ပါတီနှင့် လူအကြားမှ အားစမ်းပွဲ

3

မွန်နိုင်ငံရေးအကျဉ်းသားဟောင်း – ဦးဥက္ကံသ

“မွန်အမျိုးသားပါတီကနေ ဒေါက်တာမင်းစိုးလင်း ထုတ်ပယ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဦးဇင်းတို့အနေနဲ့ကတော့ မွန်သံဃာတော်တစ်ပါးအနေနဲ့ရော၊ မွန်လူမျိုးတစ်ယောက်အနေနဲ့ရော အထူးပင်ဝမ်းနည်းမိပါတယ်”ဟု မွန်အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဆရာတော် ဦးဥက္ကံသက
မိန့်ကြားသည်။

ဒေါက်တာ မင်းစိုးလင်းသည် ပညာရှင်တစ်ယောက်ဖြစ်ပြီး နိုင်ငံရေးအတွေ့အကြုံပြည့်ဝသူဖြစ်သလို မွန်ဝါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်ကြောင်း ဆရာတော်က မိန့်ဆိုသည်။

“နောက်ပြီးတော့ ရွေးကောက်ပွဲတိုင်းကို သူမီခဲ့တယ်။ အဲဒါကြောင့် ဒေါက်တာမင်းစိုးလင်းရဲ့ နိုင်ငံရေးအတွေ့ အကြုံက နက်နဲတယ်။ ဒီအပေါ်မှာ မွန်အမျိုးသားပါတီက သူ့ကို ထုတ်ပယ်တဲ့အတွက် ဦးဇင်းတို့အနေနဲ့ အားမရဘူး။ နောက်တစ်မျိုးပြောရမယ်ဆိုရင်တော့ မွန်အမျိုးသားစည်းလုံး ညီညွတ်ရေးကို ဖျက်ဆီးလိုက်တဲ့ သဘောလည်းပါဝင်တယ်”ဟု ဆရာတော်က မိန့်သည်။
ဒေါက်တာမင်းစိုးလင်းသည် ပါတီကနေထုတ်ပယ်ခံရသော်လည်း ပြည်သူများက ထောက်ခံအားပေးမှုရှိပါက တစ်သီးပုဂ္ဂလအနေဖြင့် ရပ်တည်ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်သေးကြောင်း ဆရာတော်က ဥပမာအနေဖြင့် မိန့်ကြားသည်။

“ဦးဇင်းဆိုလိုချင်တာက ဒေါက်တာမင်းစိုးလင်းရဲ့ နိုင်ငံရေးက သေမသွားဘူး”ဆက်လက်ရှင်သန်နေမယ်ဟု ဆရာတော်က မိန့်သည်။

မွန်အမျိုးသားစည်းလုံးညီညွတ်ရေးကို ဆောင်ရွက်သည့်အတွက် ပါတီမှ ထုတ်ပယ်ခံသည်မှာ ဒေါက်တာမင်းစိုးလင်းအတွက် ကောင်းသော်လည်း အဆိုပါလုပ်ရပ်သည် မွန်အမျိုးသားပါတီအနေဖြင့် မဟာအမှားကြီးတစ်ခု လုပ်မိသွားပြီးဖြစ်ကြောင်း ဆရာတော်က မိန့်ဆိုသည်။

“နိုင်ငံရေးဆိုတာ လွတ်လပ်မှုရှိရမယ်။ ဘာလဲဆိုတော့ ပြောရေးဆိုခွင့်တွေ၊ သွားလာဆောင်ရွက်ခွင့်တွေ၊ ပြည်သူတွေနဲ့ တွေ့ဆုံတာတွေ စသဖြင့်ပေါ့လေ လွတ်လပ်စွာရှိနေရမယ်။
မွန်အမျိုးသားပါတီဝင်တွေက ပြောဆိုတဲ့နေရာမှာ လွတ်လပ်စွာမရှိဘူး။ မွန်ပြည်သူတွေနဲ့ လွတ်လပ်စွာ တွေ့ပိုင်ခွင့်မရှိဘူး”ဟု ဆရာတော်၏ အမြင်ကို ထောက်ပြမိန့်ကြားသည်။

နိုင်ငံရေးဆိုသည်မှာ ကျယ်ပြန့်ပြီး နိုင်ငံရေးလုပ်မည်ဆိုပါက ပုဂ္ဂိုလ်ရေး၊ ပါတီအရေးကိစ္စများကို ရှေ့တန်းမတင်ဘဲ အမျိုးသားရေးကိုသာ အခြေခံပြီး နိုင်ငံရေးလုပ်လျှင် ပါတီအတွက်၊ လူမျိုးအတွက်နှင့် မိမိအတွက်ပါ ရေရှည်ရပ်တည်နိုင်မည်ဖြစ်ကြောင်း ဆရာတော်က ဆိုသည်။

“မွန်အမျိုးသားပါတီက ဒေါက်တာမင်းစိုးလင်းကို ထုတ်ပယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ မွန်ပြည်သူတွေ စိတ်ဓာတ်မကျပါနဲ့ မွန်ပြည်သူတွေ အားလုံးက ဒေါက်တာမင်းစိုးလင်းကို ဆက်ပြီးအားပေးကြပါလို့ တိုက်တွန်းချင်တယ်။ နောက်ပြီးတော့ ပါတီရဲ့ မူဝါဒအရ ုထုတ်ပယ်ရတဲ့အတွက် ပါတီကိုလည်း အပြစ်မမြင်ကြဖို့ ပြောချင်ပါတယ်”ဟု ဆရာတော် ဦးဥက္ကံသက မိန့်ကြားသည်။

Written by – ရွှေရိုး

 

Hinthar Media Corporation မှ စီစဉ်တင်ဆက်သော www.hintharmedia.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ အင်တာဗျူးများ၊ သတင်း(Video)များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here