မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် တောင်ကိုရီးယား ၆၇ နှစ်အတွင်း ပထမဆုံး သဘောထားကွဲ

1

နှစ်ပေါင်းခုဆယ်နီးပါးပင် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် လွန်စွာရင်းနှီးသော မဟာမိတ်များဖြစ်ခဲ့ကြပြီး ၎င်းတို့စစ်သားများသည် ကိုရီးယားကျွန်းဆွယ်တွင်သာမက ဗီယက်နမ်၊ အာဖဂန်နစ္စတန်နှင့် အီရတ်တို့တွင်ပါ အတူတူ တာဝန်ထမ်းဆောင်ခဲ့ဖူးသော်လည်း ယခုအခါတွင် နှစ်နိုင်ငံအကြား ကွဲစပြုလာနေပြီဖြစ်သည်။

သမ္မတထရမ့်သည့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်လိုသော သဘောထားမှတ်ချက်များကို တွင်တွင်ပြောလာသည့်အခါ တောင်ကိုရီးယားအနေဖြင့် ၎င်း၏ ကာလရှည် မဟာမိတ်ကို အားကိုးလို့ ရမရ သံသယဝင်လာသည်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်းက မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် ကြိုးစားနေချိန်တွင် ထရမ့်က မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍ ‘စကားပြောနေတာတွေက အဖြေမဟုတ်ဘူး’ ဟု တွစ်တာတွင် ရေးခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် စနေနေ့ကလည်း တောင်ကိုရီးယားနှင့် ချုပ်ဆိုထားသော ငါးနှစ်ကြာ လွတ်လပ်စွာ ကုန်သွယ်ခွင့် စာချုပ်ကိုလည်း ဖျက်ပစ်မည်ဟု သမ္မတထရမ့်က ခြိမ်းခြောက်ခဲ့သည်။

‘မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ဆိုတာ ကျွန်တော်ပြောခဲ့သလို မဖြစ်နိုင်ဘူးဆိုတာ အခု တောင်ကိုရီးယားတွေ သိလာပြီ။ သူတို့နားလည်တာ တစ်ခုပဲရှိတယ်’ ဟု ထရမ့်က ရေးခဲ့သည်။

တောင်ကိုရီးယားသမ္မတ မစ္စတာမွန်းကတော့ ‘ဒီမြေပေါ်မှာ နောက်ထပ် စစ်ဖြစ်မှာကို လုံး၀ မလိုလားပါဘူး။ ကိုရီးယားကျွန်းဆွယ်မှာ နျူလက်နက် ကင်းရှင်းရေးအတွက် ကျွန်တော်တို့ မဟာမိတ်တွေနဲ့ အတူကြိုးစားဖို့ဆိုတဲ့ ရည်မှန်းချက်ကို စွန့်လွှတ်မှာ မဟုတ်ပါဘူး’ ဟု တနင်္ဂနွေနေ့က ထုတ်ပြန်သော ကြေညာချက်ထဲတွင် ပြောဆိုထားသည်။

ထို့အပြင် အရေးယူပိတ်ဆို့မှုများနှင့် ဖိအားတစ်ခုတည်းဖြင့် မြောက်ကိုရီးယားကို ဒုံးပျံနည်းပညာများ၊ နျူလက်နက်များ တိုးချဲ့နေမှုကို ရပ်တန့်အောင် လုပ်နိုင်မည်မဟုတ်ကြောင်း မစ္စတာမွန်းကဆိုသော်လည်း ထရမ့်ကတော့ ‘ကျည်ဆံနှင့် ဒေါသ’ နှင့် ကြုံရမည်ဟု မြောက်ကိုရီးယားကို ခြိမ်းခြောက်သည်။ ထရမ့်နှင့် မစ္စတာမွန်းအကြား ဖြတ်သန်းခဲ့ရသော အတွေ့အကြုံနှင့် နောက်ခံအချက်အလက်များ မတူခြင်းကြောင့် ၎င်းတို့နှစ်ဦး အမြင်ကွဲရခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

မစ္စတာမွန်းမှာ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးလှုပ်ရှားသော လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်ပြီး နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ ထရမ့်ကတော့ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

Source: New York Times

LEAVE A REPLY

Please enter your comment!
Please enter your name here