Hintharmedia

ဝါဆိုပုန်းညက် လွမ်းသင့်ဝေသီ…

“အရင်ခေတ်ကဆိုရင် လူငယ်တွေစုဖွဲ့ပြီး တောင်ပေါ်တွေဆီသွားကြတယ်၊ တောပန်း တောင်ပန်းလေးတွေ အပြိုင်အဆိုင်၊ အလုအယက် လှည့်ခူးကြတယ်။ ပြီးတော့ ညနေဘက်ရောက်တဲ့အခါ ဘုရားသွားပြီး ဝါဆိုပန်းတွေ ကပ်လှူကြတယ်၊ ဘုန်းကြီးကျောင်းသွားပြီး ဝါဆိုမယ့်သံဃာတွေကို ကန်တော့ကြနဲ့ တစ်စုတဝေးကြီး ပျော်စရာ။ ဒီဘက်ခေတ်ရောက်လာတော့ လူငယ်တွေက ဒီပွဲမျိုးကို စိတ်ဝင်စားမှု အားနည်းလာတာ တွေ့ရတယ်”

မုတ္တမ၊ ရေးစုရပ်နေ ဒေါ်ခင်အုန်းမြင့်က ဝါဆိုလပြည့်အခါသမယ ထုံးတမ်းစဉ်လာများအကြောင်း ဆက်စပ်ပြောဆိုရင်း ယနေ့်ခေတ်လူငယ်များ ရိုးရာဝါဆိုပန်းခူးဓလေ့နှင့် ကင်းကွာလာခြင်းအပေါ် အားမလို အားမရဖြစ်နေပုံမှာ အထင်းသားပေါ်လွင်နေလျက်ရှိသည်။

တောတောင်လျှိုမြောင်အသွယ်သွယ်၊ ရေတံခွန်စိမ့်စမ်းအထပ်ထပ်ဖြင့် ရေးခြယ်သီမှုန်းထားသော သက်ဝင်ပန်းချီကားများစွာက မွန်ပြည်နယ်တခွင် ရှုမျှော်တင့်မောမဆုံးနိုင်။ ဝါဆိုမိုး တဖြိုင်ဖြိုင် ရွာသွန်းဖြိုး သည်နှင့် အရောင်အသွေးစုံ၊ အရွယ်အစားစုံ တောရိုင်းပန်းမာလာတို့က နတ်ဆစ်ပန်းပုလက်ရာလေးများသဖွယ် ဟိုမှသည်မှ စီရရီ ပွင့်ဖူးဝေစည်လာကြစမြဲ။

ဝါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့တွင် ဥပုသ်သီတင်းသီလဆောက်တည်ကြပြီး လပြည့်ကျော်တစ်ရက်နေ့ နံနက်မိုးလင်းသည်နှင့် ရပ်ထဲရွာထဲမှ လူငယ်လူရွယ်များ စုရုံးအုပ်ဖွဲ့ကာ တောင်ရိုးတောတန်းများဆီ ဝါဆိုပန်းခူးထွက်ကြသည့်ဓလေ့မှာ ယခုအခါ တိမ်မြုပ်ပျောက်ကွယ်စပြုလာပြီဖြစ်ကြောင်း ဒေါ်ခင်အုန်းမြင့်က နှမြောတသစွာ ပြောနေသည်။

ဟိုမှာ ခေါ်သံ မြူးတူး အော်သံ တေးဟစ်ကြော်သံမစဲ၊ နောက်ပြောင်ကျီစယ်သံ တသဲသဲနှင့် ခင်တန်းတောကွေ့တွေမှာ ဟိုအဖွဲ့ ဒီအဖွဲ့ချင်း ခူးဆွတ်ယူလာသမျှ ပန်းအချင်းချင်း ပြသပြိုင်ဆိုင်ကြ၊ အပျော်လုယူစ နောက်ကြ၊ ဝေမျှဖလှယ်ကြနှင့် ချစ်စရာ့ ထုံးတမ်းဓလေ့တို့ ပါးလျလာခြင်းအပေါ် ဒေသခံတို့က တ,သလွမ်းဆွတ်နေကြပြန်သည်။

“သန္ဓေတောထွက်၊ ဓမ္မစက်”ဟူ၍ လမြတ်ဝါဆို၏ ဂုဏ်အင်္ဂါရပ်များကို အတိုကောက် နှုတ်ဆင့်ကမ်း မှတ်သားခဲ့ကြသည်။ အလောင်းတော် သိဒ္ဓိတ္ထ သန္ဓေယူတော်မူသောနေ့၊ ကိလေသာထူပြောရာ လူ့ဘောင်ကိုစွန့်ခွာ၍ တောထွက်တော်မူရာနေ့၊ ဘုရားအဖြစ်ပွင့်တော်မူပြီး တရားဦး စမ္မစကြာကို ဟောမြွက်တော်မူရာနေ့ ဟူသော ဝါဆိုလပြည့်နေ့၏ ထူးမြတ်သည့် ဝိသေသလက္ခဏာတို့ကို နှလုံးပိုက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာမှ ဦးအောင်ဝင်းစိန်က “ဝါဆိုသင်္ကန်းကပ်လှူတဲ့ အလေ့အထကတော့ မှေးမှိန်မသွားဘူး၊ အရင်ကထက်တိုးတက်လာတယ်။ မှေးမှိန်လာတာက ဝါဆိုပန်းခူးတဲ့ အလေ့အထ။ နောက်တခြားရာသီ၊ တခြားဓလေ့တွေ ရိုးရာလှေပြိုင်ပွဲ၊ နွားအလှနွားလှည်းပြိုင်ပွဲတွေဆို ပျောက်ကွယ်သွားတယ်”ဟု ပြောဆိုပါသည်။
ရိုးရာဓလေ့ထုံးတမ်းစဉ်လာဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခု၏ သွင်ပြင်လက္ခဏာနှင့် စရိုက်သဘာဝကို ဖော်ကျူးသည့် အလေ့အထကောင်းများဖြစ်သည့်နှင့် အညီ တန်ဖိုးထားထိန်းသိမ်းသင့်ကြောင်းကိုလည်း ချောင်းဆုံဒေသခံများက ပြောကြပါသည်။

“တစ်ခုကွာခြားတာက အရင်တုန်းက လူငယ်တွေ ဝါဆိုပန်းခူးချိန်ဆို ပန်းခူးမယ်။ ဘုရားသွားပန်းကပ်လှူမယ်။ ဒါပဲလုပ်ကြတယ်။ လူငယ်တွေသောက်စားမူးယစ်တာ သိပ်မရှိကြဘူး။ အခုကျတော့ လူငယ်တွေ မူးယစ်ပြီး သွားရင်းလာရင်း ယာဉ်မတော်တဆဖြစ်ရ၊ ထိခိုက်ပျက်စီးရတာတွေ နှစ်တိုင်းလိုလိုကြားနေရတာပဲ”ဟု မုဒုံမြို့နယ်မှ မွန်တိုင်းရင်းသား အဘိုးဦးအောင်တင့်က သူတို့ခေတ်နှင့် ယနေ့ခေတ်ကို နှိုင်းယှဉ်သုံးသပ်ပြသည်။

လူ့အဖွဲ့အစည်းတစ်ခုသည် ယခင်ကလို တစ်သီးတခြား ရပ်တည်နေ၍မရတော့သော ခေတ်၏ဆွဲငင်မှု လမ်းကြောင်းပေါ်တွင် ယဉ်ကျေးမှုများထိခတ်မိကြသည်။ တိုးတိုက်မိကြသည်။ ဂလိုဘယ်လ်လိုက်ဇေးရှင်းလှိုင်းလုံးကြီးက ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို အစဉ်တိုက်စားလျက်ရှိပေရာ အားနည်းလျှင်ကွယ်ပျောက်သွားရမည့်ဘေးက ခြောက်လှန့်လျှက်ရှိနေပေ၏။ ထိုအထဲတွင် လူမျိုးတစ်မျိုး၏ အမျိုးသားရေးလက္ခဏာ(National Identity ) များပါစိုးရိမ်ရေမှတ်သို့ ရောက်ရှိလာပါတော့သည်။ ထို့ကြောင့်လည်း ယနေ့ ကမ္ဘာ့ နိုင်ငံများတွင် လူမျိုးစုငယ်များ၏ အမျိုးသားရေးလက္ခဏာ မပပျောက်ရေးကို အာရုံစိုက်လာကြလေပြီ။

ပြင်ပကမ္ဘာမှ မည်မျှပင် ထိန်းသိမ်းသည်ဆိုစေဦး၊ သက်ဆိုင်ရာ လူမျိုးစု၏ မျိုးဆက်သစ်လူငယ်များ၏ ခံယူချက်သဘောထားက ပဓာနဖြစ်သည်။
ယဉ်ကျေးမှုဓလေ့ရိုးရာကို ဖော်ကျူးထင်ဟပ်ရာပွဲတော်ကာလအတွင်းမှာပင် အပျော်လွန်ကျူး မူးယစ်သေစာ သောက်စားလွန်ကဲမိကာ မလိုလားအပ်သော ခိုက်ရန်ဒေါသဖြစ်ပွားမှုများ၊ ယာဉ်မတော်တဆမှုများဖြစ်ပွားမည်ကို မုဒုံမြို့နယ်ဒေသခံအချို့က စိုးရိမ်ပူပန်မိကြကြောင်း ဆိုပါသည်။

ဇင်းကျိုက်ရေတံခွန်အနီးမှ စားသောက်ဆိုင်ရှင်တစ်ဦးကမူ မွန်ပြည်နယ်တွင်း လာရောက်အပန်းဖြေရာ ပွဲတော်ကာလသာ မဟုတ်ဘဲ အခြားနယ်ဝေးမြေခြားမှ ဧည့်သည်များပါ ဘုရားဖူးခရီးလှည့်လှည်ရင်း ဝင်ရောက်လာသည့် ဝါဆိုဦးရာသီ အတွင်း အရက်သေစာရောင်းချခြင်းကို တင်းကျပ်စွာ တားမြစ်လာကြောင်း ပြောဆိုပါသည်။ ပိုမိုစည်ကားလာပြီးဖြစ်သည့် ဇင်းကျိုက်ရေတံခွန်သို့ အပန်းဖြေအပျော်ခရီးလာရောက်သူရော ဘုရားဖူးအလည်အပတ်ဝင်ရောက်လာသူများပါ အထူးစည်ကားလေ့ရှိသည့် အချိန်အခါဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်မှ အဘွားဒေါ်ကျင်ငွေကတော့ “အဘွားတို့ ငယ်ငယ်ကဆို ဝါဆိုလပြည့်နေ့အတွက် မိသားစုလိုက် တစ်ထီးတစ်နန်းပြင်ဆင်ကြတယ်။ မိဘဘိုးဘွား လူကြီးသူမတွေကို ကန်တော့ကြ၊ လာကန်တော့တဲ့ ကလေးသူငယ်နဲ့ လူငယ်လူရွယ်တွေကို ရိုးရာမုန့်ပဲသရေစာနဲ့ ကျွေးမွေးဧည့်ခံကြပေါ့။ ခုတော့ အဲဒီဓလေ့ကို လုပ်တာ သိပ်မတွေ့ရတော့ဘူး”ဟု အတိတ်ပုံရိပ်တစွန်းတစကို ဖွင့်ဟပါသည်။

ကျိုက်ထိုဒေသခံလူငယ်တချို့ကမူ ကဒက်ချောင်းအနီး စုဖွဲ့ပျော်ပါးရင်း ဝါဆိုဦးကာလပွဲတော်ကို ပါဝင်ဆင်နွှဲရန်လိုလားနေကြောင်း သိရပါသည်။ မိသားစုလိုက် အပန်းဖြေလာရောက်လည်ပတ်သူများနှင့် ကဒက်ချောင်းဝန်းကျင်တွင် နှစ်စဉ်စည်ကားသိုက်မြိုက်လေ့ရှိကြောင်း နယ်မြေခံစားသောက်ဆိုင်ရှင်တစ်ဦးက ပြောသည်။

မော်လမြိုင်မြို့မှ လူလတ်ပိုင်းနှင့်လူရွယ်ပိုင်းအများစုမှာ မြို့၏အထင်ကရ တောင်ဝိုင်းဗုဒ္ဓဝင်ဘုရားဝန်းကျင်တွင် ဝါဆိုဦးကာလကိုကျော်လွန်ဖြတ်သန်းရန် ရည်ရွယ်ကြောင်းကြားသိရပါသည်။

တောင်ဝိုင်းဂေါပကအဖွဲ့ဝင် ဦးဝင်းစိုး၏ ပြောကြားချက်အရ ဝါတွင်းဘုရားဖူးဧည့်သည်များ စိတ်အနှာင့်အယှက်ကင်းရှင်းစွာ ဝါဆိုပွဲတော် နွှဲပျော်နိုင်ရန် လုံခြုံရေးကိုတိုးမြှင့်တာဝန်ချထားကြောင်း၊ လာရောက်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် တစ်လမ်းမောင်းစနစ် သတ်မှတ်ထားကြောင်း၊ ယာဉ်ရပ်နားရန်နေရာများကိုလည်း အလုံအလောက်ရှိစေရန် ဂရုပြုဆောင်ရွက်စီမံထားသလို လူသူရှုပ်ထွေးစည်ကားရာမှ ယာဉ်မတော်တဆမှု မဖြစ်ပွားစေရန် ဈေးတန်းကိုလည်း ပရဝုဏ်ဝန်းကျင်နီးနား၌ပင် ချမှတ်ရောင်းချစေမည်ဖြစ်ကြောင်း ကြိုတင်စီမံထားမှုများကို ပြောသည်။

ဂေါပကအဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရ ဝါဆိုလပြည့်နေ့ထက် လပြည့်ကျော်တစ်ရက်နေ့တွင် ဘုရားဖူးလာရောက်သူ၊ ဝါဆိုပန်းခူးပူဇော်သူများနှင့် အထူးစည်ကားသိုက်မြိုက်လေ့ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့ခံလူငယ်တစ်ဦးက “အရင့်အရင်လို ဝါဆိုပန်းလှည့်ခူးကြ၊ ကပ်လှူပူဇော်ကြဖို့ ဆိုတာမျိုးတော့ ခုနောက်ပိုင်းအလေ့အထလျော့နည်းသွားပါပြီ။ ကျွန်တော်တို့ လူငယ်တွေအတွက် အပျော်ဆုံးရာသီပွဲတော် ဆိုတာ သင်္ကြန်ပြီးရင် ဒုတိယမြောက်က ဝါဆိုပွဲတော်လို့ဆိုနိုင်ပေမယ့် ဝါဆိုပန်းခူးအလေ့အထဟာ ပါးလျမှေးမှိန်သွားပြီ ”ဟု သုံးသပ်စကားဆိုပါသည်။

ရိုးရာဓလေ့ထုံးတမ်းအချို့လည်း ဝါဆိုပန်းခူးအလေ့အထနည်းတူ ကာလရွေ့လျားလာသည့်အလျောက် ပျောက်ကွယ်လုဆဲဖြစ်နေကြောင်းသူက ဖြည့်စွက်ပြောဆိုခဲ့သည်။

“ဝါဆိုပန်းတွေ တောင်ပေါ်တောတန်းတွေမှာ တပျော်တပါး အဖွဲ့လိုက်ကြီးစုပြီး လှည့်ခူးချင်သေးတယ်”ဟုလည်း သူ၏ ဆန္ဒကို ဖွင့်ဟပြသည်။
အလေ့အထများ စုစည်းမိလာလျှင် စရိုက်သွင်ပြင်ဖြစ်လာသည်။
စရိုက်သွင်ပြင်တို့ အဓွန့်ရှည်ကြာ စုစည်းမိလာသောအခါ ယဉ်ကျေးမှုထုံးတမ်းဖြစ်လာသည်။ ယဉ်ကျေးမှုထုံးတမ်းတို့ အစဉ်အလာခိုင်မြဲလာသောအခါ အမျိုးသားဇာတိ ဥပဓိလက္ခဏာ ဖြစ်လာရသည်။

ရိုးရာဓလေ့ထုံးထမ်းဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ရပ်အတွက် အခြေခံအကျဆုံးသော ယဉ်ကျေးမှုစရိုက်လက္ခဏာဟု ဆိုနိုင်ပါသည်။ ရိုးရာဓလေ့တို့မည်မျှအဓွန့်ရှည်ကြာ ခိုင်မာတည်တံ့နိုင်မည်မှာ ယင်းလူ့အဖွဲ့အစည်း၏ တန်ဖိုးထားမှု တွေးခေါ်မြော်မြင်နိုင်စွမ်းအပေါ် အဓိကမှီတည်ပါသည်။

အာရှဒေသအတွင်းသာမက ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ဂျပန်နိုင်ငံတွင်ပင်လျှင် ခေတ်မီအဝတ်အထည်၊ အသုံးအဆောင်တို့ကို နိစ္စဓူဝ မည်မျှဝတ်ဆင်သုံးစွဲနေကြသည်ဖြစ်စေ အခါကြီးရက်ကြီး၊ ပွဲလမ်းသဘင်ကြီးများတွင် ရိုးရာအဝတ်အထည်၊ ရိုးရာအသုံးအဆောင်နှင့် ဓလေ့ထုံးတမ်းတို့ကို တခုတ်တရ ဆင်ယင်အသုံးပြုရင်း မိမိတို့၏ဇာတိဥပဓိလက္ခဏာကို ဖော်ကျူးစောင့်ရှောက်နေကြသည်ကို မြင်ရသိရပါလိမ့်မည်။

မိမိတို့လူ့အဖွဲ့အစည်းအတွင်း အလေ့အထကောင်းတို့ မှေးမှိန်ကွယ်ပျောက်လာရခြင်းမှာ တပါးသော အာရုံဝင်စားမှု တရပ်ရပ်အပေါ် လှီးလွှဲပုံချ၍ မဖြစ်နိုင်ပြီး။ ယင်းမှာ မူးယစ်သေစာကြောင့်မဟုတ်၊ သဘာဝပတ်ဝန်းကျင်ကြောင့်မဟုတ်၊ ကာလအတိုင်းအတာကြောင့်မဟုတ်၊ ခေတ်မီအသုံးအဆောင်ကြောင့်မဟုတ်၊ မြန်နှုန်းမြင့်နည်းပညာကြောင့် မဟုတ်ဟုဆိုပါလျှင်….။

မော်လမြိုင်မြို့မှ လူငယ်တစ်ဦး၏စကားကို နောက်ထပ်တဖန် ပြန်ပြောရလျှင်
“ဝါဆိုပန်းတွေ တောင်ပေါ်တောတန်းပေါ်မှာ တပျော်တပါး အဖွဲ့လိုက် စုဖွဲ့ပြီးလှည့်ခူးချင်သေးတယ်”

Add comment

Advertisement

Advertisement

error: Content is protected !!