မွန်ပြည်နယ်မှာ တက်ရိပ် ပြနေတဲ့ စက်သုံးဆီဈေး တစ်နှစ်တာရဲ့ အမြင့်ဆုံးနှုန်း ရောက်ကာ ရန်ကုန်ထက်မြင့်နေ

83

မော်လမြိုင်၊ ဒီဇင်ဘာ ၇။

မော်လမြိုင်မြို့တွင် ဒီဇင်ဘာ ပထမအပတ်မှ စတင်၍ တရိပ်ရိပ် မြင့်တက်လာသော စက်သုံးဆီ ဈေးနှုန်း များမှာ ယခု ၂၀၁၇ တစ်နှစ်တာ အတွင်း အမြင့်ဆုံး နှုန်းထား အထိ ပေါက်ဈေး ရှိလာပြီ ဖြစ်ကြောင်း ရာဇာမင်း စက်သုံး ဆီဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အခုလက်ရှိ ဈေးနှုန်း ကတော့ တကယ့်ကို အမြင့်ဆုံး ဈေးနှုန်းပဲ၊ တစ်လီတာကို ကိုးရာ နီးပါးလောက် ရှိနေပြီလေ၊ အောက်တိုဘာ လကတည်းက ဈေးနှုန်းက သိသိ သာသာကို တက်လာတာ၊ လုံးဝကို ပြန်မကျ သွားဘူး”ဟု ၎င်းက ပြောသည်။

ဤဈေးနှုန်းသည် ၂ဝ၁၇ ခုနှစ် အတွင်းတွင် အမြင့်ဆုံး ဖြစ်နေသည် သာမက ရန်ကုန် ၊ မန္တလေးမြို့ရှိ ဈေးများထက်ပင် မော်လမြိုင်မြို့က စက်သုံးဆီဈေး ပိုမို မြင့်မား နေသည်။

ယခင် လများတွင် တစ်လီတာချင်း အလိုက် ပေါက်ဈေးမှာ ရိုးရိုးဒီဇယ် ၇၉ဝ ကျပ်၊ ပရီမီယံဒီဇယ် ၈၁ဝ ကျပ်၊ အောက်တိန်း 92 ၈ဝဝ ကျပ်၊ အောက်တိန်း 95 ၈၅ဝ ကျပ် ထိ ရှိခဲ့ရာမှ ဒီဇင်ဘာ ပထမအပတ်တွင် ရိုးရိုးဒီဇယ် ၈၁၅ ကျပ်၊ ပရီမီယံဒီဇယ် ၈၃၅ ကျပ်၊ အောက်တိန်း 92 ၈၂၅ ကျပ်၊ အောက်တိန်း 95 ၈၇၅ ကျပ်ထိ မြင့်တက်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

“စက်သုံးဆီ ဈေးကတော့ တက်နေ တာပဲ၊ နှစ်လ အတွင်းမှာ စက်သုံးဆီဈေးနှုန်းက တော်တော် ပြောင်းလဲသွားတာ၊ ကုမ္ပဏီက ချပေးတဲ့ ဈေးအတိုင်း ရောင်းနေရ တာပဲ၊ ရန်ကုန်ထက် စာရင် မော်လမြိုင်က ဈေးပို နေတယ်”ဟု Denko စက်သုံးဆီ အရောင်းဆိုင်မှ မန်နေဂျာ ဦးသန့်စင်က ပြောသည်။

ရန်ကုန်တွင် တစ်လီတာ ချင်းအလိုက် စက်သုံးဆီ ဈေးနှုန်း များမှာ ရိုးရိုးဒီဇယ် ၇၃၅ ကျပ်၊ ပရီမီယံ ဒီဇယ် ၇၇၅ ကျပ် ၊ အောက်တိန်း 92 ၇၄၀ ကျပ် ၊ အောက်တိန်း 95 ၇၃၅ ကျပ်သာ ရှိနေပြီး မော်လမြိုင်ဈေးနှင့် တစ်လီတာလျှင် ၃၅ ကျပ်မှ ၆၀ ကျပ် အထိ ကွာဟမှု ရှိနေသည်။

စက်သုံးဆီ ဈေးနှုန်း မြင့်တက်လာမှုကြောင့် နေ့စဉ် ပြေးဆွဲ နေရသည့် လိုင်းကားများ၏ အကျိုးအမြတ်လည်း နည်းပါး သွားကြောင်း မော်လမြိုင် အမှတ် (၇) ယဉ်လိုင်းမှ ဦးထွန်းနိုင်က ပြောသည်။

“အရင်တုန်းက ဆိုရင် တစ်ရက်ကို နှစ်သောင်းထည့်ရင် အခေါက်ရေ (၇) ခေါက် ပြေးလို့ ရတယ်၊ အခု နှစ်သောင်းခွဲ ထည့်ထား ရင်တောင်မှ တစ်ခါ တစ်လေ နောက်ဆုံး အခေါက် ကြရင် ငါးထောင်လောက် ထပ်ထည့် နေရတယ်” မော်လမြိုင်မြို့တွင်း ဈေးကြီးနှင့် တက္ကသိုလ်သို့ ပြေးဆွဲ နေသည့် အမှတ် (၇) ယာဉ်လိုင်းမှ ဦးထွန်းနိုင်က ပြောသည်။

ကမ္ဘာ့ ရေနံဈေး ကျဆင်း နေသော်လည်း စက်သုံးဆီ ဈေးနှုန်း များမှာမူ ကျဆင်း သွားခြင်း မရှိဘဲ ဆက်တိုက် မြင့်တက်လျက် ရှိခြင်းမှာ သိုလှောင်ထားသော လက်ကျန် စက်သုံးဆီများ ရှိနေခြင်းကြောင့် ဖြစ်နိုင်သည်ဟု Denko စက်သုံးဆီ အရောင်းဆိုင်မှ မန်နေဂျာ ဦးသန့်စင်က သုံးသပ်သည်။

ဒီဇင်ဘာ ၇ ရက်တွင် နိုင်ငံခြား ငွေလဲလှယ်မှုနှုန်း တစ်ဒေါ်လာလျှင် ၁၃၅၇ ကျပ် ရှိပြီး ကမ္ဘာ့ ရေနံစိမ်း တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၅၇ ဒသမ ၄၁ ရှိကြောင်း သိရသည်။

Written by ထိုက်ထိုက်

LEAVE A REPLY

Please enter your comment!
Please enter your name here