လာမယ့် ၂၀၁၇ အကုန်မှာ ပြည်သူနဲ့ ဆန္ဒတစ်ထပ်တည်းကျတဲ့အခါ ကျွန်တော်တို့ အင်အားစုက စင်ပေါ်ရောက်လာလိမ့်မယ်။

0

ဒေါက်တာ မင်းစိုးလင်း ပါတီမှ အထုတ်ပယ်ခံရပြီးနောက် ၎င်း၏ နိုင်ငံရေးသမားဘဝတွင် ရှေ့ဆက်အုပ်တည်
မည့်ပုံကို ဟင်္သာမီဒီယာက တွေ့ဆုံမေးမြန်းထားပါတယ်။

မွန်အမျိုးသားပါတီမှ ထုတ်ပယ်ခံရသည့် ဒေါက်တာမင်းစိုးလင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ဟင်္သာ။ ။ ဆရာ ပါတီကနေ ထုတ်ပယ်လိုက်တဲ့ကိစ္စက ဘယ်လိုအချက်အလက်တွေနဲ့ ထုတ်ပယ်ခံရလဲလို့ ဆရာထင်လဲ။
ဒေါက်တာမင်းစိုးလင်း။ ။ ပါတီက ကျွန်တော်ကို ထုတ်ပယ်လိုက်တဲ့ကိစ္စက ကျွန်တော်ကို စာမပို့သေး ဘူး။ ဒါပေမယ့် သက်ဆိုင်ရာ ပါတီရဲ့ဥက္ကဋ္ဌတွေ အတွင်းရေးမှူးတွေ ပြောကြားချက်အရရော မီဒီယာမှာ ဖော်ပြ ချက်အရရော ကြားသိရတာက ကျွန်တော်တို့ မွန်အမျိုးသားပါတီရဲ့ ဖွဲ့စည်းပုံဥပဒေစည်းမျဉ်း ပုဒ်မ (၂၀) အပိုဒ် ခွဲ (ဂ) အရ ထုတ်ပယ်တယ်လို့ သိရတယ်။

ဟင်္သာ။ ။ အဲဒီပုဒ်မ (၂၀) အပိုဒ်ခွဲ (ဂ) တွေက ဘယ်လိုဖော်ပြထားလဲ။
ဒေါက်တာ မင်းစိုးလင်း။ ။ အဲဒီပုဒ်မမှာ ပါတီဝင်တစ်ဦးဦး ဟာ ကွယ်လွန်သော်လည်းကောင်း၊ ပါတီတွင် သတ်မှတ်ကာလထက်ကျော်လွန်လျှင် ကင်းကွာနေသော်လည်း ကောင်း၊ ပါတီ၏ ဆုံးဖြတ်မှတ်တမ်း တင်ခြင်းဖြင့် ပါတီဝင်အဖြစ်မှ အလိုအလျှောက်ရပ်စဲ သည်ဟု ကျွန်တော်ကို ပါတီက အဲဒီလိုထုတ်ပြန်ထား တယ်။ ဒါက ပါတီရဲ့ ဖွဲ့စည်းပုံမှာ အတိအလင်းဖော်ပြထားတာကို ကျွန်တော်လက်ခံပါတယ်။ ဒါပေမယ့် ဥပဒေတစ်ရပ်ရပ်က ဥပဒေပြဋ္ဌာန်းပြီးရင် နည်းဥပဒေပြန်လည် ပြဋ္ဌာန်းထားရမယ်။ ကျွန်တော်ကို ထုတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပါတီနဲ့ သတ်မှတ်ကာလထက် ကျော်လွန်ပြီး သတ်မှတ်ကာလဆိုတာက သတ်မှတ်ကာလ ၆ လလား တစ်နှစ်လား တစ်နှစ်ခွဲလား အဲဒီလို ထုတ်ပြန်ရမယ်ဖြစ်တယ်။ ထုတ်ပြန်မှသာ ပါတီဝင်တွေက အဲဒီထုတ်ပြန်ချက်အပေါ်မှာ မူတည်ပြီးတော့ လိုက်နာကျင့်ကြံသွားမှာဖြစ်ပါတယ်။

ဟင်္သာ။ ။ ဒါဆို ဆရာက ဘယ်လိုမျိုးကင်းကွာသွားလို့ အဲဒီပုဒ်မနဲ့ ငြိစွမ်းခဲ့လဲ။
ဒေါက်တာ မင်းစိုးလင်း။ ။ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီကနေ ပါတီနဲ့ကင်းကွာတယ်။ ပါတီနဲ့ ဘယ်လောက်ကင်းကွာတဲ့ သတ်မှတ်ချက် တိတိကျကျတော့ မထုတ်ထားသေးဘူး။ မထုတ်ထားတဲ့အတွက် ဒီပုဒ်မနဲ့ ကျွန်တော်ငြိစွမ်းမယ်လို့ ကျွန်တော်မထင်ဘူး။ ပါတီနဲ့ ကင်းကွာတယ် မကင်းကွာဘူးဆိုတာက အများလက်ခံနိုင်တဲ့ အများသိတဲ့ သက်သေတစ်ခုက ဒီ ၂၁ ပင်လုံညီလာခံ ပထမအကြိမ်အစည်းအဝေးတုန်က လေးငါးရက်လောက် ပါတီကို ကိုယ်စားပြုပြီးတော့ နေပြည်တော်မှာ တက်ရောက်ခဲ့တယ်။ အဲဒီတော့ ဒီပုဒ်မနဲ့ ငြိစွမ်းတယ်လို့ ဒီပုဒ်မနဲ့ထုတ်တယ်ဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော်ကို ထုတ်ချင်လို့ ထုတ်တဲ့သဘောပဲ ဖြစ်ပါတယ်။

ဟင်္သာ။ ။ ဒီထုတ်ပယ်ခံရတဲ့ကိစ္စထဲမှာ အခုဆရာပြောတဲ့အချက်အလက်အပြင် တစ်ခြားအချက်အ လက်တွေလည်း ရှိနိုင်သေးလား။
ဒေါက်တာမင်းစိုးလင်း။ ။ ကျွန်တော်ကို ထုတ်ပယ်လိုက်တဲ့ကိစ္စက တစ်ခြားအချက်အလက်တွေ လည်း ရှိပါတယ်။ ရှိတယ်ဆိုတာက ခိုင်လုံတဲ့အချက်အလက်တစ်ခုလို့ ပြောလို့ရတယ်။ ကျွန်တော်ကို ပါတီက ထုတ်တာက ဇူလိုင်လ ၁၅ ရက်နေ့မှာ ကျင်းပတဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ဆုံးဖြတ်တယ်။ အဲဒီကနေဆုံးဖြတ်ပြီးတော့ ဇူလိုင် ၁၉ ရက်နေ့မှာ ထုတ်ပယ်တာဖြစ်ပါတယ်။ ကျွန်တော်က ဒီဇူလိုင်လထဲမှာပဲ ကျွန်တော်တို့ မွန်ပါတီပေါင်းစည်းရေးဆိုတော့ ဟိုဘက် AMDP ကရော ကျွန်တော်တို့ ပါတီက ပုဂ္ဂိုလ်တွေရော ဇူလိုင်လ ၂ ရက်နေ့က စပြီးတော့ တောင့်ရှောက် နယ်ဆင်းပါတယ်။ အဲဒီလိုနယ်ဆင်းတဲ့အခါကျတော့ ကျွန်တော်တို့ ပါတီပေါင်းစည်းရေးအတွက် ဆင်းတယ်။ ကျွန်တော်သိထားတာကတော့ ကျွန်တော်တို့ မွန်အမျိုးသားပါတီမှာ ဒီပေါင်းစည်းရေးကို မလိုလားဘူးလို့ ကျွန်တော်ထင်တယ်။ ပေါင်းစည်းရေးကိစ္စကို ပြောနေတာက သူတို့ အပေါ်ယံကို ပြောနေခြင်းသာဖြစ်တယ်။ တကယ်လို့ သူတို့ လိုလိုလားလားပေါင်းမယ်ဆိုလို့ရှိရင် ပါတီပေါင်းစည်းရေးက ဖြစ်နေတာကြားလှပြီး။ ဒါကို ကျွန်တော်က ဘာကိုပြောချင်လဲဆိုတော့ ပါတီပေါင်းစည်းရေးကိစ္စတစ်ခုကို ပြောချင်ပါတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ မွန်အမျိုးသားပါတီက မလိုချင်တဲ့ ပါတီပေါင်းစည်းရေးကို ကျွန်တော် ထဲထဲဝင်ဝင်လုပ်နေတဲ့အတွက်ကြောင့် ပါတီကတော့ ဒါဟာ ပါတီရဲ့ မူဝါဒနဲ့ မကိုက်ညီဘူး။ ပါတီက မလိုချင်တာကို သိသိကြီးနဲ့ လုပ်နေတယ်ဆိုတော့ ကျွန်တော် အဲဒီလို မြင်ပါတယ်။ ကျွန်တော်က ပါတီပေါင်းစည်းရေးကို လုပ်လို့ သူတို့တွေက အဲဒီမူတွေ ဥပဒေတွေကို သုံးပြီးတော့ ကျွန်တော်ကို ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

ဟင်္သာ။ ။ ဆရာထုတ်ပယ်ခံရတာကို ဘယ်လိုသိခဲ့ရလဲ။
ဒေါက်တာ မင်းစိုးလင်း။ ။ ကျွန်တော်က ဒီဇူလိုင်လ ၂ ရက်နေ့က စပြီးတော့ မြို့နယ်တစ်ခုပြီး တစ်ခု ဆင်းတယ်။ ဆင်းတဲ့အခါကျတော့ ကျွန်တော်ကို သူတို့ထုတ်တဲ့ CEC အစည်းအဝေးထိုင်တဲ့ ဇူလိုင်လ ၁၅ ရက် က ကော့ကရိတ်မြို့နယ် ကျေးရွာတစ်ခုမှာ ပါတီပေါင်းစည်းရေးအတွက် အစည်းအဝေးထိုင်နေတဲ့အချိန်ဖြစ်ပါ တယ်။ အမှန်မှာကျတော့ အဲဒီအချိန်ထိက ကျွန်တော် CEC တစ်ယောက်ဖြစ်နေတယ်။ ဗဟိုအလုပ်အမှုဆောင် ကော်မတီတစ်ဦးဖြစ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီတစ်ဦးဖြစ်တဲ့အခါကျတော့ အစည်းအဝေးရှိတာ ကျွန်တော်ကို မဖိတ်ဘူး။ ကျွန်တော်ကို မဖိတ်တော့ ကျွန်တော်လည်း မသိဘူး။ ကော့ကရိတ်က ပြန်ရောက်တော့ ကျွန်တော်ကို ထုတ်ပယ်လိုက်တာကို ကြားသိလိုက်ရတယ်။

ဟင်္သာ။ ။ ပါတီဝင်တစ်ဦးဦးက အမျိုးသားစည်းလုံးညီညွတ်ရေးကို ဆောင်ရွက်လို့မရဘူးဆိုတာ မွန်အမျိုးသားပါတီရဲ့ ဖွဲ့စည်းပုံဥပဒေတွေထဲမှာ ဖော်ပြထားတာရှိလား။
ဒေါက်တာ မင်းစိုးလင်း။ ။ မွန်အမျိုးသားပါတီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမှာဆို အချုပ်ပြောရမယ် ဆိုရင် မွန်ပြည်သူရဲ့ အကျိုး၊ ပြည်ထောင်စုအကျိုး လုပ်ရမယ်ဆိုတာကို အတိအလင်းဖော်ပြထားတယ်။ အခု ကျွန်တော်လုပ်တာက မွန်ပြည်သူရဲ့ အကျိုးကို လုပ်နေတာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ မွန်တွေ ကရင်တွေ ရှမ်းတွေ တိုင်းရင်းသားတွေအားလုံး ညီညွတ်မယ်။ ဒါက ပြည်ထောင်စုအကျိုးဖြစ်ပါတယ်။ ကျွန်တော်က မွန်အမျိုးသားပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းမှာ ဖော်ပြချက်ပါအတိုင်း ကျွန်တော်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဟင်္သာ။ ။ ဆရာက မွန်အမျိုးသားစည်းလုံးညီညွတ်ရေးဆောင်ရွက်တဲ့အတွက်ကြောင့်မို့လို့ ပါတီကနေ ထုတ်ပယ်ခံရတော့ ဆရာအနေနဲ့ ပါတီကကို ဘယ်လိုမြင်လဲ။
ဒေါက်တာ မင်းစိုးလင်း။ ။ ကျွန်တော်ကို မွန်အမျိုးသားစည်းလုံးညီညွတ်ရေး ဆောင်ရွက်နေ တဲ့အတွက်ကြောင့် ပါတီက ထုတ်ပယ်တယ်ဆိုလို့ရှိရင် ဒါက အဓိပ္ပာယ်ကောက်လို့ရတယ်။ မွန်အမျိုးသားပါတီက မွန်တွေစည်းလုံးညီညွတ်ရေးကို မမြင်ချင်ဘူးလို့ ကျွန်တော်က အဲဒီလိုပဲ ပြောရမယ်။

ဟင်္သာ။ ။ ဆရာ ပါတီထဲမှာ ရှိနေတဲ့အချိန်မှာ မွန်နိုင်ငံရေးနှစ်ပါတီပေါင်းစည်းရေးဆောင်ရွက်နေတာကို ပါတီခေါင်ဆောင်တွေကို တင်ပြခဲ့တာရှိလား။
ဒေါက်တာ မင်းစိုးလင်း။ ။ ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲပြီးတာနဲ့ ပါတီခေါင်ဆောင်တွေကို တင်ပြပါတယ်။ ရွေးကောက်ပွဲရှုံးသွားတဲ့အကြောင်းအရင်းက ဘာဖြစ်လဲဆိုတော့ မွန်ပါတီအချင်းချင်းကွဲနေလို့ ကျရှုံးတာဖြစ်ပါတယ်။ အဲဒီလိုမျိုး တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပါတီခေါင်းဆောင်တွေကတော့ ကြေငြာချက်အနေနဲ့ထုတ်ပြန်တာတော့ရှိတယ်။ ဒါပေမယ့် အစည်းအဝေးမှာ ဆွေးနွေးတာ ပိုပြီးပီပြင်တယ်။ ကျွန်တော်တို့ CEC အစည်းအဝေးမှာဆိုလို့ရှိရင် ကျွန်တော်တို့ ခေါင်ဆောင်တွေဖြစ်တဲ့ ဥက္ကဋ္ဌ အတွင်းရေးမှူးတွေဟာ သူတို့ မြင်တဲ့အမြင်က ကျွန်တော်တို့ မြင်တဲ့အမြင်နဲ့ မတူဘူး။ ကျွန်တော်တို့ ခေါင်းဆောင်တွေကလည်း ဒါက မွန်တွေက မျိုးချစ်စိတ် နဲကြတယ်။ နဲတဲ့အခါကျတော့ ကိုယ့်ပါတီ ကိုယ့်မွန်အမျိုးသားပါတီ မဲမထည့်ပဲနဲ့ အခြားပါတီကို မဲထည့်တာတွေ၊ အချို့တွေက တမင်တကာ အိမ်မှာရှိရက်သားနဲ့ မဲလာမထည့်တာတွေ၊ မွန်ပြည်သူတွေမှာ အပြစ်ရှိသယောင် ကျွန်တော်တို့ ခေါင်းဆောင်တွေက အစည်းအဝေးတွေမှာ ခဏခဏပြောပါတယ်။ တစ်ဖက်မှာလည်း သံဃာတော်တွေ ပေါင်စည်းရေးလုပ်နေတာကို သံဃာတော်တွေက ပြတ်သားမှုမရှိဘူး။ အဲဒါကြောင့် ကျွန်တော်တို့ မွန်တွေက မဲရှုံးတယ်လို့ သူတို့တွေက အဲဒီလိုသုံးသပ်ကြပါတယ်။

ဟင်္သာ။ ။ ဆရာက ပါတီကနေထုတ်ပယ်ခံရတော့ ဆရာ့ရဲ့ မဲဆန္ဒရှင်တွေကို ဘာများပြောချင်လဲ။
ဒေါက်တာမင်းစိုးလင်း။ ။ ပြီးခဲ့တဲ့သောကြာနေ့က ကျွန်တော်ရဲ့ မဲဆန္ဒရှင်ရှိတဲ့ ရေးမြို့နယ်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီမှာ သက်ဆိုင်ရာတာဝန်ရှိတဲ့ ရွေးကောက်ပွဲကာလတုန်းက ကျွန်တော်တို့ မဲရရှိဖို့အတွက် အားကြိုးမာန်တက်လုပ်ဆောင်ခဲ့တဲ့ မြို့နယ်အဆင့် တိုက်နယ်အဆင့် ကျေးရွာအဆင့် အစရှိတဲ့ခေါင်းဆောင်တွေက ဝမ်းနည်းတဲ့အသံတွေ ပြောကြတယ်။ ဘာပြောလဲဆိုတော့ ပါတီကြီးတစ်ခုကို ယှဉ်ပြိုင်ပြီးတော့ ပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာတစ်နေရာရရှိအောင် ခက်ခက်ခဲခဲ သူတို့ကြိုးစားခဲ့တယ်။ မဲဆွယ်တယ် စည်းရုံးတယ်။ ကျွန်တော်ကို ထမ်းတင်ခဲ့တယ်။ သူတို့ ထမ်းတင်ခဲ့တဲ့အတိုင်းပဲ ရွေးကောက်ပွဲမှာ ကျွန်တော်အနိုင်ရခဲ့တယ်။ အဲဒီကနေမှ ကျွန်တော် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့တယ်။ အဲဒီတော့ သူတို့ရဲ့ ကြိုးစားမှုကို အသိအမှတ်မပြုတဲ့သဘော သက်ရောက်တယ်လို့ အဲဒီလိုမြင်တယ်။

ဟင်္သာ။ ။ ဆရာပါတီကနေ ထုတ်ပယ်ခံရပြီးတဲ့နောက်မှာ ဆရာ့အနေနဲ့ နိုင်ငံရေးလောက ဘယ်လိုဆက်လက်ဆောင်ရွက်သွားဖို့ရှိလဲ။
ဒေါက်တာ မင်းစိုးလင်း။ ။ ၁၉၉၈ ကတည်းက MNDF လို့ခေါ်တဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေစပြီးတော့ တာဝန်ယူခဲ့တာဖြစ်ပါတယ်။ တောင့်လျှောက် နိုင်ငံရေးလောကထဲမှာ ကျွန်တော်ရှိခဲ့ပါတယ်။ ကျွန်တော်ရဲ့ အမြင်သုံးသပ်ချက်ကတော့ မှားချင်လည်း မှားမယ်။ အမှားကြီးလည်း မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့မှာ မွန်အမျိုးသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ဘဲနဲ့ ကျွန်တော်တို့ နောက်နောင် မွန်တွေရဲ့အကျိုးစီးပွားကို ပြုနိုင်ဖို့အတွက်ကို မလွယ်ပါဘူး။ ပါတီထောင်ပြီးတော့ ရွေးကောက်ပွဲအကြောင်း အမတ်အကြောင်းပြောပြီးတော့ ထောင်အနှစ် ၂၀ အကြောင်းပြောမယ်။ အဲလောက်နဲ့တော့ ပြောနေမယ့်အစား လာမယ့် ၂၀၂၀ ၊ ၂၀၂၅ အစရှိတဲ့ မွန်တွေက ဘယ်လို ရှေ့ဆက်သွားရမလဲဆိုတာကို ပိုပြောရင်ကောင်းမယ်။ ကျွန်တော်အနေနဲ့လည်း မွန်အမျိုးသားသွေးစည်းညီညွတ်ရေးကို ဆက်လက်ဆောင်ရွက်သွားမယ်။

ဟင်္သာ။ ။ မွန်နိုင်ငံရေးနှစ်ပါတီပေါင်းစည်းခဲ့မယ်ဆိုရင် ဆရာတို့ရဲ့ တတိယအင်အားစုက ဘယ်လိုမျိုးရှေ့ဆက်သွားဖို့ရှိလဲ။
ဒေါက်တာ မင်းစိုးလင်း။ ။ မွန်နိုင်ငံရေးနှစ်ပါတီက ပေါင်းစည်းခဲ့မယ်ဆိုရင် ကျွန်တော်တို့ အန္တိမရည်မှန်းချက်ပဲ။ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ ရည်မှန်းချက်ပဲ။ ပါတီတွေ အားလုံးပေါင်းသွားမယ်ဆိုရင် အခု ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်က မွန်ပါတီပေါင်းစည်းရေး၊ မွန်အမျိုးသားညီညွတ်ရေးက ပန်းတိုင်ရောက်ပြီးလို့ သုံးသပ်ပါတယ်။ ကျွန်တော်တို့ လုပ်နေတဲ့လုပ်ငန်းကလည်း ရပ်တန့်သွားမှာ ဖြစ်ပါတယ်။ ပေါ်ထွန်းလာတဲ့ စုစည်းတဲ့ အင်အားကြီးမားတဲ့ပါတီထဲမှာ ကျွန်တော်တို့ ဝင်ရောက်ပူးပေါင်းသွားမှာဖြစ်ပါတယ်။

ဟင်္သာ။ ။ ဒီတတိယအင်အားစုက ဘယ်အချိန်လောက်မှာ အကောင်အထည်ဖော်ဖို့ ရည်မှန်းထားလဲ။
ဒေါက်တာ မင်းစိုးလင်း။ ။ ကျွန်တော်တို့ လုပ်နေတဲ့အလုပ်က အခုဆိုရင် ရက်ပေါင်း ၂၀ ပဲရှိပါသေးတယ်။ အစည်းအဝေးဆိုတာလည်း နှစ်ခါပဲ သေသေချာချာ ထိုင်ဖြစ်တယ်။ ကျွန်တော်တို့ အချင်းချင်းကလည်း နယ်ဆင်းမှ နယ်မှာ ဆုံကြရတယ်။ ကျွန်တော်တို့ အချင်းချင်းနားလည်ထားတာက အချိန်အကန့်အသတ်တစ်ခု ရှိပါတယ်။ အချိန်အကန့်အသတ်ရှိတယ်ဆိုတာက ကျွန်တော်တို့ အချိန် ၆ လယူပါ့မယ်။ ကျွန်တော်တို့က အဖွဲ့မဟုတ်ပါဘူး။ ပူးပေါင်းလိုတဲ့ အင်အားစုတစ်စုလို့ပဲ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ကလည်း ဘယ်ပါတီ ဘယ်အဖွဲ့အစည်းမှလည်း ကိုယ်စားမပြုပါဘူး။ ဘယ်ခေါင်ဆောင်အောက်မှ မရှိပါဘူး။ ဆုံးဖြတ်ချက် အတိအကျချတာလည်း မရှိပါဘူး။ ကိုယ်လုပ်တဲ့အလုပ်တစ်ခု အောင်မြင်ဖို့က သတ်မှတ်ချက်တော့ရှိတယ်။ ကျွန်တော်တို့အင်အားစုက စင်ပေါ်မတက်ရဲတဲ့ အင်အားစုမဟုတ်ပါဘူး။ ကျွန်တော်တို့ အချင်းချင်းမှာလည်း ယုံကြည်မှုအပြည့်ရှိတယ်။ အချိန်ကလည်း သုံးနှစ်ကျော်ကျော် ရှိပါသေးတယ်။ ဘာပဲပြောပြော လာမယ့် ၂၀၁၇ အကုန်မှာ ပြည်သူနဲ့ ဆန္ဒတစ်ထပ်တည်းကျတဲ့အခါ ကျွန်တော်တို့ အင်အားစုက စင်ပေါ်ရောက်လာလိမ့်မယ်။

ဟင်္သာ။ ။ ဒီတတိယအင်အားစုက မရှိသင့်ဘူးလို့ မွန်လူမျိုးအများစုက ဝေဖန်နေကြတယ်။ အဲဒီလိုဆိုတော့ ဒီအင်အားစုက ဘာကြောင့် ရှိသင့်လဲ။
ဒေါက်တာ မင်းစိုးလင်း။ ။ ကျွန်တော်တို့ အမြင်ကတော့ တတိယအင်အားစုက မရှိလို့မဖြစ်ဘူး။ ဓာတုမာလာအစည်းအဝေးမှာဆိုလို့ရှိရင် မွန်တစ်မျိုးသားလုံးကို စည်းလုံးညီညွတ်အောင်ဆောင်ရွက်နေတဲ့ ညှိနှိုင်းရေးအဖွဲ့ကလည်း လုပ်ငန်းရပ်တန့်သွားတဲ့သဘောမျိုးကို ရောက်ရှိနေတယ်လို့ ပြောဆိုနေကြတာကို သိရပါတယ်။ ညှိနှိုင်းရေးအဖွဲ့က လုပ်ငန်းရပ်တန့်သွားမယ်ဆိုရင် နိုင်ငံရေးအင်အားစုပဲပြောပြော တတိယအင်အားစုပဲပြောပြော ဒီအုပ်စုရဲ့ လုပ်ရပ်က ပိုပြီးတော့ လိုအပ်လာလိမ့်မယ်။ မဟုတ်ရင် မွန်ပြည်သူတွေက ဟိုပါတီကိုလည်း မျက်မုန်းကျိုး၊ ဒီပါတီကိုလည်း ကြည့်လို့မရ။ အချိန်အရွယ်ကလည်း ရှိသေးတယ်။ ဘယ်ပါတီကို ဝင်ရမှန်းမသိ ဖြစ်နေတယ်။ အချိန်ကုန်သွားတဲ့လူတွေလည်း ရှိတယ်။ စိတ်ပျက်သွားတဲ့လူတွေလည်း ရှိတယ်။ ကျွန်တော်တို့ တတိယအင်အားစုက ပေါင်းစည်းရေးဌာနတစ်ခု (ဌာန်ပံင်ကောံ) ထူထောင်နိုင်မယ်ဆိုလို့ရှိရင် ပူးပေါင်းချင်တဲ့လူတွေ အားလုံးပါဝင်လာမယ်။ ဒီအချိန်မှာ ညှိနှိုင်းရေးအဖွဲ့ရဲ့ လုပ်ငန်းတွေ ရပ်တန့်သလိုဖြစ်နေတော့ ကျွန်တော်တို့ ပေါင်းစည်းလိုသော အင်အားစုပဲပြောပြော တတိယအင်အားစုပဲပြောပြော ပိုပြီးတော့ လိုအပ်လာလိမ့်မယ်။

ဟင်္သာ။ ။ ဆရာတို့ အင်အားစုနဲ့ မွန်လူငယ်တွေ မွန်CSO တွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားဖို့ ရှိလဲ။
ဒေါက်တာ မင်းစိုးလင်း။ ။ ကျွန်တော်တို့ကလည်း လူငယ်တွေရဲ့ အင်အားကို လိုအပ်နေတာ အမှန်ပါပဲ။ ဒီလူငယ်တွေ CSO တွေကို ပြန်ကြည့်မယ်ဆိုရင် သူတို့ရဲ့ လက်တံ၊ ခြေတံတွေက အတော်ရှည်ပါတယ်။ ဒါကို ကျွန်တော်တို့ လုံလုံကြီးကို အသိအမှတ်ပြုပါတယ်။ လူငယ်တွေကိုလည်း ကျွန်တော်တို့ အမတန်မှ အားကိုးပါတယ်။ အားကိုးတယ်ဆိုတာက ကျွန်တော်တို့မှာ ပြုစုပျိုးထောင်ပေးရမယ့် တာဝန်ရှိတယ်။ ကျွန်တော်တို့ လုပ်နေတဲ့တစ်ဆက်တည်းမှာပဲ လူငယ်တွေကို လက်တွဲခေါ်ဆောင်သွားမှာဖြစ်ပါတယ်။

ဟင်္သာ။ ။ နောက်ဆုံးအနေနဲ့ မွန်ပြည်သူတွေကို ဘာများပြောချင်လဲ။
ဒေါက်တာ မင်းစိုးလင်း။ ။ မွန်ပြည်သူတွေကို ပြောချင်တာက ကျွန်တော်တို့ စည်းလုံးညီညွတ်မှုမဘဲနဲ့ ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်၊ မွန်တွေရဲ့ ကံကြမ္မာ၊ မွန်တွေ ဖန်တီးပိုင်ခွင့် ရရှိဖို့ ဆိုတာက မဖြစ်နိုင်ဘူး။ အဲဒီမှာ အဓိကတော့ စည်းလုံးညီညွတ်မှုပဲ။ ယနေ့အခြေအနေမှာဆိုရင် မွန်တို့ရဲ့ စည်းလုံးညီညွတ်မှုက သုည ဖြစ်နေတယ်လို့ ပြောရင် မမှားပါဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲအဆက်ဆက်ကို ကြည့်လိုက်ပါ။ ၁၉၆၀ ကစပြီးတော့ အထိုက်အလျှောက် သူ့အချိန် သူ့အခါ သူနိုင်ပါတယ်။ ဒီ ၂၀၁၅ လောက်ရွေးကောက်ပွဲက မွန်တွေ အရှုံးကြီးရှုံးခဲ့တာ တစ်ခါမှ မကြုံခဲ့ဘူး။ အဲဒီတော့ ၂၀၁၅ ရွေးကောက်ပွဲက အရည်အတွက်သာ ၄ နေရာဖြစ်တယ်။ ကျွန်တော်တို့ ရေးမှာဆိုလို့ရှိရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက ရေးတောင်နဲ့ ရေးမြောက် လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်ပဲရွေးခဲ့တယ်။ အခုက တစ်မြို့နယ်ထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၅ ယောက်ဖြစ်နေတယ်။ ဒီရရှိထားတဲ့ ၄ ယောက်က အမတန်မှ နဲတဲ့အရည်အတွက်ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ မွန်တွေအားလုံးက ဒီနေ့ဒီအချိန်ခါမှာတော့ ဘယ်သူ့မျက်နှာကိုမှ မကြည့်ဘဲနဲ့ အမျိုးသားရေးလုပ်တယ်ဆိုတာက မှန်တာကို ပြောရဲရမယ်။ မှန်တာကို ဖော်ထုတ်ရဲရမယ်။ မှန်တာကို လုပ်ရဲရမယ်။ အဲဒီလိုမျိုးပုဂ္ဂိုလ်တွေက ကျွန်တော်တို့ လက်ကမ်းကြိုဆိုလျက်ပါ။ ကျွန်တော်တို့လည်း ဒီထက်ပိုပြီးတော့ ပြည်သူတို့နဲ့ ထိတွေ့မယ်။ ပြည်သူ့ရင်ခွင်ထဲကို ရောက်အောင် ဆက်လက်ပြီးတော့ ကျွန်တော်ကြိုးစားသွားမယ်။

 

Written by – ရွှေရိုး

 

Hinthar Media Corporation မှ စီစဉ်တင်ဆက်သော www.hintharmedia.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ အင်တာဗျူးများ၊ သတင်း(Video)များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here