“ဝန်ထမ်းတွေရဲ့ ဘဝ အာမခံချက်မရှိရင်လည်း အဂတိလိုက်စားမှု ရေစီးကြောင်းထဲကို ရောက်သွားနိုင်တယ်”

2

 

မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးနှင့် တွေ့ဆုံခြင်း

NLD အစိုးရ လက်ထက်တွင် မွန်ပြည်နယ်၌ အဂတိ လိုက်စားမှု ၂၂ မှုဖြစ်ပွားခဲ့သည်။ သို့ဖြစ်ပါ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများ မည်သို့ ဆောင်ရွက်မည်၊ ပြစ်မှု ကျူးလွန်ပါက မည်ကဲ့သို့ အရေးယူမည်အပါအဝင် ကျပ် ၂၅,၀၀၀ ထက်ပို ယူခွင့် မရှိသည့် အမိန့် ညွှန်ကြားချက်သည် အဂတိ လိုက်စားမှုကို တွန်းအားပေးနေသလော၊ နိုင်ငံ့ ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်ထုတ်ပြန်ထားမှုမှာ အဂတိလိုက်စားမှုကို မည်သည့်အတိုင်းအတာအထိ ထိန်းကြောင်း နိုင်မည်နှင့် ပတ်သက်၍ မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းမှုများကို ဟင်္သာမီဒီယာက ကောက်နုတ်၍ ဖော်ပြလိုက်ပါသည်။

ဟင်္သာမီဒီယာ။ ။ ပထမအနေနဲ့ အဂတိလိုက်စားမှု ကင်းရှင်းဖို့အတွက်ဆိုရင် အစိုးရ၊ လွှတ်တော် ၊ တရားရေးမဏ္ဍိုင်တွေက ဘယ်လို ဆောင်ရွက်သွားသင့်လဲ။ နောက်ပြီး အဂတိလိုက်စားမှုကို ဘယ်လို ရှုမြင်သုံးသပ်မိလဲ။
ဒေါက်တာ အောင်နိုင်ဦး။ ။ အဂတိတရားလို့ ပြောလိုက်လို့ရှိရင် အဂတိတရားနဲ့ အကျင့်ပျက်ချစားမှုက နည်းနည်းတော့ ကွဲတယ်၊ အဂတိ ဆိုတာက ဆင်ခြင်ဆုံးဖြတ်မှု အပေါ်မူတည်တယ်၊ အဂတိ တရားဟာ ကျွန်တော်တို့ မြန်မာနိုင်ငံစကားအရ ပြောရလို့ရှိရင် အဂတိက တစ်ခုခုကို ဘက်လိုက်မှု ရှိတယ်ကို ဆိုလိုတာဖြစ်တယ်၊ တချို့ကျတော့ ဆန္ဒာဂတိ၊ ဒေါသဂတိ တစ်ခုခုကို ချစ်လို့ ဖြစ်စေ၊ မုန်းလို့ ဖြစ်စေ စိတ်ခံစားမှုအရ ဆုံးဖြတ်တာကို အဂတိ တရားလို့ ပြောတယ်၊
အဂတိ တရား ကင်းရှင်းတယ်ဆိုတာက စိတ်ခံစားမှု မပါတဲ့ အဆုံးအဖြတ်ကို ပြောချင်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ အသုံးအနှုန်းက အဂတိတရားဟာ ငွေနဲ့ ပတ်သက်တဲ့ အပိုင်းတွေ ပါလာတယ်၊ တစ်ခါတရံကျရင် အဂတိတရားဟာ အကျင့်ပျက်ချစားမှုနဲ့ နည်းနည်းလေး ကွဲကွဲပြားပြားလေး မြင်တတ်ဖို့တော့ လိုတယ်၊ အဂတိတရားတွေမှာက ငွေကြေးကိစ္စ မပါဘဲနဲ့ အဆုံးဖြတ်ပေးတဲ့ သဘောမျိုးလည်းရှိနေတယ်၊
အကျင့်ပျက်ချစားမှုကကျတော့ အဂတိတရား ထက်ပိုပြီးတော့ ပြင်းထန်သွားပြီး၊ ဒီကိစ္စကို ကျွန်တော်အနေနဲ့ ယေဘုယျ ပြောရလို့ ရှိရင် အရင် နှစ်ပေါင်း ၅၀ လောက်ကို အာဏာရှင်ပုံစံမျိုးနဲ့ အုပ်ချုပ်ခံခဲ့ရတယ်၊ အာဏာရှင် စနစ်အောက်မှာ နေရတဲ့ ဘယ်တိုင်းပြည်မဆို အဂတိလိုက်စားမှုဟာ တအားကိုကြီးမားတယ်၊ အထက်အောက် ပုံစံမျိုးနဲ့ အုပ်ချုပ်ကြလို့ ဖြစ်တယ်၊ အထက်အောက် ညွှန်ကြားမှု၊ အမိန့်ပေးမှု၊ အမိန့်နာခံမှု ပုံစံမျိုးတွေနဲ့ သွားလာတဲ့ အခါကျတော့ အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်စွမ်း မလုပ်နိုင်ခဲ့လို့ ပိုပြီး အမြစ်တွယ် ကြီးမားလာခဲ့တယ်၊ အရင်တုန်းကဆို နယ်ချဲ့ကိုလိုနီတွေ လွတ်လပ်ရေး ပေးပြီးတဲ့ အချိန်မှာ အုပ်ချုပ်ရေး ယန္တရားမှာရှိနေတဲ့ ဝန်ထမ်းတွေကော အကြီးအကဲတွေရောက အင်မတန်မှ ဖြူစင်ပြီး စနစ်ကျခဲ့တယ်၊
၁၉၆၂ ခုနှစ် နောက်ပိုင်းနဲ့ ဒီဘက်က အေးချမ်းဖြိုးကောင်စီ လက်ထက်ရောက်တဲ့အထိကို ကျွန်တော်တို့က အုပ်ချုပ်ရေး ယန္တရားကြီးဟာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခြင်းကို ခံခဲ့ရတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ အကျင့်ပျက်ချစားမှုဟာ တရိပ်ရိပ်နဲ့ ပိုမိုကြီးမားလာတယ်၊ ခိုင်မာလာတယ်၊ အဆိုးဆုံးက ၂၀၁၀မှာ ဒီမိုကရေစီကို အသွင်းကူပြောင်း လိုက်သော်ငြားလည်း နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့ အဂတိတရား မကင်းရှင်းနိုင်တာတွေ အကျင့်ပျက် ချစားမှုတွေ ၊ ငွေရေးကြေးရေး တောင်းဆိုမှုတွေက ခေါက်ရိုးကျိုးခဲ့တဲ့ အစဉ်အလာမျိုးတွေ အမွေဆိုး တစ်ခုလို ကြွင်းကျန်ခဲ့တယ်လို့ ကျွန်တော်တို့ သုံးသပ်မိတယ်။
သို့သော် ကျွန်တော်တို့ ပြည်သူ လူထုကတွေက အပြောင်းအလဲ အမြဲလိုချင်တယ်၊ အပြောင်းအလဲဆိုတာ ဘာအပြောင်းအလဲလို့ သေချာ စိစစ်သုံးသပ်ကြည့်မယ်ဆိုရင် အုပ်ချုပ်မှု ကောင်းကိုလိုချင်တယ်၊ Good Governance ကိုလိုချင်တာ ဖြစ်တယ်၊ Good Governance လို့ ပြောရင် Clean Goverment ကပါလာတယ်၊ အုပ်ချုပ်မှုကောင်းနဲ့ သန့်ရှင်းတဲ့ အစိုးရကို လိုချင်တယ်၊ သန့်ရှင်းတဲ့ အစိုးရလို့ ပြောရင် အစိုးရတင် မဟုတ်ဘဲနဲ့ အစိုးရရဲ့ ခြေတံ၊ လက်တံတွေဖြစ်တဲ့ ဌာနဆိုင်တွေ ပါဝင်တယ်၊ ဒီဟာတွေကာ သူတို့ရဲ့ ယန္တရားပဲ၊ ခြေတံ၊ လက်တံတွေကလည်း သန့်ရှင်းဖို့ လိုတယ်၊ စနစ်ကျဖို့ လိုတယ်၊ တာဝန်ယူမှု တာဝန်ခံမှု တိကျဖို့ လိုတာကို လူထုက အပြောင်းလဲ လိုချင်တာ ဖြစ်တယ်။
Good Governance ဖြစ်ဖို့ဆို Clean Governance ဖြစ်ရမယ်၊ Clean လို့ ပြောလိုက်လို့ရှိရင် အပေါ်မှာကြီးပဲ Clean နေလို့ မရဘူး၊ Clean bureaucracy လည်းဖြစ်ဖို့ လိုတယ်၊ ဝန်ထမ်းပိုင်းဆိုင်ရာ အားလုံးဟာ လူထုကို အလုပ်အကျွေးပြုနေတဲ့ ခံယူချက်မျိုး၊ ဝန်ထမ်းဆိုုတဲ့ တာဝန်ယူမှုမျိုးကို လူထုက လိုလားတာ ဖြစ်တယ်၊ ဒါက ပြောင်းလဲချင်တဲ့ အပြောင်းအလဲပဲ ဖြစ်တယ်၊ သို့သော် ကျွန်တော်တို့ဟာ ဒီအပြောင်းအလဲကို ဘယ်သူ စပြောင်းလဲသင့်တယ်၊ ဘယ်လို ပုံစံမျိုးနဲ့ ပြောင်းမယ်ဆိုတာ စဉ်းစားစရာတွေက နောက်ဆက်တွဲ ရှိနေတယ်၊
ဒီအတွက်ကို ကျွန်တော်တို့က အရင်တည်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွေ ရှိခဲ့တယ်၊ ဒီဘက်လက်ထက် သက်တမ်းမှာလည်း အဂတိတရား လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွေကိုလည်း ပြန်ရေးဆွဲခဲ့တယ်၊ ကျွန်တော် ပြောချင်တာက ဥပဒေတွေရှိတာ တစ်ပိုင်း ၊ အဲဒီမှာက ကော်မတီတွေ ဖွဲ့တာတွေလည်း ရှိတယ်၊ ဒါတွေက ပြည်ထောင်စု အဆင့်တွေမှာ ဖြစ်တယ်၊
ဒါပေမဲ့ တကယ် ဥပဒေထက်ကို လူတွေက တကယ်လုပ်ဆောင်ချက်ကို ပိုလိုချင်တယ်၊ ထိရောက်တဲ့ လုပ်ဆောင်မှုမျိုးပေါ့၊ ဒီအတွက် ဘယ်သူက စလုပ်မလဲ၊ ဘယ်လို ပုံစံ လုပ်မလဲပေ့ါ၊ သေချာတာက စလုပ်ရမယ့် ကိစ္စသည် အစိုးရ အုပ်ချုပ်ရေး ယန္တရားဖြစ်တယ်၊ အစိုးရက ပိုပြီး အားကောင်းမောင်းသန်ဖြစ်အောင် သက်ဆိုင်ရာ လွှတ်တော်၊ အဖွဲ့အစည်းတွေကလည်း တည့်မတ်ထိန်းကြောင်း ဆောင်ရွက်သွားဖို့လည်း လိုတယ်၊ သူတို့တွေကလည်း နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ လူတွေ ဖြစ်တယ်၊
နောက်တစ်ခုက ဘယ်လို လုပ်မလဲဆိုတာ ကျွန်တော်တို့က ဥပဒေတွေ ပြဋ္ဌာန်းတယ်၊ ကော်မတီတွေဖွဲ့တယ်၊ ဒါက တစ်ပိုင်းပေါ့၊ ကျွန်တော် ပြောချင်တာက ဥပဒေတွေ ပြဋ္ဌာန်းပေးတာထက်ကို တကယ်ကို ဆောင်ရွက်ပေးနိုင်မယ့် အစီအမံ စီမံချက်တွေ လုပ်ဖို့ လိုတယ်၊ အစီအမံလို့ ပြောရင် မဖြစ်သေးတာကို မဖြစ်အောင် ကာကွယ်တားဆီးတာတွေ ပါတယ်၊ ဖြစ်ပြီးသွားလို့ တွေ့ရှိမှုကိုလည်း အရေးယူဆောင်ရွက်သွားဖို့ လိုတယ်၊ ဒီနေရာမှာ မဖြစ်ခင် အမိန့်ညွှန်ကြားတွေ၊ စောင့်ကြည့် ထိန်းကြောင်းချက်တွေလည်း ထားလို့ ရတယ်၊
နောက်ပြီး ဝန်ထမ်းပိုင်းဆိုင်ရာရဲ့ စားဝတ်နေရေးနဲ့ နေထိုင်မှုတွေကလည်း တစ်ဖက်က ထည့်သွင်းစဉ်းစားစေချင်တယ်၊ သူတို့ရဲ့ ဘဝအာမခံချက်ရှိအောင် ထည့်သွင်းစဉ်းစားစေချင်တယ်၊ ဝန်ထမ်းတွေရဲ့ ဘဝ အာမခံချက်မရှိရင်လည်း အဂတိလိုက်စားမှု ရေစီးကြောင်းထဲကို ရောက်သွားနိုင်တယ်၊ ဆိုလိုတာက သူတို့တွေ ဒီအလုပ်ကို တစိုက်မတ်မတ် လုပ်သွားနိုင်ဖို့ တခြား ဘယ်အကူအညီ အပေးအကမ်းကို မမျှော့်လင့်ဘဲနဲ့ စိတ်အေး လက်အေး လုပ်ကိုင်နိုင်ရန် အစီအမံတွေလည်း လုပ်ပေးသွားဖို့ လိုတယ်၊
နောက်တစ်ခု လူထုအပိုင်းပေါ့၊ တစ်ခါတလေကျတော့လည်း လူထုပိုင်းက ငါတို့တွေဟာ ရိုးရာ အစဉ်အဆက် အစဉ်အလာ ရှိခဲ့တယ်၊ ဒီအစဉ်အလာကို ငါတို့ လုပ်စရာ မလိုဘူးလို့ လူထု နားလည်အောင် ချပြ ရှင်းပြ ပညာပေး ဟောပြောပွဲ ဒီအစီအမံတွေလည်း လုပ်လို့ ရတယ်၊ နောက်တစ်ခု ကျွန်တော်ပြောတဲ့ လုပ်နေဆဲဆိုတဲ့ကိစ္စ ကြိုတင်ကာကွယ် တားဆီးရေးကိစ္စပေါ့၊ လောလောဆယ် ဖြစ်နေတဲ့ ကိစ္စတွေကို တစ်ခုချင်း တစ်ခုချင်း လေ့လာပြီးတော့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ တစိုက်မတ်မတ် လုပ်ဖို့ လိုတယ်။

ဟင်္သာမီဒီယာ။ ။ အဂတိလိုက်စားမှု ပြုလုပ်နေတဲ့ သူတွေကို ဘယ်လို ပုံစံတွေ အရေးယူသွားသင့်လဲ။
ဒေါက်တာ အောင်နိုင်ဦး။ ။ အရေးယူတဲ့ အပိုင်းမှာက စစ်ဆေးတွေ့ရှိလို့ရှိရင် ဘယ်လို ထိထိရောက်ရောက် အရေးယူမလဲ၊ အဲဒါလည်း အရေးကြီးတယ်၊ ကာကွယ်တယ်၊ စစ်ဆေးတယ် တွေ့တယ်၊ ဘာမှ အရေးမယူရင်တော့ ဒီအတိုင်းပဲ ဖြစ်နေမယ်၊ ဒီဟာတွေ လုပ်ဖို့ဆိုရင် အားလုံး ဟန်ချက်ညီဖို့ လိုတယ်၊ လွှတ်တော် အဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ အစိုးရပဲ ဖြစ်ဖြစ် စပြီး လုပ်ရင်တော့ ဟန်ချက်ညီဖို့ လိုတယ်၊
နောက်တစ်ခုက ဝန်ထမ်း ယန္တရားမှာ ရှိနေတဲ့ အရင်အတွေး အခေါ်တွေ ပြောင်းလဲပေးနိုင်တဲ့ သင်တန်းတွေလည်း အစဉ်ဆက်မပြတ် လုပ်ပေးဖို့ လိုပြီး၊ နောက်တစ်ခုကတော့ တချို့ကိစ္စရပ်တွေကို အထူးကိစ္စရပ်တွေအနေနဲ့ အရေးယူဆောင်ရွက်သွားဖို့လည်း လိုတယ်၊
အထူးကိစ္စရပ်ဆိုတာ တချို့နိုင်ငံတွေမှာ ဖြစ်လိုက်လို့ရှိရင် ဝန်ထမ်းအသေးလေးတွေပဲ ထိတယ်၊ တကယ် ကြီးကြီးမားမား လုပ်နေတဲ့ သူတွေကိုကျတော့ ပစ်မှတ်က မထိဘူး၊ ဒီကြီးကြီးမားမာ သူတွေကိုတော့ အထူးစီမံချက် ပုံစံမျိုးနဲ့ လုပ်သွားဖို့ လိုတယ်၊
ကျွန်တော်တို့ သိရသလောက်ဆို ပဲခူးတိုင်း အုပ်ချုပ်ရေးမှူးကို ပြည်ထောင်စု အဆင့် ဆင်းပြီး စစ်ဆေးတဲ့ အထိ ဖြစ်လာတယ်၊ သူတော့ မြေရောင်းစားတဲ့ ကိစ္စနဲ့ စစ်ဆေးပြီး အရေးယူခဲ့တယ်၊ ကျွန်တော် ပြောချင်တာ အထူးကိစ္စရပ်တွေကို ကိုင်တွယ် ဖြေရှင်းတာ ဗဟိုတစ်ခုပဲ မလုပ်နဲ့ ပြည်နယ်တွေပါ လုပ်ဖို့ ဖြစ်တယ်၊
အခုဆို အကျင့်ပျက်တိုက်စားမှု ကော်မတီဆိုတာ ပြည်ထောင်စုမှာပဲရှိတယ်၊ ပြည်နယ်မှာ မရှိဘူး၊ ဖြစ်လာလို့ရှိရင် ဒီကိစ္စကို ဘယ်သူတွေက တစိုက်မတ်မတ် လုပ်နေတဲ့ဟာတွေ မရှိဘူး၊ ဒီလိုအဖွဲ့မျိုးကို ဘယ်လိုပုံစံမျိုးနဲ့ ဖွဲ့စည်းမလဲပေါ့၊ ဘယ်လို ရပ်တည်ပြီး ဆောင်ရွက်ခွင့် ပေးမလဲဆိုတာ စဉ်းစားရမယ်၊ လုပ်မယ်ဆိုရင်တော့ လုပ်လို့ရတယ်၊ အထူးကိစ္စကို ကိုင်တွယ်နေတဲ့ ကော်မတီ နောက်ပြီး အမှီအခို ကင်းတဲ့အဖွဲ့၊ တရားဝင်အဖွဲ့တွေလည်း ရှိဖို့လိုတယ်၊ ဒါမှလည်း ကျွန်တော်တို့က အကြီးအကဲတွေကို ပြန်ကိုင်လို့ ရမှာ ဖြစ်တယ်၊ အခုဆို ကျွန်တော်တို့ဆီမှာ စစ်ဆေးပြီးဆိုရင် ငါးကြီးကြီး မမိဘဲနဲ့ ငါးသေးသေးလေးတွေပဲ မိနေတယ်။

ဟင်္သာမီဒီယာ။ ။ အခုနောက်ပိုင်းမှာဆို စစ်ဆေးတွေ့ရှိချက်တွေ အရေးယူတဲ့ နေရာမှာ ထုတ်ပြန်မှု သိပ်မတွေ့ရဘူး၊ အားနည်းနေတယ်၊ ဒီအပေါ်မှာကော ဘယ်လို သုံးသပ်မိလဲ။
ဒေါက်တာ အောင်နိုင်ဦး။ ။ ကျွန်တော်တို့ရဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ နယ်လုံ ဝန်ကြီးက ဖြေသွားတာတော့ အဂတိလိုက်စားမှု ၂၂ မှု လို့ ဖြေသွားတယ်၊ အဲဒါကလည်း ဘယ်ဌာနကိုတော့ ဘယ်ဝန်ထမ်းတွေကိုတော့ ဘယ်လို အရေးယူထားတာဆိုတာ ကျွန်တော်တို့ သိရှိမှုနည်းနေတယ်၊ သိရှိမှုနည်းတယ်ဆိုတာက တစ်ခါတစ်လေကျတော့ သူတို့ ဌာနတွေကလည်း ဒီကိစ္စကို အထူးတလည် ကြေညာချက်တွေ ထုတ်ပြန်ချက်တွေ မထုတ်ပြန်တာလည်း ဖြစ်နိုင်တယ်၊ မထုတ်ပြန်ရတဲ့ အကြောင်းအရင်းက လုပ်ပြီးသား အလုပ်ကို လူထုကို မချပြတော့ ကြွေးကြော်စရာမလို့တော့ဘူးလို့ ထင်တဲ့ စိတ်မျိုးနဲ့လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ နောက်တစ်ခုက ကျွန်တော်မြင်တာ တချို့ကျတော့ ကိုယ်ရုံးမှာဖြစ်တဲ့ အမှားအယွင်းကို လူထုကြားမှာ ပေါ်မသွားစေချင်လို့ ဖြစ်မယ်၊

ဟင်္သာမီဒီယာ။ ။ ဒီနေရာမှာ ဝန်ထမ်းတွေရဲ့ အခြေခံ လစာ နည်းပါးမှုဟာ အဂတိလိုက်စားမှုကို တွန်းအားပေးစေလား။
ဒေါက်တာအောင်နိုင်ဦး။ ။ ဒါက စဉ်းစားဖို့ အချက်တစ်ချက်အနေနဲ့တော့ တွေးလို့ ရတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ စဉ်းစားရမှာက လခနည်းလို့ အကျင့်ပျက်ခြစားမှု ဖြစ်တယ်ဆိုရင် လခ အပြည့်အဝ ရထားတဲ့ လူတွေရော အကျင့်ပျက်ခြစားမှု လုံးဝကင်းပြီးလို့ ယူဆလို့ မရဘူး၊ ကျွန်တော် ပြောချင်တာက လစာ နည်းလို့ စားဝတ်နေရေး မပြေလည်လို့ အကျင့်ပျက်ခြစားမှု ရှိနိုင်တယ်ဆိုတဲ့ အချက်တစ်ချက်ကို မှတ်ယူလို့ ရတယ်၊ ဒါပေမဲ့ အမြဲတမ်း မှန်သလားဆိုတော့ မမှန်ဘူး၊ ဒီအတွက် လစာ အပြည့်ပေးမယ်ဆိုရင်လည်း နိုင်ငံတကာမှာ တချို့ဝန်ကြီးတွေ အကျင့်ပျက်မှုတွေ ရှိနေသေးတယ်၊
နောက်ပြီ အစိုးရအဖွဲ့အနေနဲ့ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတွေကနေ အကျင့်ပျက် ခြစားမှု တွေ ပါလာတယ်ဆိုတာ သတိထားဖို့ လိုတယ်၊ ဥပမာ မနှစ်ကဆို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က လက်ဆောင်ပစ္စည်းများ ဆိုင်ရာ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ထားတာ ရှိတယ်၊ ၂၅,၀၀၀ ထက်ပိုပြီး လက်ခံလို့ မရဘူး၊ အရင်သက်တမ်းက ဦးသိန်းစိန်က သုံးသိန်း ယူပိုင်ခွင့်ရှိတယ်လို့ ပြောတယ်၊ ကျွန်တော် ပြောချင်တာက အဲဒီဟာတွေက သိပ်ပြီး မခိုင်မာသေးဘူးလို့ ယူဆတယ်၊ ဆိုပါဆို ၂၅,၀၀၀ ကို ငါးခါပေးရင် ဘယ်လို လုပ်မလဲ၊
နောက်တစ်ခုက အစိုးရအဖွဲ့က လူထုအတွက် အသိမှတ်ပြုတဲ့ ပွဲဖြစ်စေ၊ ဂုဏ်ပြုတဲ့ ပွဲဖြစ်စေ လုပ်ကြတယ်၊ ဥပမာ ၁၀ တန်းအောင် ကလေးတွေကို ချီးမြှင့်တဲ့ ပွဲလုပ်တယ်၊ သင်္ကြန်ဆိုရင်လည်း သင်္ကြန်ပွဲတော် လုပ်ကြတယ်၊ မွန်ပြည်နယ်နေ့ဆိုရင်လည်း မွန်ပြည်နယ်နေ့ အခမ်းအနားတွေ လုပ်တယ်၊ ဒီအတွက် ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက အဲဒီအတွက်ကို သီခြားရန်ပုံငွေ ထည့်သွင်းထားတာ မရှိဘူး၊ ပွဲကလည်း လုပ်ပြီး၊ လုပ်တော့ ရန်ပုံငွေ ရှာဖွေရေး ကော်မတီဆိုပြီးဖွဲ့ကြတယ်၊ အခုဆို ကျွန်တော် ကြားသိရတာက တက္ကသိုလ်ဝင်တန်းအောင်တဲ့ ကလေးတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ ပွဲလုပ်ဖို့ ကော်မတီတွေ ဖွဲ့ထားပြီးပြီး၊ ဘဏ္ဍာရေး ရှာဖွေရေး ကော်မတီလည်း ဖွဲ့ထားတယ်၊ ဒီအတွက် ကော်မတီက ဘဏ္ဍာငွေကို ဘယ်လို ရှာမလဲ၊ အလှူခံမှာလား၊ သေချာတာ အလှူခံတာက ငွေကြေးလက်ခံတာနဲ့ ဘောင်မဝင်ဘူးလို့ ကျွန်တော်တို့ ဘယ်လို လုပ်ပြောမလဲ။
သူတို့ကတော့ တို့အစိုးရကို ပေးတာတော့ မဟုတ်ဘူး၊ ကလေးတွေ ချီးမြှင့်ဖို့အတွက် ပေးတာ ဖြစ်တယ်၊ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကိစ္စမှာ ပါဝင်ပတ်သက်မှုတော့ ရှိတယ်၊ မနှစ်ကဆို ကျွန်တော်တွေ့တယ်၊ MCL သိန်း ၁၀၀၊ ရိုးရိုးလေး သိန်း ၁၀၀ တို့ လာလှူတယ်၊ ကမကထ လုပ်တာတော့ အစိုးရအဖွဲ့ပဲ၊ ဒါမျိုးက ဖြစ်သင့်လားပေါ့၊ နောက်ပြီး ဒီပွဲတွေ အတွက် တချို့ ဌာနဆိုင်ရာတွေက အစထည့်ရတယ်၊ ဘယ်ဌာနက ငွေကြေးဘယ်လောက်၊ ဘယ်ဌာနကတော့ ငွေကြေးဘယ်လောက်၊ သာမန်အားဖြင့် စဉ်းစားကြည့်လို့ရတယ်၊ ဌာနဆိုတာ အပိုငွေ ရှိလား၊ အပိုငွေဆိုတာ မရှိဘူး၊ ဌာနရဲ့ ဘတ်ဂျက်နဲ့ပဲ ရပ်တည်နေတယ်၊ ဒီဘတ်ဂျက်တွေကို ဒီလိုလှူလို့ရတယ်လို့ ကျွန်တော်လည်း ဘယ်လုပ်ထုံးလုပ်နည်းမှာမှ မတွေ့ဖူးဘူး၊
အဲဒီခါမျိုးကျတော့ စည်ပင်ဌာနက ဘယ်လောက် လှူတယ်၊ ဘယ်ဌာနက ဘယ်လောက်လှူတယ်၊ ဒါတွေက စဉ်းစားစရာတွေ ဖြစ်လာတယ်၊ တစ်ခါတလေကျရင် ဒီထက်ပိုဆိုးတာ ဟိုကျေးရွာ ဥပမာအားဖြင့် စည်ပင်ကတော့ ဘယ်လောက်လှူတယ်၊ ဒီလှူတဲ့ ဟာတွေက ဘယ်က ပြန်တက်လာလဲဆိုရင် သူတို့ လှူတဲ့ ပိုက်ဆံတွေက သူတိုု့ ဟာတွေ မဟုတ်ပါဘူး၊ သူတို့ စည်ပင်လုပ်ငန်းနဲ့ ပတ်သက်သူတွေဆီမှာ အလှူခံပြီး လာထည့်တာလို့ သူတို့ ပြောတယ်၊ ဒီအတွက် အောက်အဆင့်ကို ဆင်းကြည့်မယ်ဆိုရင် စည်ပင်နဲ့ ပတ်သက်တဲ့ သားသတ် ငါးသတ် လိုင်စင်ရထားတဲ့ သူလား၊ ဒါမှမဟုတ်ရင် စည်ပင်နဲ့ ပတ်သက်တဲ့ ဈေးကောက်လိုင်စင်ရထားတဲ့ သူတွေလား၊ အဲဒီကပေးတာလား၊ တချို့လည်း တကယ်ပေးတယ်လို့ ပြောတယ်၊ ဒါတွေက မလုပ်သင့်ဘူး၊ ဒီအတွက် ဘယ်သူက စလုပ်ရမလဲ၊ အစိုးရအဖွဲ့က ဒီလိုပွဲတော့ ငါတို့ လုပ်ခြင်းအားဖြင့် ဟိုဘက်က ရိုက်ခတ်မှု ဘာရှိလာနိုင်လဲ စဉ်းစားသင့်တယ်၊ တချို့ ဘာမသိ ညာမသိဘဲနဲ့ ဒီခေါင်းစဉ်ပြပြီး အလှူခံတာ အများကြီးပဲ၊ ဒီမှာ အစိုးရက ဘာမှ မသိဘူး၊ အောက်မှာတော့ ပြည်နယ်အစိုးရ ဘာလုပ်ငန်းအတွက်ဆိုပြီး အလှူခံတယ်၊ နောက်ဆုံး အုတ်ဖုတ်တဲ့ သူတောင် မကျန်ဘူး၊ လုပ်ငန်းရှင်တွေ အားလုံး ပါတော့ ဒါတွေက အကျင့်ပျက်ခြစားမှုကို ဖြစ်စေတဲ့ အကြောင်းအရင်း ဖြစ်တယ်၊
ဒါတွေကို အစိုးရက သတိထားသင့်တယ်၊ နောက်ပြီး ပညာရေးဌာနဆိုရင် သူတို့လည်း ဝိုင်းကူတယ်၊ ပြန်မေးကြည့် အကုန်လုံးဟာ ကုမ္ပဏီတွေဆီက လက်ခံကြတယ်၊ ပြီးခဲ့တဲ့ သင်္ကြန်ပွဲတော်ကို ကျွန်တော် ကောင်းကောင်းသိတယ်၊ သင်္ကြန်ပွဲတော်မှာ မဏ္ဍပ်လုပ်တော့ ကုမ္ပဏီတွေဆီက အလှူခံတယ်၊ တချို့ တစ်သိန်း၊ တချို့က နှစ်သိန်း၊ ကုမ္ပဏီဆိုတာက တင်ဒါရထားတဲ့ ကုမ္ပဏီတွေ ဖြစ်တယ်၊ နောက်ဆုံး ကုမ္ပဏီတွေ သူတို့ တည်ဆောက်ရေး အပိုင်းကို လျှော့ကောင်းလျှော့နိုင်တယ်၊
ကျွန်တော် ပြောချင်တာက ကြိုတင်ကာကွယ်မှုတွေ လုပ်တဲ့နေရာမှာ အပေါ်က လူကြီးတွေက အများကြီး သတိထားဖို့ လိုတယ်၊ အမှန်တကယ်က အစိုးရဟာ ကုမ္ပဏီတွေဆီက ရစရာဆိုလို့ အခွန်ကောက်စရာပဲ ရှိတယ်၊ ကျန်တာ ဘာမှမလိုဘူး၊ ကိုယ်ဦးစီးဦးဆောင်လုပ်မယ့် ပွဲတော်တွေမှာ ဒီလိုကိစ္စရပ်တွေ ပါမလာအောင်တော့ သတိထားသင့်တယ်လို့ ကျွန်တော် ယူဆတယ်၊ ပါလာလို့ ရှိရင်တော့ အစဉ်အလာကို ချေဖျက်နိုင်ဖို့ မပြောနဲ့ ဆက်ပြီး ထိန်းနေတဲ့ ပုံစံမျိုး ဖြစ်သွားနိုင်တယ်၊ ဒီနေရာမှာ ကျွန်တော် ပြောချင်တာက အစိုးရအဖွဲ့အနေနဲ့ ပွဲတစ်ပွဲဟာ လုပ်သင့်တယ်လို့ ယူဆရင် ဘတ်ဂျက် တင်ကို တင်ရမှာ ဖြစ်တယ်၊ အစိုးရအဖွဲ့ဆိုတာ လူထုဝန်ဆောင်မှု ပေးတဲ့ ငွေရေးကြေးရေးတွေကို သုံးစွဲရမယ့် တာဝန်ရှိတယ်၊

ဟင်္သာမီဒီယာ။ ။ အခုဆိုရင် နိုင်ငံ့ ဝန်ထမ်းဆိုင်ရာ မဟာဗျူဟာစီမံချက် ကြေညာချက်တွေကိုလည်း ထုတ်ပြန်ထားတယ်၊ ဒီထုတ်ပြန်ချက်အရဆိုရင် အဂတိလိုက်စားမှု ကင်းရှင်းရေးအတွက် အရာရှိကြီးများနဲ့ သံသယရှိသူများရဲ့ ပိုင်ဆိုင်မှုတွေကို စာရင်းကောက်ယူမယ်လို့ ပါရှိတယ်၊ အဲဒီအပေါ်မှာ ဘယ်လို သုံးသပ်မိလဲ။
ဒေါက်တာ အောင်နိုင်ဦး။ ။ ကျွန်တော် ပြောချင်တာက တချို့ အစီအမံ အကာအကွယ်တွေကို ဘယ်လိုပုံစံမျိုးနဲ့ လုပ်မလဲပေါ့၊ ဝန်ကြီးတွေ ကိုယ်စားလှယ်တွေ ဖြစ်လာတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အမြဲတမ်း ဖော်ပြပေးနိုင်တဲ့ ဥပဒေ မဟုတ်ရင်တော့ အစီအမံ တစ်ခုတော့ ရှိဖို့လိုတယ်၊ ဒီဘက်က အကြီးအကဲတွေက အဲလိုမျိုး စပြီးတော့ မလုပ်လို့ရှိရင် ဝန်ထမ်းတွေကို အဲလို လုပ်ဖို့က နည်းနည်းတော့ ခက်လိမ့်မယ်၊ နိုင်ငံတော် သမ္မတဖြစ်စေ၊ ပြည်ထောင်စု ဖြစ်စေ၊ ပြည်နယ်အဆင့်မှာလည်း ဝန်ကြီးချုပ် ဖြစ်စေ၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌဖြစ်စေ အရေးကြီးနေရာ ရရှိထားတဲ့ VIP ပုဂ္ဂိုလ်တွေက စပြီးတော့ သူတို့ ပိုင်ဆိုင်မှုကို ချပြတဲ့ အစီအမံတစ်ခုတော့ ရှိဖို့ လိုတယ်၊ အဲဒါတွေ ချပြပြီးရင်တော့ ဒီဘက်က ဝန်ထမ်းတွေကို လုပ်သွားလို့ ရမယ်လို့ ကျွန်တော် ယူဆတယ်။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ် လွှတ်တော်မှာ ပူပူနွေးဖြစ်နေတဲ့ ဦးစီးမှူးက ဝန်ထမ်းအသစ်မှာ ငွေတောင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်သွားမလဲ၊ နောက်ပြီး အပြစ်တွေ့လို့ရှိရင် ဘယ်လို အရေးယူမှုတွေ လုပ်သွားဖို့ရှိလဲ။
ဒေါက်တာ အောင်နိုင်ဦး။ ။ အခုတော့ တိုင်ကြားစာ ကော်မတီကို တာဝန်ပေးထားတယ်၊ ကော်မတီက စစ်ဆေးတွေ့ရှိချက်ကို အကြံပြုချက်နဲ့ ဥက္ကဋ္ဌဆီ တင်မယ်၊ ဒီအကြံပြုချက်ကိုမှ ဥက္ကဋ္ဌကြီးက ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်မှာ ဖြစ်တယ်၊ ဒါပေမဲ့ တစ်ခုတော့ ရှိတာက ကျွန်တော်တို့မှာ ဖြစ်သွားတဲ့ ဝန်ထမ်းဟာ ထွေအုပ် ဝန်းထမ်းဖြစ်တယ်၊ ကျွန်တော်တို့ရဲ့ ဝန်ထမ်းအစစ်အမှန်တော့ မဟုတ်ဘူး၊ သို့သော် လုံးဝ မဆိုင်ဘူးလားဆိုတော့ ဆိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ ဒီမှာလာပြီး အလုပ်လုပ်နေလို့၊ ကိုယ်ပိုင် ဝန်ထမ်းဖြစ်နေလို့၊ ကိုယ်နဲ့ ဆိုင်တဲ့ ဝန်ထမ်းလို့ သတ်မှတ်လို့ ရတယ် ၊ ပြီးတော့ ကိုယ်ရဲ့ နယ်မြေမှာပဲ ဖြစ်တဲ့ အတွက်ကြောင့် တစ်ခုခုတော့ လုပ်နိုင်ဖို့တော့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ နောက်ပြီး သူရဲ့ မိခင်ဌာနကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းပေးမလဲဆိုတာ ညှိနှိုင်းဆွေးနွေး အကြံပြုတာမျိုးလည်း လုပ်သွားလို့ ရတယ်၊ ဥက္ကဋ္ဌကြီးကတော့ အဲလိုမျိုး လုပ်မယ်လို့တော့ ကျွန်တော် ယူဆတယ်၊ အရေးယူမှုကတော့ နိုင်ငံဝန်ထမ်းဆိုင်ရာ အရေးယူမှုတွေကတော့ အများကြီးရှိတယ်၊ ဒါပေမဲ့ အရေးယူမှု အပိုင်းကတော့ ဆင်ခြင်တုံတရားနဲ့ လုပ်သွားမယ်လို့တော့ ယူဆတယ်၊ နောက်ပြီး တစ်ဖက်ကလည်း တခြားသူတွေ နောက်နောင် မဖြစ်ရအောင် စံနမူနာ ပုံစံမျိုး လုပ်သွားသင့်တယ်လို့ ကျွန်တော် ယူဆတယ်။

Written by – ဇော်ထိုက်

LEAVE A REPLY

Please enter your comment!
Please enter your name here