Hintharmedia

တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်သဖြင့် တရုတ်ကို ဗီယက်နမ်ကန့်ကွက်

နှစ်နိုင်ငံကြားတင်းမာမှုများ မြင့်တက်နေစဉ်အတွင်း တောင်တရုတ်ပင်လယ်အတွင်းတွင် တရုတ်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းကို ကန့်ကွက် ရှုတ်ချကြောင်း ဗီယက်နမ်နိုင်ငံက ကြေညာချက်ထုတ်ခဲ့သည်။

ဗီယက်နမ်က ပိုင်သည်ဟု ပြောနေသော တောင်တရုတ်ပင်လယ်အတွင်း ပါရာဆဲလ်ကျွန်းတွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဖြစ်ကြောင်း တောင်တရုတ်ပင်လယ်ကို စောင့်ကြပ်နေသော ဟိုင်နန်ပြည်နယ် ပင်လယ်ပြင်လုံခြုံရေးဌာနက ပြီးခဲ့သည့်လအတွင်းက ကြေညာချက် ထုတ်ခဲ့သည်။

‘တရုတ်နိုင်ငံရဲ့ လုပ်ဆောင်မှုကို ကန့်ကွက်ပါတယ်။ ပြီးတော့ တရုတ်နိုင်ငံအနေနဲ့ ဟောင်ဆာကျွန်း (ပါရာဆဲလ်)မှာ ဗီယက်နမ်ရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို လေးစားဖို့ တိုက်တွန်းလိုပါတယ်’ ဟု ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီသီသူဟန်၏ ကြေညာချက်ထဲတွင် ဖော်ပြသည်။

‘ဗီယက်နမ်အနေနဲ့ မိမိရဲ့ အချုပ်အခြာအာဏာပိုင်သမှု၊ အခွင့်အရေးတွေနဲ့ အရှေ့ပင်လယ်(တောင်တရုတ်ပင်လယ်) အတွင်းက အကျိုးစီးပွားတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ လုံး၀ ကာကွယ်သွားမှာဖြစ်ပါတယ်’ ဟု ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ထရီလီယံခန့် ဖြတ်သန်းသွားနေသည်ဟု ခန့်မှန်းထားသော တောင်တရုတ်ပင်လယ်တစ်ခုလုံးကို ပိုင်ဆိုင်သည်ဟု တရုတ်နိုင်ငံက ပြောဆိုထားသည်။ ထိုအတူ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်ုတို့ကလည်း တောင်တရုတ်ပင်လယ်ကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း ပြောဆိုနေကြသည်။

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြား တင်းမာမှုမှာ ယခုသုံးနှစ်အတွင်း အမြင့်ဆုံးဖြစ်နေသည်။ ဗီယက်နမ်သည် တရုတ်နိုင်ငံက ၎င်းပိုင်သည်ဟု ဆိုနေသော ပင်လယ်ပြင်တွင် ရေနံတူးဖော်နေမှုကို တရုတ်၏ ဖိအားကြောင့် ရပ်ဆိုင်းခဲ့ရသည်။

ထို့အတူ တောင်တရုတ်ပင်လယ်ကိစ္စနှင့် ပတ်သက်၍ ဗီယက်နမ်က အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနေမှု၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယတို့နှင့် ဆက်ဆံရေး တိုးမြှင့်လာမှုတို့အပေါ် တရုတ်နိုင်ငံက စိုးရိမ်နေသည်။

Source: reuters

Add comment

Advertisement

Advertisement