အလွတ်တန်း သတင်းထောက် နေအိမ်မှ လေယာဉ်ပစ်ကျည် ၁၀၂၀ တွေ့၍ ၎င်းအား ဖမ်းဆီးထိန်းသိမ်းထား

186

မော်လမြိုင်၊ ဒီဇင်ဘာ ၇။

နိုင်ငံခြား သတင်းဌာနသို့ ရုပ်/သံ သတင်းများ ပေးပို့ နေသည့် အလွတ် သတင်းထောက် စံလင်း (ခ) ကိုဂျွန်စံလင်း နေထိုင်သည့် မြဝတီမြို့၊ သင်္ကန်းညီနောင် ကျေးရွာ နေအိမ်မှ လေယာဉ်ပစ်ကျည် အတောင့် ၁၀၀၀ ကျော်အား ဒီဇင်ဘာလ (၄) ရက်နေ့တွင် ဖမ်းဆီး ရမိ ခဲ့၍ ၎င်းအားအား ဖမ်းဆီး ထိမ်းသိမ်း ထားကြောင်း မြဝတီ မြို့မ ရဲစခန်းနှင့် ကရင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံး တို့ထံမှ သိရှိ ရသည်။

“လက်တလော စစ်ဆေးချက် မှာတော့ လူစိတ်ဝင်စားမယ့် သတင်းတွေကို ရှာပြီးတော့ နိုင်ငံခြား သတင်း ဌာန တွေကို ပြန်ပို့ နေတဲ့ သတင်းထောက် လို့တော့ သိရတယ်။ သတင်းထောက် ဆိုတဲ့ စာရွက်စာတမ်း အထောက် အထားတွေ ပေးထား တာတော့ ဘာမှ မရှိဘူး” ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နေအိမ်ပိုင်ရှင် စံလင်းနှင့် ဇနီးဖြစ်သူ ဒေါ်ခါးပုတို့ နေအိမ်မှ ခဲရောင် ပလပ်စတစ်ပုံး နှစ်ပုံးအတွင်းမှ အရှည် ခြောက်လက်မ ခန့်ရှိ (၁၂.၇ မီလီမီတာ) အမျိုးအစား လေယာဉ်ပစ်ကျည် ၁၀၂၀ တောင့်ကို မြဝတီခရိုင် ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းအရ သိရသည်။

လေယာဉ်ပစ် ကျည်များ ရှာဖွေတွေ့ရှိ ခဲ့ပြီး နေအိမ် ပိုင်ရှင် စံလင်းနှင့် ဇနီးဖြစ်သူ ဒေါ်ခါးပုဘ တို့ကို ယင်းနေ့ည (၁၁) နာရီ ခန့်တွင် မြစ်ကြီးနား မြို့၌ ပြန်လည် ဖမ်းဆီး နိုင်ခဲ့ပြီး ကရင်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွဲပြောင်း လက်ခံယူရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“နေအိမ်ပိုင်ရှင်ကို စုံစမ်းတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေလမ်းကြီး၊ လမ်းသွယ် ၈ မှာ နေတယ်လို့ သိရလို့ သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီး ပေးနိုင်မယ့် သူဆီကို ချက်ချင်း အကြောင်းကြားပြီး စုံစမ်း ဖမ်းဆီးဖို့ ဆက်သွယ်လိုက်တယ်”ဟု မြဝတီမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကိုကိုနိုင်က ပြောသည်။

စံလင်း (ခ) ဂွျှန်စံလင်းအား အယ်ဂျားဇီးရာ သတင်းဌာနသို့ ရုပ်သံများ ပေးပို့နေသူ အဖြစ်သာ အကြမ်းဖျင်း သိရှိ ထားကြောင်း ကချင်ပြည်နယ် အခြေစိုက် မြစ်ကြီးနားဂျာနယ်မှ အယ်ဒီတာချုပ် ဆိုင်းမိုင်က ဆိုသည်။

“သူ့ကို အကုန်လုံးက သတင်းထောက် ဆိုပြီး အသိအမှတ် ပြုထားတာ မဟုတ်ဘူး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာ ကျွန်တော် သူ့ကို တွေ့တယ်၊ သတင်းထောက် ပုံစံမျိုးပေါ့၊ သူက အရင်တုန်းက အယ်ဂျားဇီးရား ရုပ်/သံ အတွက် ပို့ပေး တယ်လို့ သိထားတယ်၊ သူက ဘယ်သတင်း ဌာနအတွက် လုပ်ပေး နေတာလဲ ဆိုတာတော့ သေချာ ဂဃနဏတော့ မသိထားဘူး” ဟု ဆိုင်းမိုင်က ပြောသည်။

အလွတ် သတင်းထောက် စံလင်း (ခ) ဂွျှန်စံလင်း ရိုက်ကူး ခဲ့ခသည့် KIA တပ်ဖွဲ့နှင့် တပ်မတော်တို့ အကြား တိုက်ပွဲ ဖြစ်နေသည့် ရုပ်/သံ ဗီဒီယိုများ အယ်ဂျားဇီးရား သတင်းဌာနတွင် ဖော်ပြ ခဲ့ဖူးပြီး ယခုကဲ့သို့ ၎င်းနေအိမ်၌ လေယာဉ်ပစ် ကျည်များ တွေ့ရှိ ခဲ့၍ သတင်းထောက် တစ်ဦး အနေဖြင့် ထိုကဲ့သို့ အမှန်တစ်ကယ် လုပ်ဆောင် နေသည် မှန်ပါက မီဒီယာ လောကအတွက် ထိခိုက်မှု ဖြစ်နိုင်ကြောင်း ဆိုင်းမိုင်က ဆက်လက်၍ သုံးသပ် ပြောဆိုသည်။

ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အရာရှိ ကလည်း “သူ့ပို့လိုက်တဲ့ သတင်း ဌာနက ကြိုက်မှ သတင်း တစ်ပုဒ်ကို ဒေါ်လာ ၅၀၀ လောက် ပေးတာလို့ ပြောတယ်။ အခုလက်ရှိ ကျည်တွေ တွေ့ရှိတဲ့ နေအိမ်က ၂၀၁၅ ခုနှစ် လောက်ကတည်းက စံလင်း အပိုင် ဝယ်ထားတဲ့ အိမ်ပဲ၊ သူ့က ဒီမှာ သတင်းထောက် လုပ်ငန်းကို လုပ်ရင်း ဒီမှာ နေလိုက်၊ ဟိုမြစ်ကြီးနားမှာ နေလိုက်နဲ့ အသွားအပြန် လုပ်နေတာ” ဟု တာဝန်ရှိ ရဲအရာရှိ တစ်ဦးက ပြောဆိုသည်။

လေယာဉ်ပစ် ကျည်များ သိမ်းဆည်း ရမိထားသော နေအိမ်ပိုင်ရှင် စံလင်းကို သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှ (ပ) ၄၈၉/ ၂၀၁၇၊ ၁၉၅၁ ခုနှစ် လက်နက်များ (ယာယီပြင်ဆင်ချက်) အက်ဥပဒေပုဒ်မ ၁၉ (က) အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း ဒုရဲမှူး ကိုကိုနိုင်က ဆိုသည်။

ဓါတ်ပုံ မှတ်တမ်းများ ကြည့်ရန် ==>> Link Here

Written by – ခေတ်မင်း

LEAVE A REPLY

Please enter your comment!
Please enter your name here