုင်ငံ ပေါင်းရိုက်တယ်ဆိုတာကလည်း အခွင့်အရေးတစ်ခုလို့ပဲ ယူဆပါတယ်ရှင့်။ အဲဒီအခွင့်အရေးကို ပြောရမယ်ဆိုရင် ကစ်လက်ခံချင်ပါတယ်။ အကောင်းဆုံးဖြစ်အောင်ကစ် သရုပ်ဆောင်သွားမှာပါ” ဟုလည်းရှင်းပြခဲ့သည်။

ယခုဇာတ်ကားအတွက် ဂျပန်နိုင်ငံမှ stylish ပေးသော်လည်းအဆင်မပြေ၍ မိမိစိတ်ကြိုက်ကိုယ်ပိုင် stylish နှင့်ဖန်တီးမည်ဟုလည်း ဝတ်မှုံရွှေရည်ကဆိုပါသည်။ ဝတ်မှုံရွှေရည်က ယခုလထဲမှာပင် မွေးနေ့ရှိပြီး ယခုနှစ်မွေးနေ့ကို ဘုန်းကြီးဆွမ်းကပ်ခြင်း၊ မိသားစုနှင့်ဖြတ်သန်းခြင်းများသာ ပြုလုပ်ဖို့ရှိပြီး ယခုအချိန်ထိ အခြားအစီအစဉ်မရှိသေးပါဟု လည်းပြောခဲ့သည်။

Written by – MT

Photo from Wutt Hmone Shwe Yi Facebook

Add comment

Advertisement

Advertisement