“ဒေါင်း အမျှော်လင့်ဆုံးအရာ”

1

ဒေါင်းက ဇာတ်ကားအများကြီးမထွက်သေးသော်ငြားလည်း လက်ရှိတွင် ပရိသတ်အသိများပြီး၊ အထူးသဖြင့်အမျိုးသမီးပရိသတ်သတိပြုခံနေရသည့် အမျိုးသားသရုပ်ဆောင်တစ်ဦး ဖြစ်နေသည်။ ထို့ပြင် လူမှုကွန်ရက်တွင် နှင်းဆီပန်းနားရွက်ကြားထိုးထားသည့် အောင်နိုင်ရေးကာလပုံကလည်း ပရိသတ်စိတ်ဝင်စားခံရသည့်ပုံဖြစ်သည်။

ပရိသတ်နှင့်အဆက်မပြတ်လှုပ်ရှားနေထိုင်နေသည့် ဒေါင်းက “တကယ်တော့ လူမှုကွန်ရက်ဆိုတာ မီးတောက်တစ်ခုလိုပါပဲ၊ အကျိုးရှိရှိအသုံးချတတ်ရင် အသုံးဝင်တယ်၊ အကျိုးလည်းရှိမယ်။ လွန်ကဲသွားရင်တော့ကိုယ်က ထိန်းမရဘူးဖြစ်တတ်တယ်။ မီးတောက်တစ်ခုလိုပဲဗျ” ဟုပြောပြခဲ့သည်။ ဒေါင်းက လတ်တလောတွင် ကြော်ငြာများရိုက်ကူးနေသလို၊ အလှဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်နေပြီး ဇာတ်ကားရိုက်ကူးရန်အတွက်လည်း ကြို တင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။ “ကျွန်တော့်အတွက် ကြိုတင်ပြင်ဆင်မှုကအဓိကပဲ။ ဇာတ်ကောင်စရိုက်၊ ဇာတ်ကောင်ရဲ့စိတ်နေစိတ်ထား ဒါတွေကိုသိမှ ကြိုတင်ပြင်ဆင်လို့ရမှာလေ။ အခုလုပ်၊ အခုရိုက်လုပ်လို့မရဘူးလေ။ မဟုတ်ရင်တော့ ဇာတ်လမ်းကောင်းရင်တောင် လက်မခံဘူး။ လက်ခံပြီဆိုလည်း အပြည့်အဝ တာဝန်ယူချင်စိတ်ရှိတယ်လေ။ အဲဒီဇာတ်ကောင်ကို ကြိုတင်ပြင်ဆင်ရမယ့်အပိုင်းမှာ ဘာတွေပြင်ဆင်ရမလဲ။ ဘာတွေဖတ်ဖို့လိုလဲ။ ဘယ်လိုဇာတ်ကားတွေကြည့်ဖို့လိုလဲ၊ ဇာတ်ကောင်နဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ ဇာတ်ကားတွေ၊ ပြီးတော့စိတ်ခံစားချက်တွေ အားလုံးကိုလေ့လာနိုင်ဖို့ ကြိုးစားတယ်။ အဲဒါမှလည်း ကိုယ်သရုပ်ဆောင်တဲ့ ဇာတ်ကောင်စရိုက်ပီပြင်မှာပေါ့” ဟု ဒေါင်းကပြောပြသည်။

ထို့ပြင် ဒေါင်းကဲ့သို့ပင် ဆာတိုရီမှစင်တင်သည့် ပရိသတ်အချစ်တော် နောက်တစ်ဦး ဖြစ်သည့် ရဲတိုက်လွတ်မြောက်လာခဲ့လျှင် နှစ်ယောက်တွဲအနုပညာဖန်တီးမှုများကို တွေ့မြင်ခံစားချင်သည့် ပရိသတ်များလည်း ရှိကြသည်။ ဒေါင်းက “ကျွန်တော်အမျှော်လင့်ဆုံးအရာတွေထဲမှာ အဲဒါလည်းပါတယ်။ အနုပညာအားကောင်းကောင်း၊ ခံစားချက်အပြည့်အဝပေးနိုင်တဲ့ ဇာတ်ကားတွေဖန်တီးချင်ခဲ့တာ ကျွန်တော်ဆာတိုရီမရောက်ခင်ကတည်းက ကျွန်တော့်ရဲ့ဆန္ဒ၊ သူတို့ရဲ့ဆန္ဒ ထပ်တူကျနေတယ်၊ အဲဒီထပ်တူကျမှုကို အခုထိအကောင်အထည် မဖော်နိုင်သေးတာ ကျွန်တော်တို့တာဝန်ကြီးတစ်ခုလို ဖြစ်နေတယ်။ အဲဒါကို အမြန်ဆုံးအကောင်ထည်ဖော်မယ့် ဆန္ဒ ကျွန်နော်တို့ရင်ထဲမှာရှိနေတယ် “ဟုပြောပြခဲ့သည်။

Written by – MT

LEAVE A REPLY

Please enter your comment!
Please enter your name here