မော်လမြိုင်အိမ်ဆိုင်များရှေ့ ဖြတ်လျှောက်ခြင်း

77

အိမ်ဆိုင်…..

ဘာမှတော့မထူးဆန်း။ မြို့ပြနှင့် ကျေးလက်၏ လူနေစု ရပ်ကွက်တကာ၌ လမ်းကြိုလမ်းကြားပါမကျန် ဟိုဟိုသည်သည် နေ့စဉ်မြင်တွေ့နေကျ မြင်ကွင်းများထဲမှ မထူးထွေမဆန်းပြားသည့် ပုံရိပ်။ လူသုံးကုန်ပစ္စည်းဈေးကွက်ယန္တရား၏ အသေးငယ်ဆုံးအစိတ်အပိုင်း၊ အောက်ခြေလူတန်းစားအစ လူလတ်တန်းစား၊ အစိုးရဝန်ထမ်းအပါအဝင် သူသူငါငါအလွှာစုံ နေ့ညအစဉ် ထိတွေ့ဆက်ဆံပတ်သက်နေရသည့် ကုန်စည်ရပ်ဝန်းငယ်။
ရင်းနှီးကျွမ်းဝင်လွန်း၍ ရိုးအီနေပြီဖြစ်သည့် လူမှုဘဝရှုခင်းမှ ပုံရိပ်တစ်စွန်းတစ်စဟု ဆိုနိုင်သည်။

အိမ်ဆိုင်တစ်ဆိုင်၊ အရင်းသုံးရင်း
“အိမ်ဆိုင်ဆိုတာ အကြွေးပေးထားရတာက တစ်ရင်း၊ ဆိုင်ပေါ်တင်ထားရတာက တစ်ရင်း၊ အသစ်ထပ်ဖြည့်ဆည်းဖို့က တစ်ရင်းဆိုပြီး အရင်းသုံးရင်းရှိရတယ်“

မော်လမြိုင်မြို့၊ မောင်ငံရပ်မှ အိမ်ဆိုင်ပိုင်ရှင်တစ်ဦးက တစ်နေ့တာ ရောင်းကြေးငွေစက္ကူအနွမ်းလေးများကို သူ့အမျိုးအစားနှင့်သူ စီထပ်ရင်း ယင်းသို့ မှတ်ချက်စကားဆိုသည်။ နေ့စဉ်နှင့်အမျှ သူထိတွေ့နေရသည့် ဖောက်သည်တို့၏ လူမှုဘဝကရော ထိုငွေစက္ကူကလေးများနှယ် နွမ်းယဲ့ယဲ့ဟု ဆိုနိုင်မလားမသိချေ။

အိမ်ဆိုင်တို့၏ ထုံးစံ၊ မြင်နေကျတွေ့နေကျ ကုန်ပစ္စည်းများ၊ သမားရိုးကျဆန်လွန်းသည့် စီရီခင်းကျင်းထားမှု၊ လူ့တစ်ရပ်စာမလွတ်တလွတ်အမြင့်တွင် မညီမညာချိတ်ဆွဲပြသထားမှုများ၊ မုန့်ပဲသရေစာ၊ ကလေးကစားစရာများအပါအဝင် မီးဖိုဆောင်သုံးပစ္စည်းနှင့် လူသုံးကုန် အမျိုးမျိုး။

နိစ္စဓူဝ မြင်နေရသည့် မြင်ကွင်းမို့ ရိုးအီနေပြီး ဆွဲဆောင်မှုကင်းမဲ့လွန်းလှပါသည်။ ပြောရလျှင် တဆိတ်အမြင်ရှုပ်ထွေးပြီး အာရုံနောက်ကျိဖွယ်ပင် ကောင်းသေးတော့သည်။

သို့တစေ…..
တစ်ကွက်ချင်း၊ တစ်တန်းချင်း သေချာစေ့ငု လေ့လာကြည့်မည်ဆိုပါက (ဆိုခဲ့သလို) မျက်မှောက်ခေတ် လူမှုဘဝရှုခင်း၏ တစိတ်တဒေသကို ငဲ့စောင်းအကဲခတ်မိနိုင်သည်။ နေ့စဉ်နှင့်အမျှ စားသောက်သုံးစွဲနေကျ စားသောက်ကုန်နှင့် လူ့အသုံးအဆောင်များ ယနေ့လူတွေ ဘာတွေကို နေ့စဉ်စားသုံးနေ၊ ဘယ်ပစ္စည်းတွေကို ပုံမှန် သုံးစွဲနေသလဲ။ နေ့စဉ်ဘဝကို မည်သည့် လူသုံးကုန်အမျိုးအစားဖြင့်၊ အရေအတွက် ပမာဏမည်ရွေ့မည်မျှဖြင့် ဖြတ်သန်းနေကြသနည်း။

ယင်းသည်ပင်လျှင် ခေတ်ပြကြေးမုံ ပုံရိပ်ရှုထောင့်တစ်ကွက်ဟု ဆိုကောင်းဆိုနိုင်ပေလိမ့်မည်။ မည်သို့ဆိုစေ အိမ်ဆိုင်တစ်ဆိုင်၏ ရပ်တည်မှု၌ အရင်းအနှီးသုံးရပ်လိုအပ်သည်ဟု မော်လမြိုင်မြို့ခံ အိမ်ဆိုင်ပိုင်ရှင် တစ်ဦးက ဆိုလေသည်။

အိမ်ဆိုင်ဘယ်ကစ

အဆိုပါအိမ်ဆိုင်ကလေးများ၏ ကနဦးအစကားအဘယ်နည်း။
နှစ်ဆယ်စုချီ၍ အဆက်ဆက်ပြောင်းလဲလာသည့် မြန်မာ့လူမှုဘဝဖြစ်စဉ်ဝယ် ထိုမေးခွန်းမှာ ဘဲဥအစရှာမရသလို အဖြေအမျိုးမျိုးထွက်နိုင်သည်။

မော်လမြိုင်တက္ကသိုလ်သမိုင်းပါမောက္ခ (ငြိမ်း) ဦးအံ့ကျော်က ယခုကဲ့သို့ တစေ့တစ်စောင်း သုံးသပ်ပြပါသည်။
“မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် သမဝါယမဆိုင်တွေ မအောင်မြင်ခဲ့ဘူး။ ဖဆပလခေတ်က ရှာထားတာတွေကို မဆလခေတ်မှာ သမဝါယမဆိုင်ဖွင့်ပြီး ဖြုန်းပစ်တာပဲ။ သမဝါယမက ရောင်းမစွံတဲ့ ပစ္စည်းနဲ့ ရောင်းကောင်းမယ့်ဟာကို တွဲ တွဲရောင်းတယ်။ သမဝါယမဆိုင်တွေ ပိတ်ပြီး နောက်ပိုင်းမှ ရပ်ကွက်ထဲမှာ အိမ်ဆိုင်လေးတွေပေါ်လာတယ်“
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်တွင် အဓိကစားသောက်ကုန် ဆန်ကိုပင် ခွဲတမ်းကျတန်းစီဝယ်ယူရသည့် စနစ်ထွန်းကားခဲ့သည်။ လူသုံးကုန်အချို့ကိုဆိုလျှင် မဲနှိုက်ဝယ်ယူရသည့်အထိ ကုန်ပစ္စည်းရှားပါးခဲ့ဖူးသည်။ ရောင်းလိုအားထက် ဝယ်လိုအားက အဆမတန်ကြီးထွားလာချိန်တွင် မှောင်ခိုဟူသော ဝေါဟာရက တွင်ကျယ်ခေတ်စားလာသည်။

လူက ကုန်ပစ္စည်းကို ရွေးချယ်ခွင့်မရှိဘဲ ကုန်ပစ္စည်းက လူကို ရွေးချယ်တော့မတတ် ဆာလောင်ခဲ့ရသော ကာလများဟုပင် ဆိုရတော့မလားမသိ။ အိမ်ဆိုင်ကလေးများမှာ ထိုအချိန်ကတည်းက တိုးတိုးတိတ်တိတ်သန္ဓေတည်လာသည်ဟု ဆိုနိုင်လေမလား။သိပ်တော့မသိချေ။

“ဈေးကွက်စီးပွားရေးစနစ်“ ဟူသော အသံများ ကျယ်ကျယ်လောင်လောင်ကြားလာရသည့် ၁၉၉ဝ ဝန်းကျင်တွင် လူသုံးကုန်တို့မှာ ပြည်တွင်းဈေးကွက်သို့ တာရိုးကျိုးပေါက်လာသည့်နှယ် တရဟော စီးဝင်လာသည်။ ရွေးချယ်၍ လက်မလည်သည်မှ ဝယ်ယူ၍ပင်မည်သို့မျှ မစွမ်းနိုင်လောက်အောင် အတိုင်းအတာထိပါပေ။ ပြောရလျှင်လူက ကုန်ပစ္စည်းအပေါ်ရွေးချယ်ခွင့်တို့ ဆထက်လွန်ကဲ ကျယ်ဝန်းများပြားလာခဲ့သည်။

ဥပမာတစ်ခုဆိုရသော် ယခင်က မိသားတစ်စုလျှင် သွားတိုက်ဆေးတစ်ဗူးနှုန်းကျဝယ်ယူခွင့်ရသည့်ခေတ်မှ တစထက်တစတိုးလာကာ သွားတိုက်ဆေးဆိုလျှင် မည်သည့်တံဆိပ်နည်း။ မည်သည့်အရောင်နည်း။ မည်သည့်ရနံ့ကို ရွေးချယ်မည်နည်း။ အရသာပင် ပူရှိန်းရှိန်းလော၊ ပုံမှန်လော စသဖြင့် မေးခွန်းထုတ်နိုင်လာသည်။ ရွေးချယ်ခွင့်၊ တောင်းဆိုခွင့်ကျယ်ပြန့်လာသည်။ သွားတိုက်ဆေးအသားမှာရော မပျစ်မကျဲ ဂျယ်လား။ သာမာန်အဖြူလား။ စိတ်ကြိုက်၊ သဘောရှိ။ နောက်ပိုင်းတစစ သွားတိုက်ဆေးသားကို ညှစ်ထုတ်ယူလိုက်သည်နှင့် အဖြူ၊ အနီ၊ အပြာ အစင်းကျားသုံးရောင်ခြယ်ထွက်လာသည့်တိုင် မဟုတ်ပါလား။ ဤကား သွားတိုက်ဆေးတစ်မျိုးတည်းကိုသာ ဥဒါဟရုဏ်ပြု၊ သာဓကဆောင်ပြခြင်းသက်သက်သာရှိပေသေးသည်။

အခြားအခြေခံစားသောက်ကုန်အစ၊ အဝတ်အထည်အပါအဝင် အိမ်တွင်းအသုံးအဆောင်တိုင်းလိုလို ရွေးချယ်ဝယ်ယူနိုင်ခွင့်မှာ ဝင်ငွေနှင့် လက်လှမ်း၍မျှ မီနိုင်ဖွယ်ရာမရှိသည်အထိ ဈေးကွက်က ကျယ်ပြန့်နက်ရှိုင်းလာသည်။

အိမ်ဆိုင်၏ အစနိဒါန်းကို မဖြေဆိုနိုင်သေးမီမှာပင် ရပ်ကွက်အတွင်းအိမ်ဆိုင်တို့ မှိုလိုပေါက်လာသည်သာမက ခေတ်မီစတိုးဆိုင်၊အဆင့်မြင့် အရောင်းစင်တာ၊ အရောင်းပြခန်းတို့အပြင် မီနီမားကက်၊ စူပါမားကက်တို့က လူ့အဖွဲ့အစည်း၏ နေရာအနှံ့ အပြိုင်းအရှိုင်းပေါ်ပေါက်လာကာ ခိုင်ခိုင်မာမာရပ်တည်နေနှင့်ချေပြီ။ ဆယ်စုနှစ် နှစ်ခု သုံးခုအတွင်းမှာပါပေ။ အိမ်ဆိုင်အစကနဦးကို တိတိပပ ဖြေဆိုနိုင်ရန် ခက်ခဲဆဲ။

ယနေ့အိမ်ဆိုင်နှင့် အကြွေးဝဲဂယက်

“တချို့ဆိုရင် အကြွေးပေးထားရတယ်။ ကိုယ်ကလည်း အကြွေးနဲ့ပဲ ဝယ်ထားရတယ်ပေါ့။ ပြေလည်တဲ့အခါ လာပေးကြတယ်။ လေး၊ ငါး၊ ဆယ်ရက်၊ တစ်ပတ်စသဖြင့်ပေါ့။ ယူထားတဲ့ တန်ဖိုးပမာဏကို နည်းနည်းချင်းခွဲပေးတယ်။ ဆိုင်စပြီးထူထောင်ကာစဆိုရင် ပိုက်ဆံက ပြန်ပေါ်မလာတော့ဘူး။ ဒီအတိုင်းပဲ မြုပ်သွားတယ်။ အရင်းကို ပြန်မတွက်နိုင်သေးဘူး။ ဒီထဲမှာပဲ လည်နေတယ်“ ဟု မြိုင်သာယာရပ်ကွက်မှ အိမ်ဆိုင်ပိုင်ရှင် ဦးကိုကိုလွင်က အိမ်ဆိုင်တစ်ဆိုင်၏လုံးချာလည်ငွေစီးကြောင်းတစွန်းတစကို ဖွင့်ဆိုသည်။

ယင်းမှာလည်း ဦးကိုကိုလွင်တို့လို အလတ်စားကုန်စုံဆိုင်ရှင်များသာမက ပြည်နှင့် အဝှမ်းလုံးမှ အိမ်ဆိုင်ပိုင်ရှင်တိုင်းလိုလို ကြုံတွေ့ဖြတ်သန်းနေရသည့် အရိုးဆုံးသော ကိုယ်တွေ့ဇာတ်လမ်းများပါပေ။

အိမ်ဆိုင်ပိုင်ရှင်နှင့် ဝယ်ယူသူဖောက်သည်တို့မှာ တစ်ရပ်ရွာတည်းသားချင်း မျက်နှာနာရသူများဖြစ်နေပြန်သောအခါ အကြွေးစနစ်မှာ နှစ်ဦးနှစ်ဖက်လက်မခံလိုသည့်ကြားမှ တွင်တွင်ကျယ်ကျယ် လည်ပတ်လာသည်မဟုတ်ပါလား။

မော်လမြိုင်၊ သာယာအေးရပ်ကွက်မှ အိမ်ဆိုင်ရှင် ဒေါ်ဌေးက
“ဒီလိုအိမ်ဆိုင်ဖွင့်ရောင်းရတာ လူမချမ်းသာပေမယ့် စိတ်ချမ်းသာပါတယ်။ ငယ်ငယ်က ကျွန်မတို့အမေ ပြောထားဖူးသလို “မလှူနိုင်သေးရင် ဈေးရောင်း“ တဲ့၊ သူများသူဌေးတွေလို မလှူနိုင်တော့ ဈေးရောင်းရင်း အလှူလုပ်ရတာပေါ့“ ဟု ကုန်ပစ္စည်းအချို့ကို နေသားတကျပြန်စီရင်းက ပြောသည်။ တဆက်တည်းမှာ ဆိုင်နံရံတွင် ချိတ်ဆွဲထားသည့် “အကြွေးသည်းခံပါ“ ဆိုသည့် ဆိုင်းဘုတ်စာတမ်းလေးကို အနည်းငယ်ပြန်တည့်ပေးလိုက်ရင်း-
“အခုလို ခေတ်မီတိုးတက်လာတော့ မြို့ထဲဘက်မှာ စတိုးဆိုင်အကြီးကြီးတွေ များလာတာပေါ့။ ကောင်းပါတယ်။ ဒါပေမယ့် အများစု၊ တစ်နေ့လုပ်တစ်နေ့စား မိသားစုတွေအတွက် ခုလို အိမ်မှာဈေးဆိုင်လေးဖွင့်ပေးထားတော့ ရပ်ကါက်ထဲက သူတွေအဆင်ပြေလိမ့်မယ်လို့ထင်…“
စကားလက်စမသတ်နိုင်မီမှာပင် “အမေက အဖေပြန်လာမှ မနေ့ညနေကဟာနဲ့ ပေါင်းပေးတော့မယ်တဲ့“ ဆိုသံနှင့်အတူ ၁ဝ နှစ်ခန့်အရွယ်မိန်းကလေးတစ်ယောက်ကမ်းပေးလာသော ဆီပုလင်းကို လှမ်းယူလိုက်လေသည်။

လေပြည်တစ်ချက်အသုတ်တွင် ထိုကလေးမ ဝတ်ဆင်လားသော ဂါဝန်ညစ်နွမ်းနွမ်းလေး၏ အနားစများ လှုပ်ခါသွားသလို ဆိုင်နံရံအမြင့်တစ်နေရာရှိ “ကြွေးယူပြုံးပြုံး၊ တောင်းတော့မုန်း၊ မဆုံးသော်လည်း မိတ်ပျက်၏ “ ဆိုသည့် ပိုစတာမှ စာတမ်းလေးမှာ လေနှင့်အတူ တဖျတ်ဖျတ် လူးလွန့်နေသယောင်။

“အခုဆိုရင် ဈေးပစ္စည်းတွေကအစ ရောင်းချပေးတဲ့ ကုမ္ပဏီတွေ လက်ကားဖြန့်ချိရေးတွေများလာတော့ ကျွန်တော်တို့က အဲဒီကနေ ခေါက်ပြန်ပေးစနစ်နဲ့ ပစ္စည်းတွေမှာယူပြန်ရောင်းရတယ်။ မြို့ထဲဆိုင်က ၂ဝဝ တန်ပစ္စည်းကို ကျွန်တော်တို့ဆီမှာတယ်။ ၂ဝဝ နဲ့ပဲ ပေးဝယ်ရတယ်ဆိုတော့ ဖောက်သည်က အချိန်ကုန်ခံခရီးဖင့်ခံပြီး မြို့ထဲသွားဝယ်နေစရာမလိုတော့ဘူး“
ငန်းတေးရပ်ကွက်မှ ဦးလှိုင်၏ ပြောကြားချက်အရ အိမ်ဆိုင်များတွင် လက်လီရောင်းချသည့် ဈေးနှုန်းနှင့် လက်ကားဈေးနှုန်းကွာဟချက်နည်းပါးကြောင်း သိရှိရသည်။ အရည်အသွေးကွာဟမှုကရော မည်သို့နည်း။

ကုမ္ပဏီများနှင့် လက်ကားအရောင်းဆိုင်မှ ဖြန့်ချိရေးကွန်ယက်မှာ ဈေးကွက်တွင် ပိုမိုကျယ်ပြန့်လာ၊ လတ်တံရှည်လာရာ စားသုံးသူဘက်မှ အခွင့်တပန်းသာလာသည်ဆိုနိုင်မည်လော။

“အိမ်ဆိုင်တွေက သိုလှောင်စရိတ်ကုန်ကျစရာမလိုဘဲ ဂိုဒေါင်သဘောကို ဆောင်လာတယ်“ ဆိုသော ရန်ကုန်မြို့မှ လက်ကားအရောင်းကိုယ်စားလှယ်တစ်ဦး၏ စကားက ဈေးကွက်ယန္တရားလည်ပတ်မှုဖြစ်စဉ်၌ ကုန်စည်စီးဆင်းမှုရော ငွေကြေးလည်ပတ်မှုတွင်ပါ အရေးပါသည့် (အိမ်ဆိုင်၏) အရိုးရှင်းဆုံးအခန်းကဏ္ဍဟု ဆိုရချေမည်။

အကြွေးစနစ်သည်လည်း လက်လီလက်ကားရောင်းချမှုတိုင်း၌ ငွေစီးကြောင်း အရှိန်ကို ပိုမိုချောမွေ့စေမည့် တွန်းအားရော ဆွဲအားပါဖြစ်သည်ဟု ဆိုနိုင်မည်လား။

ဝင်ငွေထွက်ငွေမရေလည်သည့် ဆင်းရဲသားအောက်ခြေလူတန်းစား၏ မီးဖိုဆောင်အသေးသုံးစရိတ်အစ လူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်းအထိ ငွေကြေးလိုအပ်ချက်ကို အိမ်ဆိုင်များက တထောင့်တနေရာမှ အားဖြည့်ထားသည်ဟုတော့ ဆိုနိုင်ပေသည်။

အိမ်ဆိုင်ကိုချဲ့မလား

မော်လမြိုင်၊ ဂွေးကုန်းရပ်ကွက်မှ အိမ်ဆိုင်ရှင် အမီနာက
““ကျွန်မတို့မှာ အရင်းအနှီးမရှိတော့ ဒီလိုဆိုင်သေးသေးလေးပဲ ဖွင့်နိုင်တာပေါ့။ ရပ်ကွက်ထဲမှာ ချေးငွေတွေလိုက်ချေးပေးနေတဲ့ အဖွဲ့တွေလာတယ်ဆိုတာတော့သိတယ်။ ဒါပေမယ့် မချေးရဲဘူး။ ချေးပြီး ဈေးရောင်းရင်းပြန်ဆပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ပြန်မဆပ်နိုင်ရင် ဖြစ်ဖြစ်၊ ကိုယ်နဲ့အတူ ချေးထားတဲ့သူက မဆပ်နိုင်ရင်၊ ထွက်ပြေးသွားရင် ကျန်ခဲ့မယ့်ကိုယ်က စိုက်လျော်ရမယ်ဆိုလို့ မချေးရဲတာ…..“ ဟု ဆိုသည်။

ငွေကြေးအရင်းအနှီး အလုံးအထည်ကြီးလာသည့်နည်းတူ အကျိုးအမြတ်ကလည်း ကျွဲကူးရေပါဆိုသလို တရိပ်ရိပ်မြင့်တက်လာမည်ဟုတော့ အိမ်ဆိုင်များ၏ အခြေအနေက အာမမခံနိုင်ချေ။

သိမ်ကုန်းရပ်ကွက်မှ ကုန်စုံဆိုင်ရှင် ဒေါ်မိုးက “ရောင်းအားက ကျွန်မတို့ဒီမှာ ရောင်းလာတာ ၁ဝ နှစ်လောက်ကြာပြီ။ အရင်တုန်းကနဲ့စာရင် ခုချိန်မှာ ရောင်းအားက တော်တော်ပါးလာတယ်။ ဆိုင်ကြီးတွေပေါ်လာတာလည်း ပါတယ်ပေါ့နော်“ ဟု သုံးသပ်သည်။

ဆိုင်ကြီးနှင့်ဆိုင်ငယ် ဈေးနှုန်းကွာဟချက်။ နည်းပါးသည်ဆိုခြင်းက အိမ်ဆိုင်များအတွက် အားသာချက်ဖြစ်စေသလို အားနည်းချက်လည်း ဖြစ်သွားနိုင်သည်ဟု အချို့ကဆိုသည်။ စတိုးဆိုင်ကြီးများ၏ ထုပ်ပိုးမှုပုံစံ ကျင်လည်သပ်ရပ်မှုနှင့် ခေတ်မီအခင်းအကျင်းအပြင် ချောမွေ့ပြေပြစ်သော ဝန်ဆောင်မှုတို့ကလည်း ဖောက်သည်အပေါ် ဆွဲဆောင်မှု အရှိန်အဝါသက်ရောက်မှုမနည်းလှဟု ဆိုရမည်။

မော်လမြိုင်မြို့ခံလူငယ် ကိုစိုးထိုက်၏ အဆိုအရ “Convenience Store တွေ ခုဆို ခပ်စိပ်စိပ်လေးတွေ့လာရတယ်။ သူတို့ဆီမှာ ဝယ်ယူရတာက ဈေးနှုန်းမကွာဘူးဆိုရင် အရည်အသွေးရော ဝန်ဆောင်မှုပါ အာမခံချက်ရှိတယ်လို့ ခံစားရတယ်။ ကြားဖူးထားတာတစ်ခု ပြန်ပြောပြရရင် အနည်းဆုံးတော့ အိမ်ဆိုင်တချို့မှာလို ကြက်ဥသုံးလုံးသွားဝယ်တာ တစ်လုံးပုပ်နေလို့ ပြန်သွားပြောလိုက်တဲ့အခါ “အဲဒါကျုပ် ဥထားတဲ့ ကြက်ဥမဟုတ်ဘူးတော့်“ လို့ အပြောမခံရတော့ဘူးပေါ့“ ဟု သူကြားဖူးနားဝရှိထားသည်ကို ရယ်ကာမောကာ ဖောက်သည်ပြန်ချသည်။

၂၄ နာရီအချိန်မရွေးဝယ်ယူနိုင်ခြင်းကလည်း အဆိုပါ Convenience Store များဘက်မှ အားသာချက်ရှိသည်ဟု ကိုစိုးထိုက်က ဖြည့်စွက်ပြောသည်။

အခြေတကျတည်ရှိလည်ပတ်နေသော အိမ်ဆိုင်များသည်ပင်လျှင် အကျိုးအမြတ်ကို တွက်ချက်ချိန်စက်ရန် မလွယ်ကြောင်း မော်လမြိုင်၊ မောင်ငံရပ်ကွက်မှ ဆိုင်ရှင်အချို့ကလည်း ဆိုကြသည်။

““ဟိုဘက်ခေတ်ကတည်းက အရပ်ထဲဈေးထဲမှာ လုပ်ကြပြုကြသလို နီးစပ်ရာလူတွေစုပြီး စုကြေးထည့်ဝင်တာမျိုးလုပ်ရင် မသိမသာ အရင်းအနှီးပိုပိုများလာနိုင်သလို အကျိုးရလာဒ်လည်း တစတစမြင့်လာမယ် မျှော်လင့်ရတယ်“ ဟု ပန်းဘဲတန်းရပ်ကွက်မှ ဆိုင်ရှင်တစ်ဦးက ပြောသည်။ တဆက်တည်းမှာပင် ယင်းသည်လည်း ရာနှုန်းပြည့်စိတ်ချယုံကြည်အားထားရသော နည်းလမ်းတစ်ရပ်အဖြစ် ၎င်းကိုယ်တိုင် မယုံကြည်ကြောင်း ဝန်ခံလေသည်။ ချေးငွေအားကိုးဖြင့် အိမ်ဆိုင်ကို တိုးချဲ့နိုင်ရန်မှာ အကြွေးစနစ်၏ ဟန့်တားမှုကြောင့် ပိုမိုခက်ခဲ သွားနိုင်ခြေရှိကြောင်း ၎င်းက သုံးသပ်သည်။

“နောက်တော့လည်း ဆိုင်ခန်းလခအနေနဲ့ ဘာတစ်ပြားတစ်ချပ်ပေးစရာလိုတာမှတ်လို့ဆိုပြီး ကိုယ်ဘာသာတစ်ယောက်တည်း ကျိတ်ဖြေလိုက်ရတဲ့ အခါတွေလည်းရှိတယ်“
မရွေ့မလျားအိမ်ဆိုင်
“ခေတ်ကရွေ့ချင်ရွေ့မယ်၊ စနစ်လည်း ရွေ့ချင်ရွေ့လိမ့်မယ်၊ ကျွန်တော်တို့ အိမ်ဆိုင်ဆိုတာမျိုးက နေရာလည်း မရွေ့ဘူး။ စီးပွားရေးလည်းမရွေ့ဘူး“ ဟု ဒေါ်လန်းရပ်ကွက်မှ ကိုခင်ဇော်က ရယ်ရွှန်းပတ်ရွှန်းဖြင့် ပြောသည်။ “လုပ်လက်စအရှိန်မပျက်ရုံ ဆက်ထိန်းပြီး ဒီလိုပဲ ဟန်ချက်မပျက် မှေးလုပ်နေလိုက်တာပါပဲ“ ဟုလည်း အားမလိုအားမရဆိုသည်။

ကုန်ပစ္စည်းဝယ်ယူရောင်းချမှုနှင့် အစားအသောက်ဝယ်ယူသုံးစွဲမှုအပေါ် အခွန်နှုန်းအမြင့်ဆုံး ၁ဝ နိုင်ငံစာရင်းတွင် မြန်မာမှာ တတိယမြောက်နိုင်ငံဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံအခြေစိုက် World Economic Forum (NGO) က ယခုနှစ်ဦးပိုင်းကာလက ထုတ်ပြန်ကြေညာသည်။

ဆိုင်ခန်းနေရာစရိတ်သက်သာခြင်း၊ လက်ကားဖြန့်ချီရေးကွန်ယက်ကျယ်ပြန့်မှုကြောင့် သယ်ယူစရိတ်နည်းပါးခြင်းစသည့် အားသာချက်များကို အိမ်ဆိုင်များအနေဖြင့် ပိုင်ဆိုင်ထားသည့်တိုင် အခွန်အခကြီးမြင့်သည်ဆိုခြင်းမှာ မိမိတို့၏ အကျိုးရလဒ်အပေါ် သက်ရောက်မှု မလွဲမသွေရှိမည်ဖြစ်ကြောင်း ကိုခင်ဇော်က ထပ်မံပြောကြားသည်။ သူ၏ မှတ်ချက်ပြုစကားအရ ဆိုရလျှင် မြန်မာ့အိမ်ဆိုင်အချို့“ အခြေအနေမှာ
“ယနေ့ရောင်းရငွေသည် မနက်ဖြန်အတွက်အရင်းဖြစ်သည်“
နောက်
“ယနေ့ရောင်းရငွေသည် ယနေ့အတွက် အရင်းဖြစ်သည်“
၎င်းနောက်
“ယနေ့ရောင်းရငွေသည် မနေ့ကအတွက်အရင်းဖြစ်သည်“ မှသည် နောက်ဆုံး၌
“ဆိုင်ရောင်းမည်“ ဟူသော ဆိုင်းဘုတ်မချိတ်ရရုံကမည်သာဟု ဆိုလေသည်။
ဘာလဲဟဲ့ ပြည်တွင်းဖြစ်
မော်လမြိုင်တက္ကသိုလ်မှ ဓာတုဗေဒတတိယနှစ်ကျောင်းသား ကိုအောင်စိုးသူက
“ကျွန်တော်လည်း အိမ်ဆိုင်တွေနဲ့ မကင်းရာ မကင်းကြောင်း ဖောက်သည်တစ်ယောက်ပါပဲ။ အဆင်ပြေတယ် မပြေဘူးကတော့ ဒါသူသူကိုယ်ကိုယ်သိပြီးသား ရင်းနှီးပြီးသား ကိစ္စတွေပါ။ ဒါပေမယ့်ဗျာ အိမ်ဆိုင်ပေါ်မှာ တင်ရောင်းနေတဲ့ ဖောက်သည်တွေဝယ်ယူရတဲ့ ပစ္စည်းတွေထဲမှာ တံဆိပ်ဘယ်နှခုလောက်များ ကိုယ့်ဘာသာစကားနဲ့ အမည်တပ်ထား၊ နာမည်ထိုးထား၊ စာလုံးဖော်ထားတာ ရှိလို့လဲ။ ပြည်တွင်းဖြစ်ဘယ်နှမျိုးများ တွင်တွင်ကျယ်ကျယ်ရောင်းနေရလို့လဲ“ ဟု သုံးသပ်ပြသည်။

အိမ်ဆိုင်လုပ်ငန်းမှာလည်း ပြည်တွင်းထုတ်ကုန်များကို ထိရောက်တွင်ကျယ်စွာ ရောင်းချဖြန့်ဖြူးနိုင်သည့် ဈေးကွက်အစိတ်အပိုင်းတစ်ခုမဟုတ်သလို စက်မှုထွန်းကားရာ အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းလာသည့် ကုန်စည်အများစုကို ဈေးကွက်အခြေအနေအရရော စားသုံးသူလိုအင်ဆန္ဒအရပါ ရောင်းချဖြန့်ချိပေးနေရသည့် အသေးစားအရောင်းကိုယ်စားလှယ်များချည့်သာ ဖြစ်နေကြောင်း သူ့အမြင်ကို ဖွင့်ဟသည်။ ကုန်စည်ဈေးကွက်၏ အသေးငယ်ဆုံးကဏ္ဍဟု ဆိုရမည့် အိမ်ဆိုင်များသို့တိုင် ပြည်ပမှတင်သွင်းကုန်တို့ ကျုယ်ကျယ်ပြန့်ပြန့် နေရာယူဝင်ရောက်နေခြင်းသည် မြန်မာ့အသေးစား၊အလတ်စားစက်မှုလက်မှုကုန်ထုတ်လုပ်ငန်းအတွက် နောင်ရေရှည်တွင် ကြီးမားသည့် အဟန့်အတားဖြစ်လာဖွယ်ရာရှိကြောင်း ကိုအောင်စိုးသူက အကျယ်တဝင့်သုံးသပ်စကားဆိုသည်။

ပြည်ပမှ မုန့်ပဲသရေစာအစ အခြေခံစားသောက်ကုန်၊ အိမ်သုံးဆေးဝါး အလယ် အဖျော်ယမကာအဆုံး စားသုံးသူတိုင်းနှင့် အနီးကပ်ဆုံးထိတွေ့ဆက်ဆံနေရသည့် အိမ်ဆိုင်များပေါ်မှ ဈေးကွက်ဝင်ရောင်းကုန်တို့အပေါ် အရည်အသွေးထိန်းကွပ်ကြပ်မတ်မှုကိုရော မည်သို့ဆောင်ရွက်နေသနည်းဟု မေးခွန်းထုတ်လိုကြောင်း သူကဆိုသည်။ ထို့ပြင်“ကြုံလို့အချိန်နည်းနည်းရရင် ကိုယ်နေ့စဉ်ရောက်နေတဲ့ အိမ်ဆိုင်ပေါ်မှာ ကိုယ့်ပြည်တွင်းဖြစ်စစ်စစ် ရောင်းကုန်ပစ္စည်းဘယ်နှမျိုးလောက် နေရာယူတွင်ကျယ်နေသလဲဆိုတာကိုလေ၊ တဆိတ်ကလေး အကဲခတ်လေ့လာကြည့်စမ်းပါ”ဟုလည်း ဆိုလေသည်။ ။

Written by – မြတ်သွင်ဦး

LEAVE A REPLY

Please enter your comment!
Please enter your name here