ဝါဆိုပန်းခူးပွဲတော်နှစ်ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ၁၈ ဦးဒဏ်ရာရ ငါးဦး သေဆုံး

0

မွန်ပြည်နယ်၊ ၁၀ မြို့နယ်၌ ဝါဆိုပန်းခူးပွဲတော်နှစ်ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၁၈ ဦးဒဏ်ရာရရှိကာ ငါးဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှုခင်းမှတ်တမ်းအရ သိရသည်။

ဝါဆိုလပြည့်နေ့၌ မော်လမြိုင်မြို့နယ်တွင် ယာဉ်မတော်တဆဖြစ်ပွားမှု တစ်မှု၊ ရေးမြို့နယ်တွင် နှစ်မှု၊ ပေါင်မြို့နယ်တွင် နှစ်မှုနှင့် ကျိုက်ထိုမြို့နယ်တွင် တစ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ရှစ်ဦး၊ အမျိုးသမီး တစ်ဦးဒဏ်ရာရကာ အမျိုးသား နှစ်ဦး အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဝါဆိုလပြည့်ကျော် တစ်ရက်နေ့တွင် မော်လမြိုင်မြို့နယ်တွင် တစ်မှု၊ မုဒုံမြို့နယ်တွင် တစ်မှု၊ ကျိုက်ထိုမြို့နယ်တွင် တစ်မှုနှင့် ပေါင်မြို့နယ်တွင် နှစ်မှုတို့ ယာဉ်မတော်တဆမှုများဖြစ်ပွားခဲ့ရာ အမျိုးသားရှစ်ဦး၊ အမျိုးသမီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီး အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဒီနှစ်က ခါတိုင်းနှစ်တွေထက် ယာဉ်တိုက်မှုတွေ လျော့နည်းလာသလို သေဆုံးတာတွေ လည်း အများကြီးနည်းသွားပါတယ်”ဟု တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး သေဆုံးမှုများတွင် မိမိယာဉ်လမ်းကြောမဟုတ်ဘဲ အရှိန်လွန်မောင်းနှင်ရောက်ရှိခဲ့ရာမှ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် မော်တော်ယာဉ် များဖြင့် တိုက်မိခြင်းကြောင့် သေဆုံးမှု အများဆုံးဖြစ်ခဲ့ကြောင်း ၎င်းက ပြောသည်။
ခေတ်မင်း

LEAVE A REPLY

Please enter your comment!
Please enter your name here