ဘုန်းတော်ကြီးကျောင်းအနီးတွင် ပြုလုပ်မည့် ဘင်္ဂါလီအရေး ဆန္ဒပြမှုကို အင်ဒိုနီးရှား ပိတ်ပင်

0

မြန်မာနိုင်ငံမှ ဘင်္ဂါလီများအရေးနှင့် ပတ်သက်၍ ဂျကာတာမြို့လည်ရှိ ဗုဒ္ဓဘာသာ ဗောဒေါဗုဒေါ ဘုန်းတော်ကြီးကျောင်း အနီးတွင် ပြုလုပ်မည့် ဆန္ဒပြပွဲကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဆိုသည်။

တက်ကြွလှုပ်ရှားသူများသည် ကိုးရာစုနှစ်က တည်ဆောက်ခဲ့သော ဗေါဒေါဗုဒေါ ဘုရားကျောင်းအနီးတွင် စုဝေးကာ ရခိုင်ပြည်နယ်တွင် ဘာသာရေးဖိနှိပ်မှုများ မလုပ်ရန် ဆန္ဒပြရန် စီစဉ်ထားကြခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် မွတ်ဆလင်အများဆုံးနေထိုင်သော နိုင်ငံဖြစ်ပြီး မြန်မာ ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ဂျကာတာမြို့တွင် ပြုလုပ်ခဲ့ကြသကဲ့သို့ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူတွင်လည်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။

‘ဗေါဒေါဗုဒေါ်မှာ လုပ်မယ့် ဆန္ဒပြပွဲကို ပိတ်ပင်သွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ လုပ်ဆောင်နေတဲ့အတွက် ဆန္ဒပြပွဲတွေ လုပ်ဖို့ မလိုပဘူး’ ဟု အင်ဒိုနီးရှား ရဲချုပ် တီတို ကာနဗီယန်က သတင်းထောက်များကို ပြောသည်။

ဆန္ဒပြပွဲဦးဆောင်သူများကတော့ ၎င်းတို့အနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ သဘောထားကို ပြသတဲ့အနေနဲ့ ထိုဘုရားကျောင်းအနီးတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ပြောသည်။

ထို့အတူ ပြီးခဲ့သည့် အပတ် တနင်္ဂနွေနေ့ကလည်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ မြန်မာနိုင်ငံသံရုံးသည် မီးဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး မီးလောင်မှုအနည်းငယ် ဖြစ်ပွားခဲ့ကြောင်း ဂျကာတာရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

တနင်္ဂနွေနေ့ နံနက် ၂နာရီ ၃၅ မိနစ်ခန့်တွင် သံရုံးကျောဖက်သို့ ကင်းလှည့်သွားသော ရဲဝန်ထမ်းတစ်ဦးက သံရုံးဒုတိယထပ်တွင် မီးစွဲနေသည်ကို တွေ့ရှိသဖြင့် သံရုံးမျက်နှာစာတွင် စောင့်နေသော အစောင့်များအား သတိပေးခဲ့ကြောင်း ဂျကာတာ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source: Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here