မ.ထ.သ မှ YRTA သို့ပြောင်းလွှဲယူခဲ့သည့် ရန်ပုံငွေတန်ဖိုးမှာ ကျပ်သိန်းပေါင်း ခြောက်သောင်းငါးထောင်ကျော်ရှိဟုဆို

34

ရန်ကုန်၊ ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင်ပြေးဆွဲခဲ့သည့် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး (မ.ထ.သ) မှ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ YRTA သို့ လွှဲပြောင်းယူခဲ့သည့် ရန်ပုံငွေတန်ဖိုးမှာ စုစုပေါင်း ကျပ်သိန်း ခြောက်သောင်းငါးထောင်ကျော်ရှိကြောင်း ပို့ဆောင်ရေး၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ယနေ့ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေး၌ ဒဂုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ မ.ထ.သ မှ YRTA သို့လွှဲပြောင်းယူခဲ့သည့် ရန်ပုံငွေတန်ဖိုးနှင့် ပုံသေပိုင်ပစ္စည်းများ၏ အမျိုးအစားလိုက် စုစုပေါင်းတန်ဖိုးမည်မျှရှိသည်ကို သိလိုကြောင်း မေးခွန်းကို ၎င်းကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ လွှဲပြောင်းယူခဲ့စဉ် မြန်မာငွေကျပ်အပြင် အမေရိကန်ဒေါ်လာ ၁၀၂ ဒဿမ ၆၇ ကိုပါ လွှဲပြောင်းယူခဲ့ပြီး စာရင်းအသေးစိတ်ကို တိုင်းလွှတ်တော်ဥက္ကဌထံတွင် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

မြေပိုင်ဆိုင်မှုနှင့် အဆောက်အဦပိုင်ဆိုင်မှု စာရင်းများအပါအဝင် စက်ပစ္စည်းများ ရုံးသုံးပရိဘောဂ ပစ္စည်းများ၏ အသေးစိတ် စာရင်းများကိုလည်း လွှတ်တော်ဥက္ကဌထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“မော်တော်ယာဉ်များ စာရင်းကိုလည်း လွှတ်တော်ဥက္ကဌကြီးထံ ကျွန်မတို့တင်ပြသွားမှာဖြစ်ပါတယ်။ ”ဟု ဒေါ်နီလာကျော်ကပြောသည်။

ယင်းအပြင် လက်ရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဝယ်ယူခဲ့သည့် ကျောင်းကား အစီး နှစ်ရာကိုလည်း ယင်းလွှဲပြောင်းရယူခဲ့သည့် ရန်ပုံငွေထဲမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

သို့သော်လည်း ကျောင်းကား အစီးနှစ်ရာ ဝယ်ယူခြင်းအတွက် ကုန်ကျငွေမှာ ၁၀ ဒဿမ ၅ ဘီလီယံဖြစ်ခြင်းကြောင့် လိုအပ်သည့် ၅ ဒဿမ ၅ ဘီလီယံကို ရွှေလာဘ်ကုမ္ပဏီတည်ထောင်ချိန်က အစိုးရနှင့် ဆက်စပ်ပါဝင်လာသည့် ပုဂ္ဂိလိက ကုမ္ပဏီမှာ တာဝန်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေများထဲမှ ကျန်ရှိသည့် ကျပ်သိန်းပေါင်း တစ်သောင်းကျော်ကို ယခင် မ.ထ.သ ဝန်ထမ်းဟောင်းများကို လုပ်သက်ဆုကြေးငွေအဖြစ် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

Written by အောင်ကျော်ထွန်း

LEAVE A REPLY

Please enter your comment!
Please enter your name here