Hintharmedia

ဘိုးဘွားပိုင်လယ်မြေ ပိုင်ဆိုင်မှု ဂရန်အမည်ပေါက်ဖြင့် လွတ်လပ်စွာ လုပ်ကိုင်လိုကြောင်း တောင်သူများဆို

မော်လမြိုင်၊ ႀသဂုတ်

ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာတွင် ဆားကွင်းတိုးချဲ့လုပ်ကိုင်ရန်အတွက် သိမ်းဆည်း ခဲ့သော ၅၃၅ ဧကအား ပြန်လည်လုပ်ကိုင် ခွင့်ပေးရာ၌ လုပ်ငန်းခွင် ဟန့်တားမှုများရှိနေ၍ ပိုင်ဆိုင်မှု ဂရန်အမည် ပေါက်ဖြင့် လွတ်လပ်စွာလုပ်ကိုင်လိုကြောင်း ဇူလိုင်၃၁ ရက်နေ့တွင် တောင်သူများက ဟင်္သာမီဒီယာကို ပြောသည်။

“ ဘိုးဘွားပိုင်လယ်ကို ပြန်ပေးစဉ်အခါတုန်းက နိုင်ငံတော်ကနေ လက်ရောက်ပေးခဲ့တယ်ဆိုပြီး ဒီနေ့ချိန်ထိ ဆက်လုပ်ခဲ့ပါတယ်။ ဘယ်လိုအတားအဆီးမျိုး ဖြစ်နေပါစေ နိုင်ငံတော်က လယ်ပိုင်ဆိုင်ခွင့်ပေးတဲ့ထိ တောင်း ဆိုနေမယ်” ဟု ဒေသခံလယ်ပိုင်ရှင် မင်းအောင်နိုင်မြင့်ကဆိုသည်။

ထန်းပင်ချောင်ကြီးကျေးရွာ၊ ကွင်းအမှတ် ၈၀၀.၁၈(က)၊ ၈၁၈(ခ)နှင့် ၈၁၉(က) တို့ကို ၁၉၈၂ခုနှစ်တွင်
ဆားကွင်းတိုးချဲ့လုပ်ကိုင်ရန် သိမ်းယူခဲ့ကြောင်း၊ ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီ၌ ဆားကွင်းတာဝန်ခံ ဗိုလ်မှူး ခင်မောင်မြင့်မှ သထုံမြို့တွင်ဆောက်လုပ်မည့် ကော့စတစ်ဆော်ဒါ စက်ရုံတည်ဆောက်ပြီးလျှင် ဆားအမြောက် အမြား လိုအပ်မည်ဖြစ်၍ ဆားလုပ်ငန်း ပြန်လည်လုပ်ကိုင်ရန် လယ်ယာစိုက်ပျိုးရေးကို ယာယီလုပ်ပိုင်ခွင့်သာ ပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ လယ်သမားများက ယာယီဆိုလျှင် လက်မခံကြောင်းနှင့် အပိုင်ပြန်ပေးမှသာ လက်ခံမည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း တောင်သူ ဦးကျော်အေး၏ ပြောပြချက်အရ သိရသည်။

“ သိမ်းဆည်းလယ်ယာမြေတွေ ပြန်ပေးတာ ပေးတဲ့ပုံစံက ပွင့်လင်းမြင်သာမှုမရှိဘူး။ လယ်တွေကို ပြန်ပြီး ဝေတဲ့ ပုံစံကလည်း သဘာဝမကျဘူး။ ဖြစ်သလိုပေးသွားတယ်” ဟု တောင်သူ ဦးဟန်သိန်းက ပြောသည်။

သိမ်းဆည်းခံ လယ်ယာမြေများကို ၂၀၁၄ခုနှစ်၊ မတ်လ ၂ရက်နေ့တွင် ပေါင်မြို့၊ မြေစာရင်းဦးစီးဌာန
ထန်းပင်ချောင်အုပ်ချုပ်ရေးမှူး၊ လယ်စီအဖွဲ့များနှင့် လယ်ပိုင်ရှင်များစုပေါင်း၍ မူလပိုင်ရှင်များ၏ မြေစာရင်းရုံးရှိ မြေပုံအတိုင်း တိုင်းတာ၍ လုပ်ပိုင်ခွင့်ပေးခဲ့ကြောင်း ၎င်းတို့ပြောပြချက်အရ သိရသည်။

“သတ္တုတွင်းဝန်ကြီးဌာနရဲ့ လျှောက်ထားမှုအရ ၁၉၈၉၊ ၉၀ ခုနှစ်လောက်ကတည်းက လန ၃၉ ကျထားပြီးသား။ လယ်ယာမြေကို အခြားနည်း အသုံးပြုခြင်း ဆားချက်မြေအဖြစ် အသုံးပြုမယ်ဆိုတဲ့အတွက် ကျွန်တော်တို့ စာရင်းမြေပုံထဲမှာ စိုက်ပျိုးမြေထဲမှာမပါတော့ဘူး” ဟု ပေါင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်အောင်က ဆိုသည်။

သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိပြီးနောက် အဆိုပါ ၅၃၅ ဧကကို မူလပိုင်ရှင် တောင်သူ ၃၈ဦးက ဆက်လက်လုပ်ကိုင်လျက်ရှိရာ ယခင်နှစ်များက လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိခဲ့သော်လည်း ယခု ၂၀၁၇ခုနှစ်တွင် လယ်လုပ်ငန်းလုပ်နေစဉ် ဦးပိုင်ကုမ္ပဏီမှ လာရောက်ဟန့်တားမှုများရှိနေကြောင်း၊ တောင်သူများအနေဖြင့် ဘိုးဘွားပိုင် လယ်မြေများဖြစ်၍ လယ်ပိုင်ဆိုင်မှု အမည်ပေါက် ရရှိလိုကြောင်း၊ ဘိုးဘွား ပိုင်လယ်မြေကို ဆက်လက် လုပ်ကိုင်နေခြင်းကြောင့် လက်ရောက်ကျူးလွန်မှုဖြင့်တရားစွဲခံထားရသူ တစ်ဦးက ဆိုသည်။

Written by – မြစံပယ်ခိုင်

Add comment

Advertisement

Advertisement