တရားဥပဒေ စိုးမိုးချင်၊ ကိုယ်တိုင်ကိုယ်ကျ မှတ်တမ်းတင်

18

အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်ရေးထက် ပစ္စုပ္ပန်တွင် တည်ငြိမ်အေးချမ်းရေးက ပို၍ လိုအပ်လှပေသည်။

ယင်းအရေးနှစ်ရပ်စလုံးအတွက် တရားဥပဒေစိုးမိုးမှုသည် မရှိမဖြစ် လိုအပ်သော မောင်းနှင်အားပင်ဖြစ်သည်။ တရားဥပဒေစိုးမိုးမှုအပြည့်အဝရှိသော လူ့ဘောင် တစ်ရပ်၌ ရှင်သန်နိုင်ရေးမှာ နိုင်ငံသားတိုင်း၏ အခွင့်အရေးသာမက၊ တာဝန်လည်း ဖြစ်ပေသည်။

မြန်မာ့လူ့အဖွဲ့အစည်း၏ မျက်မှောက်ခေတ်အခင်းအကျင်းနှင့် အနေအထားအရ တိုင်းပြည်၏ တရားဥပဒေစိုးမိုးမှုမှာ မေးခွန်းထုတ်စရာများနှင့် ပြည့်နှက်နေဆဲဖြစ်သည်။ 

ပြည်သူတစ်ဦးတစ်ယောက်အဖို့ ဒုစရိုက်သမားတို့ ကျူးလွန်မည့် ရာဇဝတ်မှုထက် ပို၍နီးစပ်သော အန္တရာယ်မှာလည်း အကျင့်ပျက် ဝန်ထမ်းတို့၏ ခြစားမှုသာ ဖြစ်နေပြန်သည်။ လာဘ်ပေးလာဘ်ယူနှင့် အဂတိကင်းစင်သော ရပ်ဝန်းတစ်ခုအဖြစ် မိမိတို့လူ့ဘောင်ကို မတည်ဆောက်နိုင်စေကာမူ ၎င်းင်းဖြစ်စဉ်များ လျော့ပါးသက်သာသော နယ်မြေတစ်ခုအဖြစ် ဖန်တီးရေးမှာ ပြည်သူတိုင်းက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည့် တာဝန်တစ်ရပ်ပင်ဖြစ်သည်။

တရားဥပဒေစိုးမိုးမှုသည် ထမင်းဆီဆမ်း၊လွှတ်တော်များသည် ရွှေလင်ပန်းဟုဆိုရလျှင် အစိုးရသည် လမင်းသဖွယ်သာ ဖြစ်လိမ့်မည်။ တောင်းယူယုံမျှဖြင့် ရနိုင်မည်မဟုတ်၊ မိမိတို့ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင် ဆောင်ကြဉ်းမှသာ အထမြောက်ပေမည်။

အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုတို့ နိစ္စဓူဝ ထူပြောလျက်ရှိသော လူမှုဘဝဝန်းကျင်တွင် ကျင်လည်နေရသည့် မိမိတို့ပြည်သူများအနေဖြင့် တရားဥပဒေစိုးမိုးမှုကို လိုလားရိုးမှန်ပါက မည်သူမဆို ကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်းဖောက်ဖျက် လွန်ကျူးနေသည်ကို မြင်တွေ့သည်နှင့်တစ်ပြိုင်နက် သက်သေအထောက်အထား
ရယူထားရန်လိုသည်။ မှတ်တမ်းတင် သိမ်းဆည်း၍ လိုအပ်သည့်အခါ ပြန်လည်တင်ပြနိုင်မည်ဖြစ်သည်။

အထောက်အထားရယူ၍ မှတ်တမ်းတင်ခြင်းသည် မတရားမှုကို ဖော်ထုတ်ခြင်းအစ၊ သုတေသနအဆုံး မသွေနိစ္စ လိုအပ်သော လုပ်ငန်းစဉ်ဖြစ်သည်။ မိမိတို့ လက်ဖဝါးပြင်ထက် နေ့စဉ်နှင့်အမျှ အသားတကျ နေရာယူနေပြီဖြစ်သော မိုဘိုင်းဖုန်းများအတွင်းမှ ဓာတ်ပုံ/ဗီဒီယိုကင်မရာ၊ အသံဖမ်းကိရိယာတို့သည် မည်သည့်ဖြစ်စဉ်နှင့် လုပ်
ရပ်တို့အပေါ်မဆို အထောက်အထားယူ၊ မှတ်တမ်းတင်ရန် အကောင်းဆုံး၊ အနီးဆုံး ကြားခံပစ္စည်းများသာ မဟုတ်ပါလော။

တရားဥပဒေစိုးမိုးမှုကို ဆာလောင်လိုအပ်သည့် ပြည်သူတစ်ဦး တစ်ယောက်ချင်းစီအနေဖြင့် မိမိတို့ မြင်တွေ့သိရှိလာသည့် အကျင့်ပျက်ခြစားမှုအစ၊ ရာဇဝတ်မှုအဆုံး သိမ်းကြုံး၍ မိမိတို့ လက်ထဲမှ မိုဘိုင်းဖုန်းများကတဆင့် မှတ်တမ်းအထောက်အထားရယူ၍ သက်ဆိုင်ရာသို့ တဆင့်ပြန်လည်တင်ပြအသိပေးခြင်းသည် လိုအပ်သော
အပြုအမူသာဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်လိုရင်းဖြစ်သည်။

နှုတ်တစ်ရာထက် စာတစ်လုံးက ပို၍ ထိရောက်လျှင် စာတစ် ရာထက် ပုံတစ်ပုံက ပို၍ ထက်မြက်ပေလိမ့်မည်။ မိမိတို့ လက်ဖဝါး ပြင်ထက်မှ မိုဘိုင်းဖုန်းများဖြင့် မှတ်တမ်းရယူ၍ ပြန်လည်အသိပေးတင်ပြကာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်၌ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်သင့်ကြောင်း ရေးသားဖော်ပြလိုက်ရပေသည်။ ။

Written by အယ်ဒီတာ

LEAVE A REPLY

Please enter your comment!
Please enter your name here