ပြောင်းလဲချင်လျှင် ပြောင်းလဲကြရမည့် ပြည်သူများ

0

၂ဝ၁၅ ရွေးကောက်ပွဲအကြိုကာလတွေကစလို့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားဟာ အခုချိန်ထိရေပန်းအစားဆုံး စကားလုံးတစ်လုံးဖြစ်ပါတယ်။ အခုမကြာခင် အုပ်ချုပ်တော့မဲ့ အစိုးရသစ်လက်ထက်မှာ ပြည်သူတွေက အပြောင်းအလဲဆိုတဲ့အရာက်ကို အမျှော်လင့်ဆုံးဖြစ်နေကြတာ လူတိုင်းသိပါတယ်။ အစိုးရသစ်ကလည်း သေချာပေါက် အပြောင်းအလဲတွေကို ဖော်ဆောင်ပေးမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေက အဲဒီအပြောင်းအလဲရဲ့နောက်ကို မှီအောင်လိုက်ဖို့အတွက် ကိုယ်ကိုယ်တိုင်ပြောင်းလဲဖို့အားမထုတ်ကြရင်တော့ အပြောင်းအလဲဆိုတာ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။

အရင်ဦးဆုံးပြောင်းလဲဖို့လိုအပ်တာက ကျွန်တော်တို့ ပြည်သူတွေရဲ့ အတွေးအခေါ်တွေပါပဲ။ ကျွန်တော်တို့တွေအားလုံးမှာ ပွင့်လင်းတဲ့အမြင်ရှိဖို့ သိပ်ကို လိုအပ်တယ်။ ဆိုလိုတာက ရိုးရာဓလေ့ထုံးထမ်းတွေ အစွန်းရောက်ယဉ်ကျေးမှုတွေနဲ့ လောာင်းရိပ်တွေကိုမမိတဲ့ အမြင်မျိုးပါ။ အရှိတရားတွေအားလုံးကို လက်ခံရမှာဖြစ်ပြီး ကျွန်တော်တို့လက်မခံနိုင်တဲ့ အရှိတရားတွေကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး လက်ခံကြရမှာဖြစ်ပါတယ်။ နောက်ပြီးတိုင်းရင်းသားဒေသတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုကို တင်ပြချင်ပါတယ်။ အချို့တိုင်းရင်းသားတွေဟာ မိမိတို့နေတဲ့ရပ်ကွက်၊ မြို့ရွာတွေဆီကို အခြားတိုင်းရင်းသားတွေ တခြားဘာသာဝင်တွေ လာရောက်နေထိုင်ကြတာကို မကြိုက်ကြဘူး။ အဲဒီလိုအမြင်မျိုးရှိတော့ စီးပွားရေးဖွံ့ဖြိုးဖို့ သိပ်ခက်ခဲပါတယ်။ ဒေသတစ်ခုဖွံ့ဖြိုးလာတယ်ဆိုရင် အဲဒီဒေသကို လူမျိုးပေါင်းစုံရောက်လာလေ့ရှိတယ်။

ငါတို့ကတော့ အမေရိကန်နဲ့ ဂျပန်လူမျိုးတွေကိုပဲ လက်ခံမယ်ဆိုပြီး နေလို့မရပါဘူး။ အမေရိကန်တွေလည်း ရောက်မှာပဲ။ တရုတ်တွေလည်း ရောကလာမှာပဲ။ ဥပမာ- ကျွန်တော်တို့နှင့် အိမ်နီးချင်း စင်ကာပူနိုင်ငံကိုပဲ ကြည့်ပါတော့။ အဲဒီနိုင်ငံမှာ ကမ္ဘာအရပ်ရပ်ကလာတဲ့ ကျွန်တော်တို့လိုမြန်မာအပါအဝင် လူမျိုးပေါင်းစုံရှိပါတယ်။ မြန်မာတွေက ဆင်းရဲလို့ လက်မခံဘူးဆိုတာ မရှိပါဘူး။ သူတို့နိုင်ငံအတွက် အသုံးတဲ့ တဲ့လူမှန်သမျှ သူတို့နိုင်ငံဖွံ့ဖြိုးအောင်လုပ်ပေးမဲ့သူမှန်သမျှ သူတို့လက်ခံတာပါဘဲ။ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုမပျောက်ပျက်ရအောင်တော့ ကိုယ်ယဉ်ကျေးမှုကို ပိုပြီးဖွံ့ဖြိုးလာအောင် လူအများနှစ်သက်စရာဖြစ်အောင် ကြိုးစားဖို့လိုပါတယ်။ ကိုယ့်ယဉ်ကျေးမှုကို ပြန့်ပွားဖို့ဆိုရင်တော့ အဲဒီလူမျိုးတွေဟာ ပထမဦးဆုံး ချမ်းသာဖို့လိုအပ်ပါတယ်။ ချမ်းသာရုံတစ်ခုထဲနဲ့လည်း မလုံလောက်ပါဘူး။ ကိုယ်ရည်ကိုယ်သွေးမြင့်ဖို့နဲ့ ရိုးသားဖို့ကလည်း သိပ်အရေးကြီးပါတယ်။ ဥပမာ-အင်္ဂလိပ်စကားဟာ ဘာကြောင့် ကမ္ဘာသုံးဖြစ်ရတာလဲ၊ အင်္ဂလိပ်စကားပြောတဲ့ ပင်မနိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်နိုင်ငံနဲ့ အဲဒီကနေခွဲထွက်သွားတဲ့ အမေရိကန်နိုင်ငံတို့ဟာ အင်အားအကြီးဆုံးနိုင်ငံတွေဖြစ်နေတာကိုး။ သူတို့နဲ့ ကူူးလူးဆက်ဆံဖို့ စီးပွားရေးလုပ်ခွင့်ရဖို့အတွက် သူတို့စကားကိုတတ်မှ ဖြစ်မှာကိုး။ နောက်ပြီးသူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကလည်း ကမ္ဘာကြီးရဲ့ နံပါတ်တစ် နေရာမှာရှိနေတာကိုး။ ဒီလိုဆိုရင်တော့ ကိုယ့်ယဉ်ကျေးမှုကို ဘယ်လိုထွန်းကားအောင် လုပ်ရမယ်ဆိုတာ သိလောက်ပါပြီ။

ဒုတိယအနေနဲ့ ပြောင်းလဲရမှာကတော့ ကျွန်တော်တို့ဆီက ပျင်းရိမှုတွေကို ခွာချပြီး အသစ်တွေကို လေ့လာသင်ယူချင်စိတ်ရှိဖို့ပါဘဲ။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပြီဆိုရင် နိုင်င့တိုင်းမှာ ကြုံရတဲ့ ပြဿနာက အချို့လူတွေဟာ ပြောင်းလဲလာတဲ့စနစ်တွေနည်းပညာတွေကို လေ့လာသင်ယူချင်စိတ်မရှိကြဘူး။ အဲဒီတော့ သူတို့ဟာ ဘေးထိုင်ဘုပြောတဲ့လူတွေအနေနဲ့သာ ရပ်တည်ကြပြီး ပြောင်းလဲလာတဲ့စနစ်ကိုပဲ အပြစ်ပြောကြသေးတယ်။ တကယ်တိုးတက်ချင်တယ်ဆိုရင် ကျွန်တော်တို့အားလုံး ပြင်ဆင်ထားရမှာက စနစ်အသစ်တွေ နည်းပညာအသစ်တွေကို လိုက်မှီအောင် မပျင်းမရိကြိုးစားကြဖို့ပါဘဲ။ ဥပမာ- လက်မှုလယ်ယာကနေ စက်မှုလယ်ယာပြောင်းမယ်ဆိုရင် မိမိတို့ အသားကျနေတဲ့ ကျွဲ၊ နွားတွေနဲ့ ထွန်ယက်စိုက်ပျိုးတာအစား ပိုမိုသက်တောင့်သက်သာရှိပြီး အရည်အသွေးညီတဲ့ သီးနှံတွေကို ထုတ်လုပ်ပေးနိုင်တဲ့ စက်နဲ့ ထွန်ယက်စိုက်ပျိုးခြင်းကို ပြောင်းလဲသင်ယူရမှာဖြစ်ပါတယ်။ သင်ယူတဲ့ခဏမှာတော့ အခက်အခဲတွေ အထိုက်အလျောက်ရှိမှာပါဘဲ။

တတ်မြောက်သွားတဲ့အချိန်မှာတော့ လွယ်ကူသွားတာပါဘဲ။ နောက်တစ်ခုက အခွင်းအရေးနှင့် တာဝန်နှစ်ခုစလုံးကို သေချာသိကြဖို့လိုတယ်။ ငါတို့နိုင်ငံတော့ ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်တော့မယ်။ ငါတို့အခွင့်အရေးတွေ ရကြတော့မယ်လို့ပဲ တွေးနေလို့ မရပါဘူး။ ငါတို့ ဘာတွေတာဝန်ယူရမလဲဆိုတာကိုလည်း ခေါင်းထဲထည့်ထားဖို့လိုပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ ကိုယ်ကကြိုးစားရင် ကိုယ့်နိုင်ငံမှာရှိတဲ့ အရာမှန်သမျှကို ရယူခွင့်ရှိတဲ့စနစ်ပါပဲ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေပြောလေ့ရှိတဲ့ စကားပုံတစ်ခုဖြစ်တဲ့ “ကြိုးစားူက ဘုရားဖြစ်နိုင်“ ဆိုတဲ့ စကားပုံပါပဲ။ အရာရာတိုင်းကိုယ့်အတွက် အခွင့်အရေးတိုင်းဟာ ခြေထောက်ပေါက်ပြီး ကိုယ့်ဆီရောက်လာတာမဟုတ်ပါဘူး။ ကိုယ်ကကြိုးစားပြီး ရယူရမှာဖြစ်ပါတယ်။ နောက်ပြီး ဒီမိုကရေစီစနစ်ဆိုတာ လူတန်းစားတွေကြားထဲမှာ တတ်နိုင်သမျှအနိမ့်အမြင့်အရမ်း မကွာခြားအောင်
တစ်ဦးကိုတစ်ဦးရိုင်းပင်းကူညီကြတဲ့ စနစ်ပဲ။

နောက်ထပ် တိုက်တွန်းချင်တာကတော့ အခွန်ပေးခြင်းဆိုတာကို မကြောက်ကြဖို့ပါဘဲ။ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ လူတွေဟာ ကိုယ့်ရဲက အနာဂတ်အတွက် ငွေသိပ်မစုကြတော့ဘူး။ သူတို့ငွေစုတာက တစ်နှစ်တစ်ခါ သူတို့မရောက်ဘူးသေးတဲ့ ကမ္ဘာအရပ်ရပ်က ဒေသတွေကို သွားရောက်လည်ပတ်ဖို့ပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ ဘုရင်လက်ထက်ကတည်းက ယနေ့ထိတိုင် အခွန်တွေပဲကောက်ပြီး ပြည်သူတွေကို ပြန်ပြီး ဝန်ဆောင်ပေးတာက မရှိသလောက် နည်းတာမို့ ပြည်သူတွေအားလုံးဟာ အခွန်ပေးခြင်းကို မကျေမနပ်ရှိကြပါတယ်။ တစ်ကယ်တော့ အခွန်ပေးတယ်ဆိုတာ (အိုစာနာစာ) စုတာနဲ့ အပြန်အလှန် ရိုင်းပင်းကူညီကြတာပါပဲ။ ကုသိုလ်ပြုတယ်လို့ ပြောရင်လည်း ရပါတယ်။ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ လုပ်နိုင်ကိုင်နိုင်ရှိတဲ့ သူတွေဟာ လူတိုင်းလူတိုင်းကိုယ့်ဝင်ငွေရဲ့ တစ်စိတ်တစ်ဒေသကို အစိုးရကို ပြန်ပေးကြရတယ်။ ဒါပေမဲ့ ကိုယ်အလုပ်လက်မဲ့ဖြစ်တဲ့အခါ ကိုယ်နာမကျန်းဖြစ်တဲ့အခါ ကိုယ်အလုပ်မလုပ်နိုင်တဲ့အရွယ်ကို ရောက်တဲ့အခါ အစိုးရက ကိုယ့်ကိုပြန်ထောက်ပံ့တာကြောင့် အခွန်ဆောင်နေတဲ့ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ရှေ့ရေးအတွက် သိပ်ပူပန်စရာမလိုပါဘူး။ အဲဒီလိုနိုင်ငံတွေမှာ ပင်စင်ဆိုတာ အစိုးရဝန်ထမ်းတွေကိုပဲ ပေးတာမဟုတ်ဘဲ နိုင်ငံသားတိုင်းကို ပေးတာပါ။ ကိုယ်ပေးသွင်းထားတဲ့ အခွန်အနည်းများကို မူတည်ပြီး ကိုယ့်ရဲ့ပင်စင်ကလည်း အနည်းအများ ရှိပါတယ်။ ဒါပေမဲ့ အနည်းဆုံးပင်စင်ကတောင် စားစရိတ်နေစရိတ်အတွက်တော့ ကောင်းကောင်းလုံလောက်တယ်။ ကျန်းမာရေးအတွက်ဆိုလည်း ကိုယ်တစ်ခုခုဖြစ်တာနဲ့ ဆေးရုံကို ဆက်သွယ်လိုက်ရုံပါပဲ။ ဆေးရုံတက်မဲ့အခြေအနေဆိုရင် ဆေးရုံကားက အိမ်အရောက်လာရောက်ခေါ်ဆောင်ပြီးဆေးရုံကို တင်ပေးလိုက်တော့တာပါပဲ။ လူနာစောင့်တောင်မလိုဘူး ဆေးရုံမှာ စားစရာပေးတယ်။ ဆေးကုသစရိတ်အတွက် အခမဲ့ဖြစ်ပြီး အရာရာကို သူနာပြုတွေက လုပ်ပေးပါတယ်။ မအားလပ်တဲ့မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ဘူး။ (အခွန်ပေးသွင်းပြီးနောက် ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေဟာ အခုကျွန်တာ်တင်ပြထားတဲ့တာထက် အများကြီးပိုများပါတယ်။ လူမှုရေး၊ ကျန်းမာရေးသာမက ကလေးငယ်တွေ၊ လူငယ်လူရွယ်တွေရဲ့ ပညာရေးကို ထောက်ပံ့ပေးသလို သဘာဝအပျက်အစီးတွေကြောင့် ဖြစ်လာတဲ့ ဆုံးရှုံးမှုတွေကိုလည်း ပြန်ပြီးထောက်ပံ့ပေးပါတယ်။ နောက်ပြီး ကိုယ့်အလုပ်လုပ်နိုင်တုန်းမှာ ကိုယ့်ဆီကရတဲ့အခွန်တွေနဲ့ အလုပ်မလုပ်နိုင်တော့တဲ့ အဘိုးအဘွားတွေ အလုပ်လက်မဲ့တွေကို ထောက်ပံ့ပေးတာကြောင့် ရိုင်းပင်းကူညီရာလည်းရောက်ပါတယ်။ ပရဟိတအလှူတွေ သီးသန့်အများကြီးလုပ်စရာမလိုတော့ပါဘူး။) အဲဒီလိုစနစ်တွေရှိဖို့ဆိုတာ ကျွန်တော်တို့ပြည်သူတွေ အခွန်ဆောင်မှဘဲ ဖြစ်နိုင်မှာပါ။ ကောင်းမွန်တဲ့ အစိုးရလက်အောက်မှာ အခွန်ဆိုတာကလည်း ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရပါဘူး။ အခွန်ဆောင်ပြီးတာတောင် နေနိုင်စားနိုင်တဲ့ အခြေအနေမျိုးပါ။

နောက်ထပ်ပြောင်းလဲရမှာက စိတ်ဓာတ်ခိုင်မာဖို့ပါပဲ။ လူတွေကို ကျွန်တော်အမြဲတွေ့ရတာက အစိုးရအဖွဲ့အစည်းတွေကို တစ်နေ့မပြတ် အပြစ်တင်ဝေဖန်ရှုတ်ချနေကြတာပါပဲ။ ဒါပေမယ့်လည်း ကိုယ်ကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်မိသားစုဝင်တစ်ဦးဦးဖြစ်စေ၊ အစိုးရအဖွဲ့ဝင်တစ်ဦးဦးဖြစ်သွားရင်လည်း အရင်ကကိုယ်ကိုယ်တိုင်အားမနာပဲဝေဖန်ခဲ့တဲ့သူတွေလိုပဲ သီလပျက်သွားတာပါပဲ။ တစ်ခါတစ်လေရှေ့က လူတွေထက်ပိုတောင်ဆိုးချင်သေးတယ်။

အဲဒီလိုကိုယ်တိုင်အစိုးရအဖွဲ့ထဲမရောက်သွားရင်တောင် ကိုယ့်အကျိုးစီးပွားအတွက် တစ်ခုခုလုပ်တော့မယ်ဆိုရင် အရှိန်အဝါရှိတဲ့ လူတစ်ဦးဦးရဲ့ အကူအညီကိုယူပြီး ဥပဒေဘောင်ကျော်ပြီး လုပ်တတ်ကြတာကိုလည်း အမြဲတွေ့ရပါသည်။ အဲဒါတွေကို ပြင်ဆင်ကြဖို့ သိပ်အရေးကြီးပါတယ်။ ကိုယ်မကြိုက်တဲ့အရာတွေကို ကိုယ့်ကိုယ်တိုင် ပြန်မလုပ်မိဖို့သတိထားရမှာပဲ။

အထက်ပါ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်လိုက်လျှင် ကျွန်တော်တို့ပြည်သူတွေဟာ ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ခွင့်ရကြမှာပါပဲ။ အဲဒီအချိန်ကြရင် ကောင်းမွန်တဲ့ စနစ်တစ်ခုအောင်မှာ ကျွန်တော်တို့တွေအားလုံး လုံလုံခြုံခြုံနဲ့ အနာဂတ်အတွက် ပူပန်စရာအများကြီးမရှိပဲနဲ့ စိတ်ချမ်းချမ်းသာသာနေနိုင်ကြမှာပဲ။

Written by – ဂျန္နဝါရီ

LEAVE A REPLY

Please enter your comment!
Please enter your name here