၂၀၁၉ နှစ်ဦးပိုင်းတွင် မော်လမြိုင်- မြဝတီ -ကော့ကရိတ် မဟာဓာတ်အားလိုင်းမှ ၂၄ နာရီမီးရရှိမည်ဟု ပြည်နယ်လျှပ်စစ်ဝန်ကြီးပြော

133

ဘားအံ ၊ ဒီဇင်ဘာ

လာမည့် ၂၀၁၉ နှစ်ဦးပိုင်းတွင် ကော့ကရိတ်မြို့ကို လျှပ်စစ်မီး စတင်ဖြန့်ဖြုးနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း ကရင်ပြည်နယ်လွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေး၊ ဒုတိယနေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းမှုအပေါ်  ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစိုးလှိုင်က ဖြေကြားခဲ့သည်။

ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဒေါ်နန်းသူဇာဝင်း မေးမြန်းသည့် ကော့ကရိတ်မြို့နယ် မီးရရှိရေးလုပ်ငန်း နှင့်ပတ်သက်သည့် မေးခွန်း ၃ခုကို ဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် အဆိုပါစီမံကိန်းကို ၂၀၁၅ အောက်တိုဘာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင်တည်ဆောက်ရေးလုပ်ငန်းများ ၈၂ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း၊ လိုအပ်သောဆက်စပ်ပစ္စည်းများလည်း ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယခုကြားကာလအနေဖြင့် KNU အပစ်ရပ်လက်နက်ကိုင် အဖွဲ့အစည်းလက်အောက်ခံ ကုမ္ပဏီ ဒေါနအလင်းနှင့် မီး
လင်းရေးလုပ်ငန်းများပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်ဝန်ကြီးက ပြောသည်။

“၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်မှာလိုအပ်သော ကုန်ကျငွေများ ပြည်ထောင်စုအစိုးရမှ ထုတ်ယူသုံးစွဲပြီး တပ်ဆင်သွယ်တန်းမှုတွေ လျှပ်စစ်ဓာတ်အားခွဲရုံတွေ အပြီးတည်ဆောက်လုပ်ဆောင်မှာပါ။ ၂၀၁၉ နှစ်ဆန်းပိုင်း လောက်
ဆို မြဝတီ၊ ကော့ကရိတ် လျှပ်စစ်မီး ၂၄နာရီ မီးစပြီးရပါမယ်”ဟု ၎င်းင်းကဆိုသည်။

လက်ရှိအခြေအနေတွင် မြို့နှင့်အနီးဝန်းကျင်ကျေးရွာများသို့ ဒေါနအလင်း ကုမ္ပဏီနှင့် တောင်ကိုးရီးယား အခြေ
စိုက်ကုမ္ပဏီတစ်ခုတို့ဖြင့်အကျိုးတူ ပုဂ္ဂလိက လျှပ်စစ်မီးဖြန့်ဖြုးနိုင်ရန် ပြည်နယ်အစိုးရနှင့် လုပ်ငန်းစာချုပ် ချုပ်ဆိုနိုင်
ရေးဆွေးနွေးမှုများပြုလုပ်နေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဒေသခံတစ်ဦးဖြစ်သူ ကိုဆွေအောင်က“ကောကရိတ်မြို့က ခေတ်အဆက်ဆက် မျှော်လင့်တောင့်တတာက လျှပ်စစ်မီးရရှိရေးပဲ။ အရင်ကမငြိမ်းချမ်းတဲ့ဒေသမို့ မီးမရဘူး။ နောက်မီးလင်းရေးကော်မတီတွေ လက်ထက်မှာလည်း အဆင်မပြေပြန်ဘူး။ ဦးသိန်းစိန်လက်ထက်လည်း မီးရမယ်ဆိုပြီး တိုင်တွေစိုက်တယ်၊ မဲဆွယ်တယ်၊ မီးမရပြန်ဘူး။ အခုအစိုးရသစ်လက်ထက်မှာတော့ ဒီစီမံကိန်းကို လုပ်နေ
တယ်၊ မပြီးသေးဘူး၊ ကြန့်ကြာနေတယ်။ ကော့ကရိတ် မြန်မြန်မီးလင်းချင်ပြီ” ဟုပြောဆိုသည်။

လက်ရှိအခြေအနေတွင် ဒေါနအလင်းကုမ္ပဏီမှပုဂ္ဂလိကအနေဖြင့်မီတာဘောက်(စ်)များနှင့်မီးသွယ်တန်းမှုများကို လုပ်ဆောင်လျက်ရှိရာအခြေအနေပေါ်မူတည်၍ တစ်အိမ် လျှင် ကျပ်ငွေ ၁ သိန်းမှ ၅ သိန်းအထိ ကုန်ကျမှုများရှိနေကြောင်း၊ တောင်ကိုရီးယားလျှပ်
စစ်ကုမ္ပဏီမှ ၎င်းင်းတို့၏ စက်ပစ္စည်းများတပ်ဆင်ပြီးပါက ကော့ကရိတ်မြို့ပေါ်နှင့် အနီးဝန်းကျင် ကျေးရွာများသို့ အစိုးရလျှပ်စစ်ဓာတ်အားလိုင်းအတွင်းသို့ ဓာတ်အားထုတ်လွှတ်ကာ ၂၀၁၇ ဒီဇင်ဘာ ဒုတိယပတ်တွင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားစတင်ဖြန့်ဖြူးနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများပြောစကားအရသိရသည်။

Written by ရာဟု(ဖားအံ)

LEAVE A REPLY

Please enter your comment!
Please enter your name here