ပါတီတစ်ခုဟာ အာဏာမရခင်က ဘာပြောခဲ့လဲ။ အာဏာရပြီးရင် ဘာလုပ်သလဲဆိုတာကို သူတို့ပြောထားတဲ့စကားနဲ့ပဲ ပြန်တိုင်းတာနေတယ်။ လူထုတိုင်းနေတဲ့စံနှုန်းတွေက သူတို့ဟာသူတို့ တီထွင်ထားတာမဟုတ်ဘူး။

0

မြန်မာနိုင်ငံ၏ ဖူးငုံစ မီဒီယာလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီစံနှုန်းများအပေါ် ခြွေချရိုက်ချလျှက်ရှိသော ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နှင့် စပ်လျဉ်း၍ PEN International ၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သော စာရေးဆရာမ မသီတာ (စမ်းချောင်း)နှင့် တွေ့ဆုံမေးမြန်းခဲ့ခြင်းမှ တချို့ကို ကောက်နှုတ်ဖော်ပြအပ်ပါသည်။

ဟင်္သာမီဒီယာ ။ ။ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို တားဆီးပိတ်ပင်တဲ့ ဥပဒေတွေကို ဥပဒေပြုရေးမဏ္ဍိုင်က ပြင်ဆင်ဖို့ (သို့မဟုတ်) ပယ်ဖျက်ဖို့ ပျက်ကွက်နေခြင်းဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲ။ အဲဒီဥပဒေတွေ ရှိနေတဲ့ နိုင်ငံဟာ ဘယ်လိုနိုင်ငံရေးစနစ်လို့ ပြောရမလဲ။
မသီတာ(စမ်းချောင်း) ။ ။ ကျွန်မကတော့ လူ့အခွင့်အရေးလို့ သုံးလေ့မရှိဘူး။ Human Right လို့ လူ့ရပိုင်ခွင့်လို့ပဲသုံးတယ်။ အဲဒီတော့ လူ့ရပိုင်ခွင့်အချက် ၃၀ ရှိတယ်။ အဲဒီ အချက် ၃၀ ထဲက နံပါတ် ၁၉ ဖြစ်တဲ့ လွတ်လပ်စွာရေသားထုတ်ဖော်ပြောဆိုခွင့်ဆိုတာ အခြေခံသိပ်ကျလွန်းတယ်။ Universal ဖြစ်တယ်၊ Interrelated ကျန်တဲ့ ရပိုင်ခွင့်အနေနဲ့လည်း ဆက်စပ်နေတယ်။ လုံးဝခွဲထုတ်လို့မရဘူး။ Indivisible ၊ ဒီလိုမျိုးဂုဏ်ထူးဝိသေသတွေရှိတယ်၊ အဓိကတော့ ရှင်းရှင်းပြောရရင်တော့ လွတ်လပ်စွာရေးသားပြောဆိုထုတ်ဖော်ပြောဆိုခွင့်ကို Denied လုပ်လိုက်ခြင်းဟာ လူတစ်ယောက်ရဲ့ တည်ရှိမှုပေါ့ Existence ကိုပါ ထိခိုက်စေတယ်လို့ ကျွန်မတို့က ယူဆတယ်။ ဒါကြောင့်မို့ အမြဲတမ်းပဲ ဒီမိုကရေစီနိုင်ငံကို ဦးတည်မယ်ဆိုရင် အခြေခံအကျဆုံးဖြစ်တဲ့ လူ့ရပိုင်ခွင့်တွေကို အကာအကွယ်ပေးရမယ်။ လူ့ရပိုင်ခွင့်တွေမှာမှ အခြေခံအကျဆုံးထဲက တစ်ခုဖြစ်တဲ့ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကိုတော့ တတ်နိုင်သလောက် မြှင့်တင်စောင့်ရှောက်ကာကွယ်ရမယ်။ အမှန်တော့ လူ့ရပိုင်ခွင့်ဆိုတဲ့ စကားနဲ့အညီ ဒါက အခွင့်အရေးတစ်ခုလိုပေးအပ်ရမှာ မဟုတ်ဘူး။ ရှိပြီးသားရပိုင်ခွင့်ဖြစ်တဲ့အတွက်ကြောင့် မဆုံးရှုံးရလေအောင်၊ မတိမ်းပါး မလျော့ပါးရလေအောင် ကျွန်မတို့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ်။ ကျင့်သုံးရမယ်၊ အဲဒီတော့ ဒီဟာတွေကို တည်ဆဲဥပဒေတွေမှာရော၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာရော
အားနည်းချက်တွေရှိနေတယ်။ လွတ်လပ်စွာရေသားထုတ်ဖော်ပြောဆိုခွင့်ကို အတည်ပြုနိုင်ဖို့အတွက် ခက်ခဲနေတဲ့အချိန်မျိုးမှာ ဥပဒေပြုရေးမဏ္ဍိုင်အနေနဲ့ရော၊ အုပ်ချုပ်ရေးမဏ္ဍိုင်အနေနဲ့ရော ဒီမိုကရေစီပန်းတိုင်ကို မျက်ခြည်မပြတ်ချင်ဘူးဆိုရင်တော့ ကျွန်မထင်တယ်။ ဒီဟာကို တားဆီးပိတ်ပင်မယ့် ဥပဒေတွေ ပြင်ပေးဖို့လိုသလို၊ ဒီဟာကို တားဆီးပိတ်ပင်ရာရောက်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ တရားစီရင်ရေးပိုင်းဆိုင်ရာပေါ့နော်။ အမှန်ပြန်ဖြစ်နိုင်အောင် လုပ်တဲ့အားထုတ်မှုတွေက မဖြစ်မနေလုပ်ရမယ်။ မလုပ်နိုင်ဘူးဆိုရင်တော့ ပန်းတိုင်ကို မျက်ခြည် ပြတ်တယ်လို့ ဆိုလိုရာရောက်တယ်။ ဒီမိုကရေစီပန်းတိုင်ကို မျက်ခြည်ပြတ်နေတယ်လို့ပဲ မြင်လို့ရပါတယ်။

ဟင်္သာမီဒီယာ ။ ။ ၆၆(ဃ)ကို ပြင်ဆင်ရေးနဲ့ လုံးဝဖျက်သိမ်းရေးဆိုပြီး အယူအဆနှစ်ရပ်ရှိနေပါတယ်။ ဆရာမအနေနဲ့ ဘယ်အယူအဆပေါ်မှာ ရပ်တည်ပါသလဲ။
မသီတာ(စမ်းချောင်း) ။ ။အမှန်တော့ မြန်မာပြည်မှာ Cyber Crime Law ဆိုတာမျိုးပေါ့နော်၊ ဒီ Cyber ကို အခြေခံပြီးတော့ ကျူးလွန်တဲ့ပြစ်မှု ဆိုင်ရာဥပဒေတွေ သတ်သတ်မှတ်မှတ်မပေါ်ပေါက်သေးတဲ့အတွက်ကြောင့်မို့လို့ အချို့ကိစ္စတွေ ခက်ခဲနေတယ်။ ဒါပေမယ့် ဒီ ၆၆ (ဃ) ရဲ့ မူရင်းဆိုလိုရင်းနဲ့ ဆင်တူတဲ့ အသရေဖျက်မှုဆိုင်ရာပုဒ်မတွေကလည်း ကျွန်မတို့မှာ ရှိပြီးသား၊ ရာဇသတ်ကြီးပုဒ်မတွေမှာပေါ့နော်၊ အကုန်လုံးအကျုံးဝင်ထားပြီးသား။ Cover ဖြစ်ပြီးသားလို့ ကျွန်မတို့ မြင်တယ်။ ဒီ ၆၆ ဃ ရဲ့ အဓိကအားနည်းချက်ဟာ Third Party လို့ခေါ်တဲ့ ကြားလူကနေဝင်ပြီးတော့ အရေးယူနိုင်တယ်၊ အာမခံပေးဖို့ ကိစ္စတွေမှာကတော့ ဒါလုပ်ထုံးလုပ်နည်းအရ အခက်အခဲတွေဖြစ်တယ်။ လက်နက်တစ်ခုလိုမျိုး လူတစ်ယောက်ချက်ချင်းထောင်ထဲရောက်သွားအောင် လက်နက်လိုမျိုး သုံးလို့ရတဲ့ အားနည်းချက်တွေ ရှိနေတာပေါ့နော်။ အဲဒီတော့ တခြားမှာလည်း အလားတူ ကာကွယ်နိုင်တဲ့အရာတွေရှိရဲ့သားနဲ့ ၆၆ ဃ ကို ဘာကိစ္စနဲ့ ပြစ်ဒဏ်လျော့ပေါ့ရုံနဲ့ အလုပ်ဖြစ်မယ်လို့ တွေးမှာလဲ။ အပြီးဖျက်သိမ်းခြင်းမှသာလျှင် အလုပ်ဖြစ်ပါလိမ့်မယ်။ ဒီအစား Cyber Crime Law လိုမျိုး ပိုပြီးတော့ တိကျတဲ့၊ ပိုပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့၊ ပိုပြီးတော့ ကာယကံရှင်တွေနဲ့သာ သက်ဆိုင်ပြီးတော့ ကိုယ်တိုင်သာ တာဝန်ယူ ဖြေရှင်း၊ တာဝန်ယူ ရင်ဆိုင်နိုင်မယ့် ဥပဒေပုဒ်မမျိုးကိုပဲ ကျွန်မတို့ အလိုရှိတယ်။ ဘာမှန်းမသိဝေးဝါးနေတဲ့ ကျောသားရင်သားခွဲခြားပြီးတော့ လိုသလိုသုံးလို့ရတဲ့၊ လက်နက်တစ်ခုလိုသုံးလို့ရတဲ့ပုဒ်မမျိုးကိုတော့ ဖျက်သိမ်းတာက ပိုပြီးတော့ သဘာဝကျပါလိမ့်မယ်။

ဟင်္သာမီဒီယာ ။ ။ ခုနက ဆရာမပြောသွားတဲ့ထဲမှာ Third Party ဆိုတဲ့ တတိယလူတစ်ယောက်က တရားစွဲဆိုလို့ရတယ်ဆိုတာ တခြားရာဇဝတ်မှုတွေမှာတောင် တွေ့ရလေ့မရှိဘူး၊ ၆၆(ဃ)ကျမှ ဒါကို ထည့်သွင်းထားခြင်းဟာ ဘယ်လိုရည်ရွယ်ပြီးလုပ်တာလို့ မြင်ပါသလဲ။
မသီတာ(စမ်းချောင်း) ။ ။ အမှန်တိုင်းပြောရလို့ရှိရင်တော့ များသောအားဖြင့် Public body ပေါ့နော်။ အစိုးရတို့ အများကို ကိုယ်စားပြုထားတဲ့အဖွဲ့အစည်းတွေ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်တွေ၊ ဒီလိုလူမျိုးတွေဆိုတာက ဝေဖန်ခံရနိုင်တဲ့လူမျိုးပဲပေါ့နော်။ ဝေဖန်မှုတွေအပေါ်မှာ သူတို့တွေက ကျိန်းသေပေါက် ခံရနိုင်တဲ့ အနေအထားမှာ ရှိတယ်။ အဲဒီလိုမျိုးခံရနိုင်တဲ့အလာအလားရှိတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတိုင်းမှာ လူတိုင်းလွတ်လပ်စွာရေသားထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးတဲ့အခြေအနေမှာ အများဆုံး Blame လုပ်ခံနိုင်ရတဲ့ အဖွဲ့အစည်းတွေက သူတို့ ဖြစ်သွားနိုင်တယ်။ အဲဒီတော့ များသောအားဖြင့်က သူတို့က သူတို့ကိုယ်သူတို့ အန္တရာယ်ကလည်း မကင်းဘူး။ ခံရနိုင်တယ်လို့ ထင်တဲ့အတွက်ကြောင့်မို့လို့ ဒါကို ကာကွယ်ဖို့ကြိုးစားတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က လူထုကို ပြန်လည်ပြီး တရားစွဲဆိုတယ်၊ ပြန်ပြီးတော့ ဟိုဟာလုပ်တယ်ဆိုမျိုး လုပ်ရတာဟာ သိပ်ပြီးတော့ သဘာဝမကျလှဘူးလို့လည်း သူတို့ရဲ့ Self – Conscious mind မှာ ရှိပုံရတယ်။ မသိမသာနဲ့ပေါ့နော်။ ဒီလိုလည်းမဖြစ်ချင်ဘူး။ အဲဒါကြောင့်မို့လို့ တတိယလူကို လက်တို့ပြီးတော့ “ငါတို့တော့ ဟိုဟာဖြစ်နေပြီး၊ ပြန်လုပ်လိုက်ဦး”လို့။ လုပ်လို့ရတဲ့ Mechanism တစ်ခုကို မွေးထားသလိုဖြစ်နေတယ်။ ဒီပုဒ်မရှိနေသ၍ပေါ့နော်။ ယူဆလို့ရတာဟာ ကိုယ်တိုင်လုပ်ဖို့ အဆင်မပြေဘူးဆိုရင် ကြားလူနဲ့ လုပ်လိုက်မယ်ဟေ့ဆိုတဲ့ စိတ်ကူးရှိနေလို့သာ ဒီပုဒ်မကြီး သက်ဆိုးရှည်တယ်လို့ ယူဆလို့ရတယ်။

ဟင်္သာမီဒီယာ ။ ။ အသရေဖျက်မှုအပါအဝင် ချိန်းခြောက်မှု မလျော်သြဇာသုံးမှု အနိုင်အထက်ပြုမှု ဆိုတာတွေက ရာဇသတ်ကြီးထဲမှာ ပါပြီးသားဖြစ်ပါလျက်နဲ့ ၆၆(ဃ)နဲ့ တရားစွဲဆိုသူတွေဟာ တစ်ဖက်သားအပေါ် ဘယ်လိုရည်ရွယ်ချက်၊ ဘယ်လိုမျှော်လင့်ချက်နဲ့ လုပ်ဆောင်တာလို့ မြင်ပါသလဲ။
မသီတာ(စမ်းချောင်း) ။ ။ အဲဒါတော့ သိပ်အများကြီးလို့ ကျွန်မ မထင်ဘူး။ ကျွန်မထင်တာက နှစ်ပိုင်းပေါ့နော်။ ဒီ ၆၆ ဃ မဖျက်သိမ်းနိုင်ရခြင်းက နှစ်ပိုင်းပေါ့နော်။ တစ်ချို့ Political will ကြောင့်ပေါ့နော်၊ နိုင်ငံရေးအရ ခုကပြောတဲ့ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အစွန်းကုန် ရပိုင်ခွင့်တွေကို ကာကွယ်မယ်ဆိုတဲ့ စိတ်ဆန္ဒမရှိလို့တို့၊ ဘာလို့တို့ ပြောကြတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ ကျွန်မအထင် ဒီလောက်အရေအတွက် အများကြီး လူပေါင်းစုံပေါ့နော်။ အစိုးရတွေတောင်မကတော့ဘူး။ သားအမိချင်းလည်း စွဲတယ်။ မဲဆန္ဒရှင်နဲ့ လွှတ်တော်ကိုယ်စားလှယ်လည်း စွဲတယ်။ အဲလိုမျိုးဆိုတော့ လူတိုင်းက သုံးလာကြတော့ တစ်နည်းအားဖြင့် ဥပဒေကို ဘယ်လိုသုံးရမလဲဆိုတဲ့ Skill ကို မသိတာပဲ။ ဥပဒေတစ်ခုက ပေါ်ပြူလာဖြစ်လာတယ်။ လူတစ်ယောက်ကို လွယ်လွယ်နဲ့ ချက်ချင်းထောင်ကျစေတယ်။ အဲဒီလိုဖြစ်လာတဲ့အခါကျတော့ ရှင်းရှင်းပြောရလို့ရှိရင်တော့ လက်ဖက်ရည်ဆိုင်တစ်ခု Brand တစ်ခု နာမည်ကြီးလာတဲ့အချိန်မှာ လက်ဖက်ရည်သောက်ဖို့။ နိုင်ငံခြားမှာဆို အဲလိုပေါ့ ကော်ဖီသောာက်ဖို့ဆိုရင် Starbucks မှာဖို့ပဲ စဉ်းစားသလိုပေါ့။ ကျွန်မတို့မှာ ဥပဒေတွေဟာ ဘယ်ရာဇသတ်ကြီးတွေမှာ ဘယ်ပုဒ်မတွေ ရှိတယ်။ ဘယ်ဟာတွေရှိတယ်ဆိုတာ သတိမထားနိုင်ဘူး။ ပေါ်ပြူလာမဖြစ်ဘူး။ ဒီဥပဒေကိုသုံးပြီးတော့ မကြာခဏတရားစွဲဆိုတဲ့ဟာတွေ မပေါ်ပေါက်ဘဲနဲ့ ၆၆ ဃ ကိုပဲ တစ်ယောက်မဟုတ်တစ်ယောက် ခဏခဏသုံးလာတော့ ကျန်တဲ့သူတွေကလည်း စိတ်ထဲမှာ ဒါပဲသုံးပြီးတော့ လုပ်လို့ရတယ်လို့ တွေးတယ်ပေါ့နော်။ Skill and Knowledge ပိုင်းဆိုင်ရာ အားနည်းချက်တွေပေါ်မှာလည်း အခြေခံမယ်လို့တော့ ကျွန်မမြင်မိပါတယ်။ နှစ်ဖက်လုံး နှစ်ခုလုံး ပါနေတယ်လို့ ထင်တယ်။

ဟင်္သာမီဒီယာ ။ ။ ၆၆(ဃ)မှာလည်း အာမခံပေးရမယ်၊ မပေးရဘူး ပြဌာန်းထားတာ၊ ပြောထားတာမရှိဘူး။ လက်ရှိမြန်မာပြည်မှာဖြစ်နေတာဆိုရင် နောက်ခံအင်အားကောင်းတဲ့ အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်က စွဲတာဆိုရင် အာမခံမပေးတာမျိုးတွေ တွေ့ရတယ်။ ဒီရက်ပိုင်းမှာ နောက်ဆုံးဖြစ်သွားတဲ့ Voice ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ တို့ အမှုဆိုရင် စနေနေ့ရုံးပိတ်ရက်မှာ ရမန်ယူလိုက်တာမျိုးလည်း တွေ့ရတယ်။ အဲဒီတော့ လွတ်လပ်တဲ့တရားစီရင်ရေးလို့ ပြောနိုင်ပါ့မလား။
မြန်မာနိုင်ငံတရားစီရင်ရေးကတော့ ဘယ်တုန်းကမှ မလွတ်လပ်ခဲ့ဘူးပေါ့နော်။ အုပ်ချုပ်ရေးအောက်မှာပဲ သူက အမြဲတမ်းရုန်းကန်ရတယ်။ မြန်မာနိုင်ငံတရားစီရင်ရေးရဲ့ လွတ်လပ်မှုဟာ စနစ်ကြီးတစ်ခုလုံး၊ Institutation တစ်လုံးမလွတ်လပ်ရုံမကပဲနဲ့ တစ်ဦးချင်း တရားသူကြီးများရဲ့ တာဝန်ခံမှု တာဝန်ယူမှုကလည်း သိပ်အားပျော့တယ်။ သူတို့မလွတ်လပ်တာာက တစ်ပိုင်း သူတို့ရဲ့ တာဝန်ယူရဲတဲ့စိတ်ဓာတ်တွေ တာဝန်ခံရဲတဲ့စိတ်ဓာတ်က တစ်ပိုင်းပေါ့နော်။ သူတို့ အမှုတွေပေါ်မှာ ရှုမြင်တာက အမှုသည်တွေက တစ်ဆင့်ပဲရှုမြင်တာဖြစ်နေတာ အဲဒါကတစ်ပိုင်း။ ဒါမျိုးတွေက အကုန်လုံးဆက်စပ်နေတယ်လို့ ကျွန်မထင်တယ်။ ကျွန်မတို့က တကယ်တမ်းတော့ တရားဥပဒေစိုးမိုးရေးကိုလည်း ကျောသားရင်သားမခွဲခြားပဲနဲ့ တည်မြဲစေချင်တယ်။ တရားစီရင်ရေးစနစ်ကြီးကိုလည်း reform ပြန်လည်ပြုပြင်စေချင်တယ်။

ဟင်္သာမီဒီယာ ။ ။ အတိုက်အခံဘဝမှာ NLD ဟာ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးကို စောင်းပေးပြောခဲ့ပေမယ့် သူတို့အစိုးရဖြစ်လာချိန်မှာ ရှေ့အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ၆၆(ဃ)နဲ့ တရားစွဲဆိုမှုအရေအတွက်ဟာ ပိုများလာတာတွေ့ရတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးရှုထောင့်ကနေ အငြင်းပွားစရာ ရှိနေတာဟာ NLD အစိုးရရဲ့ ပုံရိပ်ကို ဘယ်လိုထင်ဟပ်စေပါသလဲ။
ကျွန်မမြင်တာ ဒီတစ်ခုအနေနဲ့ပေါ့နော်။ အာဏာရသည်ဖြစ်စေ အာဏာမရသည်ဖြစ်စေ၊ တစ်ဝက်တစ်ပျက်ရသည်ဖြစ်စေ အလုံးစုံရသည်ဖြစ်စေ၊ ကိုယ်ရဲ့အဖွဲ့ဝင်တွေကြားထဲမှာ ဒီမိုကရေစီစံနှုန်းတွေ၊ လူ့ရပိုင်ခွင့်ဆိုင်ရာ စံနှုန်းတွေ၊ အထူးသဖြင့် လွတ်လပ်စွာရေသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာစံနှုန်းတွေနဲ့ ပတ်သက်ပြီးတော့ မူဝါဒတစ်ခုပီပီပြင်ပြင်ကို အသိပေးအကြောင်းကြား ပညာပေးထားစေချင်တယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ အခုလိုအဖြစ်မျိုးတွေ ရင်ဆိုင်ရလိမ့်မယ်။ အာဏာမရခင်ကတစ်မျိုး Presidence Promise လို့ ပြောကြသလို။ ရွေးကောက်ပွဲတုန်းကပြောလိုက်တဲ့ကတိပဲ။ ရေရှည်မှာ မတည်ဘူးလို့ မြင်စရာတွေဖြစ်လာတာပေါ့နော်။ လူထုတွေကလည်း ဒီပေတံနဲပဲတိုင်းမှာပဲ။ ပါတီတစ်ခုဟာ အာဏာမရခင်က ဘာပြောခဲ့လဲ။ အာဏာရပြီးရင် ဘာလုပ်သလဲဆိုတာကို သူတို့ပြောထားတဲ့စကားနဲ့ပဲ ပြန်တိုင်းတာနေတယ်။ လူထုတိုင်းနေတဲ့စံနှုန်းတွေက သူတို့ဟာသူတို့ တီထွင်ထားတာမဟုတ်ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ ရေရှည်သွားမယ့် နိုင်ငံရေးပါတီတစ်ခုအနေနဲ့တော့ ပါတီတွင်း ဆိုင်ရာမူဝါဒဟာ ဒီထက်ခိုင်ခိုင်မာမာပေါ့။ အထူးသဖြင့် လွတ်လပ်စွာရေသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ မူဝါဒခိုင်ခိုင်မာမာ ပေါ်စေချင်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ ဆရာမဟာ PEN International ရဲ့ BOD တစ်ယောက်လည်းဖြစ်သလို PEN International က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်နဲ့ ပတ်သက်လို့ ရှေ့ဆက်ပြီး ဘယ်ဆိုဆောင်ရွက်သွားဖို့ရှိပါသလဲ။
တကယ်တမ်းတော့ ကျွန်မပြီးခဲ့အပတ်ကပဲ နော်ဝေ Lillehammer မှာပေါ့နော်။ ကျွန်မတို့ ရဲ့ ဒါရိုက်တာတွေရဲ့ meeting ကိုသွားခဲ့တာပေါ့နော်။ ကျွန်မတို့ ဒီအသရေဖျက်မှုနဲ့ ပတ်သက်ပြီးတော့ ရာဇဝတ်မှု ပြစ်မှုပေးနေခြင်းကို ကမ္ဘာကတစ်ဝှမ်းလုံးမှာ ရပ်တန့်ဖို့ပေါ့နော်။ အဲဒါကို ပြောင်းဖို့ပေါ့နော်။ ရာဇဝတ်မှုပြစ်ဒဏ်အစား တရေမမှုပြောင်းဖို့ဆိုတဲ့ကိစ္စမျိုးပေါ့။ အဲဒါကိုတော့ တစ်ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုလို့ လုပ်ဖို့ ရှိတာပေါ့လေ။ လာမယ့် Annual Conference ယူကရိန်မှာလည်း ဒီကိစ္စနဲ့ပတ်သက်တဲ့ Resolution တွေ ပေါ်ထွက်လာဖို့ရှိတယ်။ အဲဒီတော့ ဗမာပြည်အတွက် သက်သက်တော့မဟုတ်ဘူး။ ဒါပေမယ့် ဗမာပြည်မှာ ဖြစ်နေတဲ့ဖြစ်ရပ်တွေကိုလည်း သတိထားမိပါတယ်။ တစ်ကမ္ဘာလုံးအနှံ့ဒီလိုမျိုးအလား အလာတူဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ အချက်အလက်စုဆောင်းတာတွေ ဆက်တိုက်လုပ်နေပါတယ်။ ဒါက တစ်လျှောက်လုံး Mission တစ်ခုအနေနဲ့ ပါနေမှာပါ။

Written by – ညီငယ်လေး

 

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here