ယန်ဟီးလီကို ပြည်ဝင်ခွင့် ပိတ်ခြင်းသည် အဖြေလော

36

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီကို မြန်မာနိုင်ငံအစိုးရက ပြည်ဝင်ခွင့်မပေးဘဲ ငြင်းပယ်လိုက်သည်ဟု ဒီဇင်ဘာ ၂၀ရက်နေ့ ကုလသမဂ္ဂက သတင်းထုတ်ပြန်လိုက်သည်။ ယင်းလူ့အခွင့်အရေးအထူးကိုယ်စားလှယ်၏ ပြောဆိုကြေညာချက်များသည် ဘက်မျှမှုမရှိသည့် အတွက် မြန်မာနိုင်ငံအနေဖြင့် ပြည်ဝင်ခွင့်ကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း အစိုးရကထုတ်ဖော်ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရလက်ထက်တွင် ယင်းကဲ့သို့ဖြစ်ပျက်ခြင်းမျိုးသည် ကမ္ဘာ့ သံတမန်အသိုင်းအဝိုင်းသာမက လူ့အခွင့်အရေးလှုပ်ရှားသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများအကြားတွင် ရိုက်ခတ်မှုရှိခဲ့ပြီး အံသြဘနန်းဖြစ်ကုန်ကြသည်။

ယန်ဟီးလီအနေဖြင့် ပြီးခဲ့သည့်နောက်ဆုံးအခေါက်က ရန်ကုန်လေဆိပ်တွင် ပြောဆိုချက်များနှင့် ဘန်ကောက် လေဆိပ်အရောက်တွင် ပြောဆိုချက်များမှာ ကွဲလွဲမှုများရှိနေပြီး ရခိုင်ပြဿနာနှင့်ပတ်သက်၍ ဘက်လိုက်ပြော ဆိုမှုများရှိခဲ့သည်ဟု မြန်မာအစိုးရက ခံစားရနေသည်။

ရဲစခန်းများကို အကြမ်းဖက်သမားများက ဗျူဟာကျကျ တိုက်ခိုက်ခဲ့သည့်အပေါ် နှုတ်ဆိတ်နေမှုက အစိုးရအပေါ် သံသယကြီးမားမှုကို ဖြစ်လာစေပြီး ပြည်ဝင်ခွင့် ပိတ်ခံရရန်အတွက် လမ်းစလည်းဖြစ်သည်။ယင်းနောက် ယန်ဟီးလီအနေဖြင့် ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီတွင် မြန်မာနှင့်ပတ်သက်၍ အရေးယူရန် အဆိုတင်သွင်းခဲ့ပြီးနောက်မှာတော့ ယခုကဲ့သို့ဖြစ်လာခြင်းဖြစ်သည်။

ယန်ဟီးလီဘက်တွင်လည်း ၎င်းသွားလိုသည့်နေရာများကို မသွားခဲ့ရသည့် ဆင်ခြေတချို့ရှိနေသည်။ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများ၏ အလွန်အမင်း ရေးသားထားသည့် သတင်းစကားများကို နားယုံနေဟန်လည်းရှိသည်။ ကမ္ဘတွင်သာမက မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ချို့ကလည်း မြန်မာနိုင်ငံအနောက်ဆုံး ဒေသများတွင် မည်သို့ဖြစ်ခဲ့သည်ကို ရေရေရာရာမသိခဲ့ကြသည့် အတွက် တပ်မတော်သတင်း ထုတ်ပြန်ချက်များနှင့် ဘင်္ဂလီများဘက်မှ ထွက်လာသည့် သတင်းများအပေါ်တွင်သာ အခြေခံ၍ ဆုံးဖြတ်နေရသည်။

ယင်းသို့ဖြစ်ရခြင်းမှာ အစိုးရ၏အားနည်းချက်ပင်ဖြစ်သည့်ဟု ထောက်ပြလိုသည်။ နိုင်ငံခြားသတင်းထောက်များ ကိုသာမက ပြည်တွင်းသတင်းသမားများပါ ယင်းဒေသသို့ သွားလာ၍ ခွင့်မပြုခဲ့သည့် အတွက် တည်ကျသေချာလှသော သတင်းအချက်အလက်များ မရရှိခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ကမ္ဘာက သို့လောလောဖြစ်သည်မှာ မဆန်းလှပေ။

မည်သို့ပင်ဖြစ်စေ ယန်ဟီးလီကို ပြည်ဝင်ခွင့်ပိတ်လိုက်သည်။ယင်းနောက်ဆက်တွဲ အကျိုးဆက်များ ရောက်လာတော့မည်မှာ မလွဲပင်ဖြစ်သည်။ ဝင်ခွင့်ပိတ်လိုက်ခြင်းက အဖြေမဟုတ်ဘဲ ပြဿနာများသာ ထပ်ဖိတ်ခေါ်လိုက်သကဲ့သို့ဖြစ်စေသည်။မြန်မာနိုင်ငံသည် ကမ္ဘာတွင် အင်အားကြီးနိုင်ငံ တစ်နိုင်ငံမ ဟုတ်သည့် အတွက်ကုလနှင့်ကောင်းမွန်သည့် ဆက်ဆံရေး အဖုအထစ်က မြန်မာနိုင်ငံအတွက် ကောင်းကျိုး တစ်ခုတော့ မဟုတ်သည်မှာ သေချာသည်။ တခြားနည်းလမ်းဖြင့် ဖြေရှင်းရန် အစိုးရအနေဖြင့် ကြိုးစားသင့်သည်ဟု ထောက်ပြလိုသည်။ရယ်ဒီကယ်လမ်းကြောင်းဟုဆိုရမည့် အထိအခိုက်များမည့်ဖြေရှင်းနည်းမျိုး သုံးလိုက်သည့်အတွက် တဘက်တွင် လက်ခုပ်သံများရသကဲ့သို့ အခြားတဘက်တွင်လည်း ဖြစ်လာနိုင်သည်များကို ဖြေရှင်းရန် နည်းလမ်းရှာထားသင့်ကြောင်း တိုက်တွန်းလိုက်ရပေသည်။

Written by အယ်ဒီတာ

LEAVE A REPLY

Please enter your comment!
Please enter your name here