မော်လမြိုင်ကမ်းနားလမ်းကို အဆင့်တန်းမီပြီး သန့်ရှင်းသပ်ရပ်မှုရှိစေရန် ပြန်လည်ဖော်ထုတ်သင့်

120

မော်လမြိုင်၊ ဒီဇင်ဘာလ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် ခရီးသွားများ စိတ်ဝင်စားမှုများလာစေရန်အတွက် အဆင့်တန်းမီပြီး သန့်ရှင်းသပ်ရပ်မှုရှိအောင် ပြန်လည်ဖော်ထုတ်သင့်ကြောင်း မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချန်ထွန်းက ပြောကြားသည်။

“မော်လမြိုင်ကို လာလည်ကြတဲ့ခရီးသွားတွေထဲမှာ ၈ဝ ရာခိုင်နှုန်းလောက်ကတော့ ကမ်းနားလမ်းကိုရောက်ဖူး ကြတာကြီးပဲ၊ အဲတော့ကမ်းနားလမ်းရဲ့အလှကို အဆင့်တန်းမီပြီး သန့်ရှင်းသပ်ရပ်မှုရှိအောင် ဖော်ထုတ်သင့် တယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်သို့ လာရောက်ကြသော ခရီးသွားဧည့်သည်များသည် ကမ်းနားလမ်းရှိရေပေါ်ဈေးတွင် အနားယူစားသောက်ကြသောကြောင့် ဈေးသည်များအနေဖြင့် သန့်ရှင်းလတ်ဆက်သော အစားအသောက်များကိုသာ ရောင်းချသင့်ကြောင်း ၎င်းကဆိုသည်။

“အရင်ဆုံး မော်လမြိုင်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကမ်းနားလမ်းက ဖွံ့ဖြိုးဖို့လိုတယ်၊ ခရီးသွားတွေကို ဒီထက်မက ဆွဲဆောင်မှုရှိလာအောင်ကို လုပ်ဆောင်သင့်တာပေါ့”ဟု မွန်ပြည်နယ် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးမင်းဗညားစန်းက ပြောသည်။

ရေပေါ်ဈေးရှိ အစားအသောက်များကို မကြာခဏ FDA စစ်ဆေးပေးသင့်ပြီး သန့်ရှင်းမှုမရှိသောဆိုင်များ ကိုလည်း အရေးယူသင့်ကြောင်း ၎င်းက ဆိုသည်။

“လူတွေကလည်း ကမ်းနားလမ်းမှာ မနက်စောစောထပြီး အမှိုက်ပစ်တာတွေမလုပ်သင့်ဘူးလေ၊ ကမ်းနားလမ်းကလှတယ်၊ ဒါပေမယ့် ဘေးမှာအမှိုက်တွေက ပြည့်နေတာတော့ တော်တော်ဆိုးတယ်”ဟု မော်လမြိုင်ကမ်းနားလမ်းအနီးနေထိုင်သူ မအေးမို့မို့ဇော်က ပြောသည်။

မော်လမြိုင်မြို့ ကမ်းနားလမ်းသန့်ရှင်းမှုသည် မြို့ခံများနှင့်သက်ဆိုင်ပြီး ကမ်းနားလမ်းတွင် စည်းကမ်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကိုလည်း ဝိုင်းဝန်းထိန်းသိမ်းသင့်ကြောင်း ၎င်းက ပြောသည်။

ပြည်နယ်တွင်း ဟိုတယ်လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်သင့်သည်များကို ဆွေးနွေးညှိနှိုင်းဖို့အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒီဇင်ဘာလအတွင်း တွေ့ဆုံနိုင်ရန်ကြိုးပမ်းနေကြောင်း မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချန်ထွန်းက ဖြည့်စွက်ပြောသည်။

Written by ထိုက်ထိုက်

LEAVE A REPLY

Please enter your comment!
Please enter your name here