မုဒွန်းတောင်ခြေရှိ စမ်းချောင်းတွင် ပုပ်ပွနေသည့် အမျိုးသားတစ်ဦးအလောင်း တွေ့ရှိ

0

ချောင်းဆုံ၊ ဇူလိုင် ၁၇

ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာ၊ ကျောက်သင်ပုန်းတောင်ခြေရှိ စမ်းချောင်းထဲတွင် ဇူလိုင်လ ၁၇ ရက် နံနက် ၉ နာရီခန့်က ပုပ်ပွနေသည့် အမျိုးသားတစ်ဦးအလောင်း တွေ့ရှိခဲ့ကြောင်း ယင်းကျေရွာဒေသခံများထံမှ သိရသည်။

“ရွာကလေးတွေက စတွေ့လို့ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားလိုက်တယ်၊ ပုပ်ပွနေတဲ့ အလောင်းကို ရွာကသူတွေ လာရောက်ကြည့်တော့ ဒီရွာက ဦးအောင်ဝင်းဖြစ်နေတာတွေ့ရတယ်၊ သူကတော့ ရွာထဲမှာ ဆွေမျိုးသားချင်းတွေကလည်း သူနဲ့ အတူမရှိကြဘူး၊ အမြဲတမ်းအရက်မူးနေတာပဲ တွေ့နေရတယ်”ဟု ဒေသခံဖြစ်သူ ဦးအောင်လွင်စိုးက ပြောသည်။

 

 

သေဆုံးသူ ဦးအောင်ဝင်းသည် လွန်ခဲ့သော လေးရက်ခန့်က ရပ်ကွက်တွင် ပျောက်ဆုံးနေခဲ့ပြီး ၎င်းမှာ မသေဆုံးခင်က တောအတွင် ဝါဆိုမှိုလိုက်ရှာရာမှ စမ်းချောင်း၌ ပြုတ်ကျသေဆုံးနိုင်ဖွယ်ရှိသည်ဟု ရပ်ကွက်ဒေသခံပြည်သူများကို စစ်ဆေးမေးမြန်းသိရှိခဲ့ရကြောင်း ချောင်းဆုံမြို့မရဲစခန်းမှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦး ဆိုသည်။

 

ဦးအောင်ဝင်း သေဆုံးနေမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခဲ့ရခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် ချောင်းဆုံမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၂/ ၂၀၁၇ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယင်းနယ်မြေရဲစခန်းမှတ်တမ်းအရ သိရသည်။

ဓာတ်ပုံ- လွတ်လပ်မောင်
သတင်း- ခေတ်မင်း

LEAVE A REPLY

Please enter your comment!
Please enter your name here