၈၈ ငြိမ်း/ပွင့်မှ ကိုမြအေး နုတ်ထွက်

45

ရန်ကုန် ၊ နိုဝင်ဘာ ၃၀

၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်အချို့ အဖွဲ့မှနုတ်ထွက်သွားသော်လည်း ၈၈ အဖွဲ့အနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များကို အကောင်းဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၈၈ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီကပြောသည်။

မကြာသေးမီရက်ပိုင်းအတွင်းက ၈၈ ငြိမ်း/ပွင့်မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးမှာ ၎င်း၏ သဘောဆန္ဒအရ ၈၈ ငြိမ်း/ပွင့်အဖွဲ့မှ နုတ်ထွက်ခဲ့သည်။

“ကျွန်တော်တို့အဖွဲ့က အချို့တွေ သူတို့ရဲ့ သဘောဆန္ဒအရ နုတ်ထွက်သွားပေမယ့် ကျွန်တော်တို့ကျန်ရှိတဲ့သူတွေက လက်ရှိလုပ်နေတဲ့လုပ်ငန်းတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်သွားမှာပါ” ဟု ကိုဂျင်မီကဆိုသည်။

၈၈ ငြိမ်း/ပွင့်မှ ခေါင်းဆောင်အချို့အနားယူခြင်းမှာ ၎င်းတို့၏ သဘောဆန္ဒအရသာဖြစ်ကြောင်း၊ တစ်ဦး နှင့် တစ်ဦးကြားတွင် မည်သည့်ပြဿနာမှမရှိဘဲ မိမိဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့် ယခင်ကအတိုင်းသာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ကိုမြအေး နုတ်ထွက်ခြင်းနှင့် ပက်သက်၍ ၈၈ ငြိမ်းပွင့်မှ မမီးမီးက “ကိုမြအေး နုတ်ထွက်တာနဲ့ပက်သက်ပြီး ကျွန်မအနေနဲ့မှတ်ချက်မပေးလိုပါဘူး” ဟု ပြန်လည်ပြောဆိုသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ကိုစိုးထွန်း၊ ကိုထွန်းအောင်မြင့်၊ မသက်သက်အောင်၊ မမာမာဦးတို့သည်လည်း အဆိုပါအဖွဲ့မှ နုတ်ထွက်ထားသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် တည်ထောင်ထားသောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံရေး၊ လယ်သမားအရေး၊ အလုပ်သမားအရေး၊ ပြည်သူ့လူထုအခွင့်အရေးများ နှင့် ပက်သက်၍ ဆောင်ရွက်နေသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။

Written by ဆုမင်းကို

Photo Credit – Mya Aye Facebook

LEAVE A REPLY

Please enter your comment!
Please enter your name here