ပလက်ဝ လုံခြုံရေးအခြေအနေ စိုးရိမ်ရ၊ အရပ်သားသေဆုံးမှုမြင့်တက်

38

ရန်ကုန်၊ နိုဝင်ဘာ ၂၉

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ချင်းပြည်နယ် ပလက်ဝဒေသ၏ လုံခြုံရေးအခြေအနေမှာ စိုးရိမ်ရအခြေအနေဖြစ်ပြီး အရပ်သား သေဆုံးမှု မြင့်တက်လာကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။

ပလက်ဝဒေသတွင် တပ်မတော် နှင့် AA တပ်ဖွဲ့တို အောက်တိုဘာလ ၃၁ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ရှိနေကြောင်း ဒေသခံများကဆိုသည်။

“မနေ့က မိုင်းမိပြီးတော့ ဦးဖြူဆိုတဲ့လူတစ်ယောက် သေဆုံးသွားတယ်။ တိုက်ပွဲကဟိုတလောကတော့ဖြစ်တယ် အခုတော့မရှိဘူး။ ဟိုတလောကလည်း အမျိုးသမီးမိုင်းမိပြီး ခြေထောက်ပြတ်သွားတယ်လို့ကြားတယ်” ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီးပေါင်လွန်မင်းထန်ကဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း AA သတင်းထုတ်ပြန်ရေးအဖွဲ့က တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၁၄၀၀ ကျော်ခန့်စစ်ဘေးရှောင်နေရသည်ဟု ထုတ်ပြန်ထားသော်လည်း အိမ်ထောင်စု ၆၇ အိမ်ထောင်စု ၊ စစ်ဘေးရှောင်ပြည်သူ ၃၃၆ ဦး ရှိကြောင်း ၎င်းကထပ်လောင်းပြောဆိုသည်။

“အခုကတော့ အစိုးရဘက်က လုံခြုံရေးအတွက် သပ်သပ်အင်အားထပ်ထည့်တယ်လို့တော့ ကြားရတယ်။ ဒါပေမယ့် ဘယ်အချိန်မှာလုံခြုံမလဲဆိုရင် ဒါတော့ ကျွန်တော်အနေနဲ့ ပြောလိုတော့မရပါဘူးပေါ့လေ။ တပ်မတော်ရဲ့ ကာကွယ်ရေးဖြစ်စဉ်မှာလည်း မူတည်တယ်” ဟု ဝန်ကြီးပေါင်လွန်မင်းထန်ကဆိုသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် ပြည်နယ်အစိုးရအနေဖြင့် တစ်လစာရိက္ခာ ဆန် ၁၀၄ အိတ် နှင့် ၉ ပြည်၊ ဆား ၆၇ ပိဿာ၊ ပဲ ၆၇ ပိဿာ၊ ဆီ ၆၇ ပိဿာထောက်ပံ့းပေးထားပြီး တိုက်ပွဲများကြောင့် သေဆုံးခဲ့သည့် ပြည်သူများအတွက်လည်း ငွေကြေးထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

Written by ဆုမင်းကို

LEAVE A REPLY

Please enter your comment!
Please enter your name here