Hintharmedia

“ဥပဒေနဲ့ အညီ အဂတိတရားကင်းစွာနဲ့ မှန်ကန်စွာစီရင်ဆုံးဖြတ်ပေးတဲ့အချက်က ပြည်သူတွေယုံကြည်ကိုးစားတဲ့ တရားစီရင်ရေးဖြစ်ဖို့ အဓိကလိုအပ်ချက်ပဲ ဖြစ်ပါတယ်”

မွန်ပြည်နယ်အတွင်း တရားစီရင်ရေးမဏ္ဍိုင်၏ ထောက်တိုင်တစ်ခုဖြစ်သော ဥပဒေအရာရှိများ၏ အခန်းကဏ္ဍနှင့် မဏ္ဍိုင်သုံးရပ်တွင် ဥပဒေပညာရှင်များ၏ ပါဝင်ပတ်သက်နေမှု၊ တရားရုံးအဆင့်ဆင့်၌ ဥပဒေအရာရှိများ၏ အခန်းကဏ္ဍများကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဒေါ်အေးအးမို့နှင့် တွေ့ဆုံမေးမြန်းခဲ့ခြင်းအား ဟင်္သာမီဒီယာက ကောက်နုတ် ဖော်ပြအပ်ပါသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဒေါ်အေးအေးမိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

ဟင်္သာမီဒီယာ။ ။ မင်္ဂလာပါ အန်တီ၊ ဥပဒေအရာရှိတွေရဲ့ ပါဝင်တဲ့အခန်းကဏ္ဍကို ပြောပြပေးလား။
ဥပဒေချုပ်။ ။ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ အဆင့်ဆင့်သောဥပဒေရုံးများက အဓိကဆောင်ရွက်နေတဲ့ လုပ်ငန်းက တရားစွဲနဲ့ အမှုလိုက်လုပ်ငန်းဖြစ်ပါတယ်။ အဆင့်ဆင့်သော ဥပဒေရုံးတွေမှာရှိတဲ့ ဥပဒေအရာရှိတွေရဲ့ အဓိကလုပ်ငန်းတာဝန်ဟာ ရာဇဝတ်မှုတွေကို တရားမစွဲတင်မှီဥပဒေအကြံဉာဏ်ပေးခြင်းနဲ့ နိုင်ငံတော်ကိုယ်စားအမှုလိုက်ပါဆောင်ရွက်ခြင်းတို့ပဲ ဖြစ်တယ်။ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက တရားလို (သို့မဟုတ်) တရားမှုတွေမှာလည်း လိုက်ပါဆောင်ရွက်ပေးရပါတယ်။
ဒါအပြင် သက်ဆိုင်ရာအစိုးရဌာနတွေက ဥပဒေနဲ့ ပတ်သက်ပြီး အကြံဉာဏ်တောင်းခံလာတဲ့အခါမှာလည်း ဥပဒေအကြံပေးရတာရှိသလို လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေဆီက ပေးပိုလာတဲ့ ဥပဒေ (ကြမ်း) တွေကို စိစစ်ပေးရတာရှိပါတယ်။ အစိုးရနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းအပ်နှံတဲ့စာချုပ်တွေ စီးပွားရေး စာချုပ်စာတမ်းတွေကိုလည်း ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ အကြံပြုချက်ရယူပြီ ဆောင်ရွက်ပေးရပါတယ်။
ချုပ်ပြီး ပြောရမယ်ဆိုရင်တော့ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ တကွ အဆင့်ဆင့်သော ဥပဒေရုံးတွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ (၃) ရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ ကဏ္ဍတွေ အားလုံးမှာပါဝင်ဆောင်ရွက်နေတဲ့ ရုံးတစ်ရုံးဖြစ်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ မဏ္ဍိုင်ကြီး (၃) ရပ်မှာ ပါဝင်ဆောင်ရွက်တယ်ဆိုတော့ တရားစီရင်ရေး မဏ္ဍိုင်ရဲ့ အားနည်းချက်၊ အားသာချက်တွေအပေါ် ဘယ်လိုမြင်ပါလဲ။
ဥပဒေချုပ် ။ ။ ဘယ်လိုအချက်ကို အားနည်းချက်၊ ဘယ်လိုအချက်ကို အားသာချက်လို့ မေးမြန်းလိုချင်ပါသလဲ။

ဟင်္သာမီဒီယာ ။ ။ ဥပမာ တရားရုံးတွေမှာ အမှုကြန့်ကြာနေတဲ့ကိစ္စတွေကို အန်တီအနေနဲ့ ဘယ်လိုမြင်လဲ။
ဥပဒေချုပ် ။ ။ တရားရုံးတွေမှာ အမှုကြန့်ကြာနေတာဟာ တရားရုံးတစ်ခုတည်းကြောင့် မဟုတ်ပါဘူး၊ အကယ်၍ တရားရုံရှေ့ကို နှစ်ဘက်အကျိုးဆောင်တွေ စုံအောင်ရောက်ရှိနေမယ် သက်သေတွေလည်းရောက်နေမယ် အဲ့လိုအခြေအနေမျိုးမှာ တရားရုံးက ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ အမှုကို မစစ်ဆေးပေးခဲ့ဘူးဆိုရင်တော့ တရားရုံးရဲ့ အားနည်းချက်လု့ိ ပြောလို့ရပါတယ်။

ဒီလိုမဟုတ်ဘဲ နှစ်ဘက်အကျိုးဆောင်တွေက မစုံလင် အကြောင်းအမျိုးမျိုးပြပြီ ခွင့်တင်၊ သက်သေတွေက ရောက်မလာကြဘူးဆိုရင်တော့ တရားရုံးရဲ့ အားနည်းချက်လို့ စွပ်စွဲပြောဆိုလို့မရပါဘူး။ ရာဇဝတ်မှုတွေမှာ အမှုမြန်ဆန်ရေးအတွက် သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းတွေက ပူးပေါင်းပါဝင်ကြဖို့လိုအပ်သလို တရားမအမှုတွေမှာလည်း နှစ်ဘက်အကျိုးဆောင်ရှေ့နေတွေက ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်၊ လက်ရှိမှာတော့ မော်လမြိုင်မှာရှေ့ပြေးတရားရုံး (Pilot Court) တွေနဲ့ အမှုမြန်ဆန်မှန် မှန်ကန်ရေးကို ဆောင်ရွက်လျက်ရှိပါတယ်။

ဟင်္သာမီဒီယာ ။ ။ ပြည်သူတွေ ယုံကြည်ကိုးစားတဲ့ တရားစီရင်ရေးဖြစ်ဖို့ ဘယ်လို အချက်တွေလိုအပ်တယ်လို့ မြင်လဲ၊ တရားစီရင်ရေးရဲ့ အခန်းကဏ္ဍ ဘယ်လောက်ထိ အရေးကြီးနေလဲဆိုတာလေး သိချင်ပါတယ်။
ဥပဒေချုပ် ။ ။ ဒီမေးခွန်းဟာ အလွန်ကျယ်ပြန့်ပါတယ်၊ ဒါပေမယ့် လိုရင်းတိုရှင်းပြောရရင်တော့ အမှုတွေကို ဥပဒေနဲ့ အညီ အဂတိတရားကင်းစွာနဲ့ မှန်ကန်စွာစီရင်ဆုံးဖြတ်ပေးတဲ့အချက်က ပြည်သူတွေယုံကြည်ကိုးစားတဲ့ တရားစီရင်ရေးဖြစ်ဖို့ အဓိကလိုအပ်ချက်ပဲ ဖြစ်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ အဲလိုဆိုရင် မဏ္ဍိုင်ကြီး (၃) ရပ် အားကောင်းလာဖို့ ဘယ်လိုအချက်တွေ လိုအပ်တယ်လို့ မြင်ပါသလဲ။
ဥပဒေချုပ် ။ ။ ဒီမေးခွန်းကလည်း အလွန်ကျယ်ပြန့်ပါတယ်၊ ပိုပြီးတော့လည်း ဖြေဖိ့ခက်ခဲပါတယ်၊ တစ်ကယ်ပညာရှင်တွေ အမျိုးမျိုးဝေဖန်ထောက်ပြ ပြောဆိုဆွေးနွေးကြတာကို စာအုပ်၊ စာစောင်၊ ဂျာနယ်တွေမှာ ရေးသားထားတာတွေကို တွေ့မြင်နေရပါတယ်၊ ဒီအပေါ်မှာတော့ ဘာမှတ်ချက်မှ မပေးလိုပါဘူး။

ဟင်္သာမီဒီယာ ။ ။ အန်တီအနေနဲ့ လွှတ်တော်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။
ဥပဒေချုပ် ။ ။ မွန်ပြည်နယ်လွှတ်တော်မှာ လွှတ်တော်အစည်းအဝေးကျင်းပပြုလုပ်စဉ် ဖိတ်ကြားလို့ တက်ရောက်ခွင့်ရတဲ့အတွက် လွှတ်တော်နဲ့ ပတ်သက်ပြီး ပြောနိုင်တာရှိပါတယ်။ မွန်ပြည်နယ်လွှတ်တော်အတွင်းမှာတော့ လွှတ်တော်ဥက္ကဋ္ဌကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းနှင့့်ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ ထိန်းသိမ်းဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။
ဒါပေမယ့် တစ်ချို့လွှတ်တော်ကိုယ်စားလှယ်တွေက ထပ်ဆင့်မေးခွန်းတွေ အကြိမ်ကြိမ်မေးမြန်းနေတာတွေကိုလည်း တွေ့နေရပါတယ်၊ လွှတ်တော်အစည်းအဝေးတွေ လုပ်လာရင်းနဲ့ တစ်ဖြေးဖြေးတော့ စနစ်တကျ ဖြစ်လာပြီးလို့ ပြောရမယ်ထင်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေကိုရော ဘယ်လိုမြင်ပါလဲ။
ဥပဒေချုပ် ။ ။ လွှတ်တော်ပြင်ပမှာ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေကို မေးမြန်းတာလို့ထင်ပါတယ်၊ ယနေ့မြင်တွေ့နေရတာကိုု ပြောရမယ်ဆိုရင်တော့ တိုင်စာတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းနေတာကိုတော့ တွေ့နေရပါတယ်၊ ဒါကလည်း တိုင်ကြားစာကော်မတီဆိုတာ ရှိနေတော့ ပြည်သူတွေက အားကိုးတစ်ကြီး တိုင်ကြားကြတာပဲ ဖြစ်ပါလိမ့်မယ်၊ ကိုယ်စားလှယ်တွေအနေနဲ့လည်း “ပြည်သူ့အသံ၊ လွှတ်တော်အသံ”ဆိုတဲ့ စကားနဲ့ အညီ ပြည်သူတွေအတွက် ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါလိမ့်မယ်။
ဒီနေရာမှာ တစ်ခုပြောချင်တာက လူတွေဟာ သူ့တို့ဆန္ဒမပြည့်တဲ့အခါမှာ တိုင်ကြပါတယ်၊ ဒီလိုတိုင်တာနဲ့ ပတ်သက်ပြီး မျှတတဲ့ စုံစမ်းစစ်ဆေးမှုဖြစ်ဖို့တော့ လိုပါတယ်၊ အမှန်တရားပေါ်ပေါက်ဖို့အတွက် အားလုံးခြုံငုံမိအောင်တော့ ညှိနှိုင်းဆောင်ရွက်ကြဖို့တော့ လိုမယ်၊ လွှတ်တော်ရဲ့ အဓိက တာဝန်ဟာ ဥပဒေပြုရေးဖြစ်တဲ့အတွက် တရားစီရင်ရေးဆန်တဲ့ စစ်ဆေးဆုံးဖြတ်ချက်မျိုးတွေကိုတော့ ရှောင်ရှားသင့်တယ်လို့ ထင်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ ၂၀၁၀ ခုနှစ် ကတည်းက ပြည်နယ်အတွင်းမှာ ဥပဒေတွေပြဋ္ဌာန်းထားတာ ပြင်ဆင်ထားတာတွေရှိပါတယ်၊ စည်ပင်ဥပဒေကိုလည်း ပြီးခဲ့တဲ့လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခဲ့တယ်၊ အခုအသစ်ပြဋ္ဌာန်းလိုက်တဲ့ စည်ပင်ဥပဒေဟာ ပြည်သူတွေအပေါ် ဘယ်လောက်အထိ အကျိုးပြုနိုင်မယ်လို့ မြင်ပါသလဲ။
ဥပဒေချုပ် ။ ။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတဲ့ အစိုးရလက်ထက်မှာ ပြဋ္ဌာန်းတဲ့ဥပဒေဟာ ပြည်သူကို အကျိုးပြုဖို့ပဲ ရည်ရွယ်ပြီ ရေးဆွဲကြတာဖြစ်ပါတယ်၊ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေမှာ အားနည်းချက်တွေ ရှိကောင်းရှိနိုင်ပေမယ့် အဓိကကတော့ ပြည်သူအကျိုးုပြုအောင်ပဲ ရေးဆွဲပြဋ္ဌာန်းကြတာဖြစ်တယ်။
အခုပြဋ္ဌာန်းလိုက်တဲ့ စည်ပင်ဥပဒေဟာလည်း မွန်ပြည်နယ်လွှတ်တော် ဥပဒေကြမ်းကော်မတီက သက်ဆိုင်ရာဌာနအကြီးအကဲတွေ ဥပဒေပညာရှင်တွေနဲ့ ပူးပေါင်းပြီးရေးဆွဲခဲ့တာပါ၊ ဒီဥပဒေကြမ်းကိုလည်း အကြိမ်ကြိမ်တည်းဖြတ်ခဲ့ကြတာပါတယ်၊ လက်ရှိမှာ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ အမိန့်ညွှန်ကြားချက်တွေ မထုတ်ပြန်နိုင်သေးတဲ့အတွက် ပြည်သူတွေကို ဘယ်လောက်အတိုင်းအတာအထိ အကျိုးပြုမယ်ဆိုတာ အတိအကျပြောဖို့ ခက်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ ဥပဒေတွေကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့််သိလာအောင် ဘယ်လိုလုပ်သင့်ပါသလဲ၊ ဥပမာ ပြည်သူတွေအားလုံးသိရှိဖို့ ဥပဒေထုတ်ပြန်ချက်တွေကို ကြော်ငြာဆိုင်းဘုတ်တို့ဖြစ်ဖြစ် ပြုလုပ်သင့်ပါသလား။
ဥပဒေချုပ်။ ။ ပြည်သူတွေ ဥပဒေသိရှိဖို့က သက်ဆိုင်နယ်မြေမှာ ရှိတဲ့ လွှတ်တော်ကိုယ်စားတွေက မိမိတို့မဲဆန္ဒနယ်မြေမှာရှိတဲ့ ပြည်သူတွေကို တွေ့ဆုံကြတဲ့အခါမှာ ပြည်သူတွေ သိသင့်သိထိုက်တဲ့ ဥပဒေတွေကို ချပြဆွေနွေးပေးကြမယ်ဆိုရင်တော့ လျင်လျင်မြန်မြန်နဲ့ ပြည်သူတွေသိရှိနိုင်မှာ ဖြစ်တယ်လို့ ထင်ပါတယ်။ ဥပဒေ ကြော်ငြာဆိုင်းဘုတ်တွေ မလိုပါဘူး။

ဟင်္သာမီဒီယာ ။ ။ အန်တီအနေနဲ့ နောက်ထပ် ပြည်သူတွေကို ဥပဒေနဲ့ ပတ်သက်ပြီး ပြောချင်တဲ့စကားများရှိရင် ပြောပေးပါအုံး။
ဥပဒေချုပ်။ ။ မီဒီယာတွေကို ပြောချင်တာ ရှိပါတယ်၊ လူကိုယ်တိုင်ဖြစ်ဖြစ် ဆက်သွယ်ရေးနည်းတစ်ခုနဲ့ဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးမေးမြန်းခြင်းမရှိဘဲ ဖော်ပြပြောဆိုနေတာတွေကို မလုပ်စေချင်ပါဘူး၊ နောက်တစ်ခုက Social Media လို့ပြောတဲ့ Facebook တွေမှာလည်း ကာယကံရှင်တွေက ဘာမှ မပြောဘဲ နာမည်တွေတပ် ရေးတင်နေတာ တွေ့ရပါတယ်၊ ဒီလိုရေးသားနေကြတာဟာ ဖတ်နေကြတဲ့သူတွေက ကာယကံရှင်ရဲ့ ပြောကြားချက်မဟုတ်ဘဲနဲ့ ကာယကံရှင်တွေကို ဝေဖန်တိုက်ခိုက် ရေးသားနေကြတာကို စိတ်မကောင်းစွာတွေ့နေရပါတယ်၊ ပြောချင်တာ အားလုံးဟာ ဘာပဲလုပ်လုပ် ဘာပဲပြောပြော စည်းနဲ့ကမ်းနဲ့ လုပ်စေချင်ပါတယ်။

Written by – ခေတ်မင်း

Add comment

Lastest News

Advertisement

Advertisement