ယခုနှစ် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှု တန်ချိန် နှစ်သန်းကျော်ရှိ

23

ရန်ကုန်၊ ဒီဇင်ဘာ 

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှာ ယခုနှစ် နိုဝင်ဘာ၂၅ ရက်ထိ တန်ချိန် နှစ်သန်းကျော်ခန့်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်ကပြောသည်။

ယခင်နှစ်များက ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ မူဆယ် တရုတ်နယ်စပ်မှ တန်ချိန် နှစ်ထောင်မှ ငါးထောင်ကြား တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင်နေ့စဉ်တန်ချိန် ခုနစ်ထောင်မှ ကိုးထောင်ကြား တင်ပို့နိုင်ခြင်းကြောင့်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအပြင် အခြားနယ်စပ်ထွက်ပေါက် လေးပေါက်အပါအဝင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှာတစ်ရက်လျှင် တန်ချိန် တစ်သောင်းကျော် တင်ပို့နေကြောင်း သိရသည်။

သို့သော်လည်း တရုတ်ငွေလဲလှယ်နှုန်းမှာဈေးကျလာသည့်အတွက် ယခုရက်ပိုင်းအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှု ကျဆင်းလာနိုင်ပြီး နယ်စပ်ဂိတ်များတွင်ဆန်များ ပြည့်နေကြောင်းလည်း သိရသည်။

“ဆန်ဈေးက ကျတာမဟုတ်ဘူး ငွေဈေးအရ တစ်ထောင်လောက် နည်းသွားရင်မကိုက်ဘူး”ဟု ဦးနေလင်းဇင် ကပြောသည်။ ယင်းကြောင့် လက်ရှိ ၂၀၁၇/၂၀၁၈ ဘတ်ဂျက်နှစ်မှာ အချိန်လေးလ ကျန်ရှိနေပြီး ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှာ တစ်လလျှင် တန်ချိန်နှစ်သိန်းခန့်တင်ပို့နေခြင်းကြောင့် ဘတ်ဂျက်နှစ်အကုန် မတ်လ ၃၁ ရက်တွင် တန်ချိန်၂ ဒသမ ၈သန်းအထိ ရှိလာနိုင်ကြောင်း သိရသည်။

လက်ရှိတွင်လည်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရန်အတွက် တန်ချိန်ကိုးသောင်းကျော်တင်နိုင်မည့် သင်္ဘောကြီး လေးစင်း ကမ်းကပ်နေကြောင်းလည်းသိရသည်။

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (MRF) အနေဖြင့် ပြည်ပနိုင်ငံများသို့ဆန်တင်ပို့မှုနှင့် ပတ်သက်ပြီး ယခုနှစ်အတွက်တန်ချိန်နှစ်သန်းခန့်မျှော်မှန်းထားသော်လည်း လက်ရှိတွင် မျှော်မှန်းတန်ချိန်ထက် ပိုမိုတင်ပို့နိုင်နေကြောင်းလည်း သိရသည်။

Written by အောင်ကျော်ထွန်း

LEAVE A REPLY

Please enter your comment!
Please enter your name here