တူတူပေါင်းစု အလေးပြုကြစေလို

3

မွန်ပြည်နယ် အရပ်ဘက် အဖွဲ့အစည်း ကွန်ရက်မှ လူငယ်ရေးရာ တာဝန်ခံ ဒေါ်ခိုင်ခိုင်လဲ့မြင့်

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရေးအတွက် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့သော အာဇာနည်ခေါင်းဆောင် ကိုးဦး လုပ်ကြံ သတ်ဖြတ်ခံရ၍ ကျဆုံးခဲ့သည်မှာ ယခုနှစ်ဆိုလျှင် နှစ် ၇၀ ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။

ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် သြဆွဲခြင်း၊ လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံတိုင်တစ်ဝက်လွှင့်ထူခြင်းစသော လူစုလူဝေး အခမ်းအနားများ စစ်အစိုးရ လက်ထက်၌ အမှောင်ချခံထားခဲ့ရသော်လည်း NLD အစိုးရ လက်ထက်တွင် တရားဝင် ကျင်းပခွင့် ရရှိခဲ့သည်။

အာဇာနည်နေ့နှင့် ပတ်သက်ပြီး မွန်ပြည်နယ် အရပ်ဘက် အဖွဲ့အစည်း ကွန်ရက်မှ လူငယ်ရေးရာ တာဝန်ခံ ဒေါ်ခိုင်ခိုင်လဲ့မြင့်က သူ့အမြင်ကို ယခုလို ပြောကြားပါသည်။

“အာဇာနည်နေ့ဟာ ကျွန်မတို့အတွက် အရေးကြီးတဲ့ နေ့တစ်နေ့ ဖြစ်တယ်၊ အာဇာနည် ခေါင်းဆောင်တွေရဲ့ ကျေးဇူးကြောင့်ပဲ ကျွန်မတို့ နိုင်ငံ လွတ်လပ်ရေး ရခဲ့တယ်၊ ဒီနေ့ဟာ ကျွန်မတို့ နိုင်ငံကို ကယ်တင်ခဲ့တဲ့ ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့နေ့ဖြစ်လို့ သူတိုု့ရဲ့ ကျေးဇူးတရားကို အောက်မေ့ သတိရဖို့ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၄ ခုနှစ်မှ စပြီး အာဇာနည်နေ့တွင် ခေါင်းဆောင်ကြီးများကို အလေးပြုနိုင်ရန်အတွက် လူထု လှုပ်ရှားမှုကို စတင်နိုင်ခဲ့ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် အုပ်ချုပ်ရေးမှူးများထံ စာတင် အကြောင်းကြားခဲ့ရကြောင်း ဒေါ်ခိုင်ခိုင်လဲ့မြင့်က အာဇာနည်နေ့၏ ခါးသီးသော သမိုင်းကြောင်းကို ပြန်ပြောင်းပြောပြသည်။

“ကျွန်မတို့ လွတ်လွတ်လပ်လပ် လုပ်နိုင်တာတော့ မဟုတ်ဘူး၊ အုပ်ချုပ်ရေးမှူးတွေနဲ့ တခြားသူတွေရဲ့ စောင့်ကြည့်ခြင်းကို ခံရတယ်၊ တရားဝင်လည်း မဟုတ်ဘူး၊ သူတို့ကတော့ ဘေးကနေ လိုက်ကြည့်တယ်၊ အနောက်ကနေ လိုက်ကြည့်တယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များတွင် တရားဝင် လွမ်းသူ့ပန်းခွေ ချခွင့် ရရှိခဲ့ပြီး၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပရဟိတ သမားများနှင့် နိုင်ငံရေး လှုပ်ရှားသူများပါ ပါဝင်လာခဲ့ကြောင်း၊ သို့သော် လူငယ်များအနေဖြင့် အာဇာနည်နေ့တွင် ခေါင်းဆောင်များကို အလေးပြုရမည်ဟူသော အသိတရား အားနည်းနေကြောင်း ၎င်းက လူငယ်များအနေဖြင့် အာဇာနည်နေ့ ဥသြသံကြားလျှင် အလေးပြုကြရန် တိုက်တွန်း ပြောကြားသည်။

ယင်းအပြင် နောက်မျိုးဆက်များ အာဇာနည်နေ့ကို အမြဲတမ်း အမှတ်ရ စေရန်အတွက် အစိုးရအနေဖြင့် ရုပ်သံ မီဒီယာများတွင် ဇာတ်လမ်းတို ရိုက်ပြီး လွှင့်ပေးခြင်း၊ ကျောင်းများ၏ စာရိတ္တနှင့် ပြည်သူ့ နီတိအချိန်တွင် အာဇာနည် အကြောင်းကို ပြောပြပေးကြရန် ၎င်းက အကြံပြုပြောဆိုသည်။

အာဇာနည်နေ့နှင့် ပတ်သက်၍ တိုင်းရင်းသားတချို့ကြားတွင် စိတ်ဝမ်းကွဲမှုများ ရှိနေသည့်အတွက် တိုင်းရင်းသား စည်းလုံ ညီညွှတ်မှု အားကောင်းလာစေရန် အောက်ပါအတိုင်းသုံးသပ်ပါသည်။
“အဓိကကတော့ ဘယ်လူမျိုး၊ ဘယ်ဘာသာဆိုပြီး သဘောမထားဘဲနဲ့ မြန်မာနိုင်ငံမှာ အားလုံး စည်းစည်းလုံးလုံးနဲ့ နေနိုင်ဖို့ အာဇာနည် ခေါင်းဆောင်တွေရဲ့ ကျေးဇူးတရားကို ဖော်ပြပေးစေချင်တယ်၊ နောက်ပြီး အာဇာနည် ခေါင်းဆောင်တွေထဲမှာ တိုင်းရင်းသားတွေလည်း အများကြီးပါပါတယ်”။

Written by – ဇော်ထိုက်

LEAVE A REPLY

Please enter your comment!
Please enter your name here