Hintharmedia

ဒိန်းဒေါင်နှင့် တွေ့ဆုံမေးမြန်းခြင်း

လူရွှင်တော်အသင်းဖွဲ့ဖို့ ဖွဲ့ပေးဖို့ကိုတောင် မဖွဲ့ပါနဲ့ဦး၊ ခဏနေပါဦးဆိုတဲ့ အတားအဆီးတွေ အများကြီးရှိခဲ့တယ်ဆိုတဲ့ ဒိန်းဒေါင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ဟင်္သာမီဒီယာ။ ။ မင်္ဂလာပါ၊ မွန်ပြည်နယ်ကို လာတဲ့ အစ်ကိုရဲ့ရည်ရွယ်ချက်ကို ပြောပြပေးပါလား။
လူရွှင်တော် ဒိန်းဒေါင်။ ။ ကျွန်တော် ဒီမွန်ပြည်နယ်၊ မော်လမြိုင်ကို လာတာ လူရွှင်တော်အသင်း ဖွဲ့စည်းပေးဖို့အတွက် လာတာပါ၊ ရည်ရွယ်ချက်ကတော့ အသက်ကြီးတဲ့လူရွှင်တော်တွေကို ကူညီစောင့်ရှောက်မယ်၊ နာမကျန်းဖြစ်တဲ့သူ နာရေးဖြစ်တဲ့ လူရွှင်တော်တွေကို ပံ့ပိုးပေးမယ်၊ လူရွှင်တော်တွေ အားလုံးရဲ့ဘဝမြင့်မားအောင်၊ သူတို့ရဲ့သားသမီးတွေရဲ့ ပညာရေးကအစ ကူညီပေးဖို့ စီစဉ်ထားပါတယ်။

ဟင်္သာမီဒီယာ။ ။ အခုလို လူရွှင်တော်အသင်းလာရောက်ဖွဲ့စည်းတဲ့အခါမှာ ဒီမြို့မှာရှိတဲ့ လူရွှင်တော်တွေ ဘယ်လိုအခက်ခဲတွေ ကြုံတွေ့နေရတာ သိမြင်ခဲ့ရလဲ။
လူရွှင်တော် ဒိန်းဒေါင်။ ။ အခက်အခဲတွေကတော့ ဒီမှာ ဒီလူရွှင်တော်အသင်းဖွဲ့ဖို့ ဖွဲ့ပေးဖို့ကိုတောင် မဖွဲ့ပါနဲ့ဦး၊ ခဏနေပါဦးဆိုတဲ့ အတားအဆီးတွေများကြီး ရှိခဲ့တယ်၊ လူရွှင်တော်တွေ ကြုံတွေ့နေတဲ့ အခက်ခဲတွေက အများကြီးပေါ့ဗျာ၊ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးရဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေကျော်လွန်ပြီးတော့ ဒီမော်လမြိုင်မှာ ကူချီယူတာတို့ အနှိမ်ခံရတဲ့ အောက်ခြေငယ်သားတွေ အရမ်းသနားဖို့ကောင်းတာတွေ တွေ့ခဲ့ရတယ်၊ အစားအသောက်တွေကအစ ဖြစ်သလိုစားရတယ်၊ ရတော့ တစ်ပဲခြောက်ပြားနဲ့ အဲလိုဘဝလေးတွေကို ကျွန်တော်တို့ ရုန်းထွက်စေချင်ပြီးပေါ့ဗျာ။

ဟင်္သာမီဒီယာ။ ။ အဲဒီလို လူရွှင်တော်တွေ ကြုံတွေ့နေရတဲ့ အခက်ခဲတွေကို အစ်ကိုအနေနဲ့ ဘယ်လိုဖြေရှင်းပေးသွားမလဲ။
လူရွှင်တော် ဒိန်းဒေါင်။ ။ အရင်က လူရွှင်တော်တွေက လမ်းဘေးမှာသေခဲ့ရတယ်၊ ဘာကြောင့်သေရလဲဆိုတော့ ဆေးကုပေးမယ့်သူလည်းမရှိဘူး၊ မိသားစုတွေရဲ့ထောက်ပံ့ပေးနိုင်မှုတွေ မရှိလို့ဒုက္ခရောက်ပြီး သေခဲ့ရတယ်၊ အဲလိုတော့ အဖြစ်မခံနိုင်ဘူး၊ လူရွှင်တော်တွေဆိုတာ သူများတွေကို ပျော်ရွှင်အောင်ဖန်တီးပေတဲ့ သူတွေပါ၊ အဲဒီအတွက် ကျွန်တော်သူတို့တွေအရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး အခက်ခဲတွေကို ဖြေရှင်းပေးသွားမှာပါ၊ ဒီမွန်ပြည်နယ်မှာရှိတဲ့ သက်ကြီးရွယ်အိုဘိုးဘွားတွေအတွက် သိန်း ၁၀၀ မတည်ပေးမှာပါ။

ဟင်္သာမီဒီယာ။ ။ အစ်ကိုအနေနဲ့ ဒီမှာရှိနေတဲ့ လူရွှင်တော်တွေ အဆင့်အတန်းစွမ်းရည်တွေ မြင့်မားလာအောင် ဘယ်လိုတွေ လုပ်ဆောင်ပေးဖို့ ရှိလဲ။
လူရွှင်တော် ဒိန်းဒေါင်။ ။ ကျွန်တော်အသင်းအဖွဲ့ဆိုတာက အာဏာပိုင်လည်းမဟုတ်ဘူး၊ လက်နက်ကိုင်အဖွဲ့အစည်းလည်းမဟုတ်ပါဘူး၊ ပရဟိတလုပ်တဲ့အဖွဲ့၊ အများပြည်သူကို ပျော်ရွှင်မှုတွေရအောင်လုပ်တဲ့ အဖွဲ့သာဖြစ်ပါတယ်၊ သူတို့တွေအတွက် ရည်ရွယ်ပြီး အခုရန်ကုန်မှာ ကျွန်တော်လှူထားပြီး တည်ထားတဲ့ မိဘကျေးဇူးဆပ် အနန္တမေတ္တာရှင်စေတီတော်ကြီးရဲ့ဘေးမှာ လူရွှင်တော်ဘိုးဘွားရိပ်သာဆောက်ဖို့အတွက် မြေတွေဖို့ထားပြီးပြီး၊ ဒီကလူရွှင်တော်တွေ တစ်ခုခုလိုအပ်လာတယ်ဆိုရင် ကျွန်တော်ချက်ချင်းလာရောက်ဖြေရှင်းပေးသွားမှာပါ။

ကျွန်တော့်လူရွှင်တော်တွေကို ဘယ်သူမှ နှိမ်လို့မရဘူး၊ ကျွန်တော်တို့ သူများစိတ်ပျော်ရွှင်အောင်ဖန်တီးပေးတာ ဒုက္ခရောက်အောင် လုပ်တဲ့သူတွေမဟုတ်ဘူး၊ ကျွန်တော့်လူရွှင်တော်တွေကို စိတ်မချမ်းသာအောင်ပြုလုပ်လာမယ်ဆိုရင်တော့ ကျွန်တော်နဲ့တွေ့မယ်။

 

ကျွန်တော့်လူရွှင်တော်တွေကို
စိတ်မချမ်းသာအောင်
ပြုလုပ်လာမယ်ဆိုရင်တော့
ကျွန်တော်နဲ့တွေ့မယ်။

 

ဟင်္သာမီဒီယာ။ ။ အစ်ကိုက လူရွှင်တော်တွေအရှေ့က ရပ်တည်ပေးမယ်ဆို ဘယ်လိုအချက်တွေလဲ၊ မော်လမြိုင်က သဘင်လောကအကြောင်း ဘာတွေသိထားလို့လဲ ပြောပြပေးပါဦး။
လူရွှင်တော် ဒိန်းဒေါင်။ ။ လူတစ်ဦးကို ကြိုက်လို့ခေါ်တယ်၊ ဒါပေမဲ့ အတိုးတော့မယူသင့်ဘူး၊ (အတိုးဆိုတာ ကူချီပေါ့) မော်လမြိုင်မှာ နာမည်ကြီးတယ်ဗျ၊ ဟိုတုန်းကတည်းက ဇာတ်ဆရာတွေ လုပ်စားခဲ့တာပေါ့၊ သဘင်ဥက္ကဋ္ဌ ကိုဖိုးချစ်နဲ့ ပတ်သက်ပြီးတော့ ပြောရရင် အခုလက်ရှိ မော်လမြိုင်မြို့ပေါ်က သဘင်ဥက္ကဋ္ဌလဲ ဒိန်းဒေါင် ဂရုမစိုက်ဘူး၊ ဘာကြောင့်လဲပြောရရင် ကျွန်တော့်လူရွှင်တော်တွေ ထိရင်မခံဘူး၊ အခုလည်း ဂရုမစိုက်လို့လာတာပေါ့ဗျာ။

ဟင်္သာမီဒီယာ။ ။ အစ်ကို့အနေနဲ့ လက်ရှိဘယ်လို ဇာတ်ကားတွေ ရိုက်ထားတာရှိလဲ၊ နောက်ထပ်ရော ဘယ်လိုရုပ်ရှင်ဇာတ်ကားတွေ ရိုက်ဖို့ရှိလဲ။
လူရွှင်တော် ဒိန်းဒေါင်။ ။ အခုကျွန်တော်လက်ရှိ ‘ဘဲဥက္ကဋ္ဌကိုချစ်တယ်’ဆိုတဲ့ နေတိုးနဲ့ ရိုက်ထားတဲ့ဇာတ်ကားနဲ့ နောက်တစ်ကားက အခြောက်ကားပေါ့ အဲဒီအခြောက်ဇာတ်ကားကို ဆင်ဆာမပေးလို့ သမ္မတနဲ့ ပြန်ကြားရေးဝန်ကြီးကိုတိုင်လို့ လူမှုကွန်ရက် FB ပေါ်မှာ အခုတက်နေတယ်။ အဲဒါအခုကျွန်တော် ကွိုင်တက်နေတယ်။

ဟင်္သာမီဒီယာ။ ။ အစ်ကို ရိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကို ဘာလို့အပိတ်ခံရတာလဲ၊ အခုလို အပိတ်ခံရလိုက်လို့ ဘာတွေထိခိုက်နစ်နာမှုတွေရှိခဲ့လဲ။
လူရွှင်တော် ဒိန်းဒေါင်။ ။ သူတို့ဘာကြောင့် ပိတ်ပင်တာလဲဆိုတာ ကျွန်တော်မေးချင်တယ်၊ ဆင်ဆာမှာ အခြောက်တွေရှိလို့ ကျွန်တော်တို့က အခြောက်ဆိုတာကို မစော်ကားပါဘူး၊ မိန်းမလျှာအပေါင်းသူတော်ကောင်းကိုလည်း ချစ်ပါတယ်၊ ကျွန်တော်တို့ အားလုံးစီစဉ်ပြီးမှ အခုလိုဖြစ်သွားတဲ့အတွက် ဝမ်းနည်းပါတယ်၊ ကျွန်တော်တစ်ခါမှ ပိုက်ဆံရာချီရတဲ့ သူလည်းမဟုတ်ပါဘူး၊ အဲတော့ ကျွန်တော်တို့အောက်က လုပ်သားလေးတွေ သောင်းဂဏန်းလေး ထောင်ဂဏန်းလေးရတဲ့ သူတို့မိသားစု ၁၀ ရက် ငတ်ပြီးပေါ့ဗျာ၊ အဲဒီအတွက်ကြောင့် အဲလိုသူများထမင်းအိုးခွဲတဲ့ ပုဂ္ဂိုလ်တွေ ကျန်းမားချမ်းသာပါစေ။

ဟင်္သာမီဒီယာ။ ။ အစ်ကို့ကို အားပေးနေတဲ့ မော်လမြိုင်က ပရိသတ်တွေအတွက် ပြောချင်တဲ့ စကားများရှိရင် ပြောခဲ့ပေးပါဦး။
လူရွှင်တော် ဒိန်းဒေါင်။ ။ မော်လမြိုင်က ကျွန်တော်နဲ့ကိုက်တဲ့ မလမ ပေါ့၊ ကြာသပတေးနဲ့ ဗုဒ္ဓဟူးနံပါတော့ အရမ်းချစ်တဲ့မြို့ပေါ့၊ အဲဒီတော့ ကျွန်တော်အရမ်းချစ်တဲ့မြို့မှာ သဘင်အနုပညာရှင် အောက်လက်ငယ်သားတွေအားလုံး ဒုက္ခရောက်အောင် ပိုက်ဆံရှိသောသူများ ကြီးစိုးနေပြီးတော့ မော်လမြိုင်ပြည်သူတစ်ရပ်လုံးအနေနဲ့ ကျွန်တော်ကို ချစ်ရင်၊ သဘင်ပညာရှင်တွေကို ချစ်ရင် ကူညီဖြေရှင်းပေးကြပါဗျာ။

Written by – ခေတ်မင်း

Add comment

Advertisement

Advertisement