ယခုနှစ်အတွင်း မွန်ပြည်နယ်၌ AIDS/ HIV ရောဂါဖြစ်ပွားသူ ဦးရေ ၄၀၀၀ ကျော်ခန့်ရှိ

55

မော်လမြိုင်၊ ဇန်နဝါရီလ

မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း HIV / AIDS ပိုးရောဂါ ဖြစ်ပွားသူ ဦးရေ ၄၃၀၀ ခန့်ကြောင်း မော်လမြိုင်မြို့၊ အထွေထွေဆေးရုံကြီးမှခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရသည်။

ပြည်နယ်အတွင်းရှိအစိုးရမဟုတ်သော အဖွဲ့အစည်းများထံမှ ဆေးဝါးကုသမှု ခံယူနေသော HIV ရောဂါဝေဒနာရှင် ၂၀၀၀ ဦးရှိပြီးအစိုးရဆေးရုံတွင် ကုသမှု ခံယူနေသူ HIV ရောဂါဝေဒနာရှင် ၂၃၀၀ ဦးခန့်အထိ ရှိခဲ့ကြောင်း အထက်ပါအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာမင်းသူက ပြောသည်။

“တစ်နှစ်နဲ့တစ်နှစ် ရောဂါကူးစက်ပြန့်ပွားမှုတွေက နည်းနေတယ်။ ဒါပေမဲ့ဆေးလာယူတဲ့ လူနာတွေက များနေတာ” ဟု ၎င်းက ဆိုသည်။

ယခင်က မွန်ပြည်နယ်တွင် ဆေးအလုံအလောက်မရှိသောကြောင့်သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်မှရောဂါဝေဒနာရှင်များမှာ တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်မြို့ရှိ NGO အဖွဲ့ထံမှ သွားယူနေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် မွန်ပြည်နယ်တွင် HIV ရောဂါ ကူးစက်ပြန့်ပွားမှု အများဆုံးမှာ လိင်ပိုင်းဆိုင်ရာ ဆက်ဆံခြင်းဖြစ်ပြီး ပြည့်တန်ဆာမများ၊ရွှေ့ပြောင်းလုပ်သားများအပြင် ကိုယ်ဝန်ဆောင်မိခင်များမှတစ်ဆင့် ရင်သွေးငယ်များထံ ကူးစက်နေသည်ကိုလည်းအများဆုံးတွေ့နေရကြောင်း ၎င်းက ဆိုသည်။

ယမန်နှစ်က မွန်ပြည်နယ်တွင် HIV / AIDS ပိုးရောဂါ ဖြစ်ပွားသူ ၃၉၀၀ ဦးခန့်ရှိခဲ့ပြီး သေဆုံးသူ ၇၉ ဦးအထိ ရှိလာခဲ့ကြောင်း အဆိုပါအဖွဲ့စာရင်းများအရ သိရသည်။

Written by ခင်နန်းဌေး

LEAVE A REPLY

Please enter your comment!
Please enter your name here