Hintharmedia

အကြမ်းဖက်သမားများနှင့် ဆက်စပ်နေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို စင်ကာပူ ဖမ်းဆီး

ဖိလစ်ပိုင်ရှိ IS နှင့် ဆက်နွှယ်နေသော အကြမ်းဖက်သမားအုပ်စုထဲသို့ ဝင်ရန် စီစဉ်နေသော အမျိုးသားတစ်ဦးနှင့် ပြည်ပ စစ်သွေးကြွများနှင့် ဆက်သွယ်မှုရှိနေသော အမျိုးသမီးတစ်ဦးတို့ကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း စင်ကာပူအစိုးရက ထုတ်ပြန်သည်။

အရှေ့တောင်အာရှတွင် အတည်ငြိမ်ဆုံးနိုင်ငံဖြစ်သော စင်ကာပူနိုင်ငံသည် နိုင်ငံအတွင်းရှိ မွတ်ဆလင်လူနည်းစုအကြား အစွန်းရောက်ဝါဒ ပျံ့နှံ့လာခြင်းနှင့် ပတ်သက်၍ စိုးရိမ်နေသည်။

၂၀၁၅ ခုနှစ်မှစကာ အစွန်းရောက် စင်ကာပူနိုင်ငံသား ၁၄ဦးကို ပြည်တွင်းလုံခြုံရေးဥပဒေဖြင့် ဖမ်းဆီးခဲ့သည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၁၁ ဦးသာ ဖမ်းဆီးခဲ့ရာ ကိန်းဂဏန်းအရ ကြည့်လျှင် များစွာမြင့်တက်လာသည်ဟု ဆိုရမည်ဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသူမှာ အသက် ၃၄ နှစ်အရွယ် အက်ရမ် ကက်ဆင်း ဆိုသူဖြစ်ပြီး သူသည် ဆီးရီးယားရှိ IS အဖွဲ့နှင့် ပူးပေါင်းရန် အနည်းဆုံး နှစ်ကြိမ်ကြိုးစားခဲ့ဖူးပြီး စင်ကာပူလုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း တိုက်ခိုက်ရန် ကြိုးစားဖူးသူဖြစ်သည်ဟု စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မကြာသေးခင်ကတော့ ဖိလစ်ပိုင်နိုင်ငံ မာရဝီမြို့ကို သိမ်းပိုက်ထားသော အကြမ်းဖက်အဖွဲ့နှင့် သွားရောက်ပူးပေါင်းရန် ကြိုးပမ်းခဲ့သည်ဟုဆိုသည်။
၎င်းကို ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ ၎င်းနှင့်ရင်းနှီးသူများ၏ သတင်းပေးမှုကြောင့်ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ဖမ်းဆီးခံရသော အမျိုးသမီးမှာ ရှကီရား ဘီဂမ် ဟုခေါ်သော ၂၃နှစ်အရွယ် အုပ်ချုပ်ရေးလက်ထောက်တစ်ဦးဖြစ်သည်။ ၎င်းမှာ အစွန်းရောက်မှုကြောင့် ဖမ်းဆီးခံရသော ဒုတိယမြောက်အမျိုးသမီးဖြစ်သည်။

သူမသည် ၂၀၁၃ ခုနှစ်ကတည်းက ပြည်ပအကြမ်းဖက်သမားပေါင်းများစွာနှင့် အဆက်အသွယ်ရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။
ဇွန်လအတွင်းကလည်း ရဲသားတစ်ဦးနှင့် ကလေးစောင့်ရှောက်ရေး လုပ်သားတစ်ဦးတို့ကို အစွန်းရောက်မှုဖြင့် ဖမ်းဆီးခဲ့ဖူးသည်။

Source: reuters

Add comment

Advertisement

Advertisement