ဆေးဖက်ဝင် တရုတ်စံကားပင်

ဒီတစ်ပတ်အစာလည်းဆေး၊ဆေးလည်းအစာကဏ္ဍမှာဖော်ပြပေးချင်တာကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲတမ်းမြင်တွေ့နေရပြီး၊ လူတိုင်းနဲ့လည်းရင်းနှီးကျွမ်းဝင်တဲ့ ဆေးဖက်ဝင်တရုတ်စံကားအကြောင်းပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အရင်ဆုံးပေါက်လို့ တရုတ်စံကားလို့ခေါ်တာလို့ယူဆရပြီး၊ဟိန္ဒူစကားအရ ဂူလချင်းလို့ခေါ်ပါတယ်။ ဂူလချင်းရဲ့အဓိပ္ပာယ်ကလည်း တရုတ်ပြည်မှပန်းလို့ အဓိပ္ပာယ်ရပါတယ်။

တရုတ်စံကားပန်းပင်ဟာ— Apocynaceae မျိုးရင်းမှာပါဝင်ပြီး သိပ္ပံအမည်ကတော့ Plumeria acutifolia Poir ဖြစ်ပါတယ်။မူလပေါက်ရောက်တဲ့နေရာက မက္ကဆီကိုနဲ့ ဂွါးတိမားလ နိုင်ငံတို့ဖြစ်ပါတယ်။အဲဒီကနေတစ်ဆင့် အိန္ဒိယနဲ့မြန်မာနိုင်ငံသို့ ပျံ့နှံ့ရောက်ရှိလာတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အေးမြတဲ့တောင်ပေါ်ဒေသကလွဲရင် ကျန်နေရာတွေမှာ သဘာဝအလျောက်ပေါက်ရောက်ပါတယ်။အပင်ငယ်အမျိုးအစားထဲမှာ ပါဝင်ပြီး အမြင့်ပေ ၂၀ လောက်ထိမြင့်ပါတယ်။

သူ့ရဲ့အကိုင်းတွေမှာ နို့နှစ်ရောင်အစေးထွက်တဲ့ အခေါက်ရှိပါတယ်။အခေါက်ဟာမွဲပြာရောင်ရှိပြီး ချောမွတ်နေပေမယ့် အပွေးရှိပါတယ်။အပင်တို့ရဲ့ထုံးစံအတိုင်း အရွက် ၊အပွင့်၊အသီးရှိပြီး အရွက်ကတော့ အကိုင်းထိပ်မှာစုပြီး ပတ်လည်ထွက်ကာ တစ်ပေလောက်ရှည်ပါတယ်။အပွင့်ကတော့ အချင်း နှစ်လက်မလောက်ရှိပါတယ်။

အနံ့မွှေးပြီး အလယ်မှာ အဝါနုရောင်၊အစိမ်းရောင်၊ပန်းရောင်၊အမွေးနုကလေးများရှိပါတယ်။ပွင့်ချပ်ရဲ့အောက်ခံမှာ ပန်းရောင်ထနေတာ တစ်ခါတစ်ရံမှာတွေ့ရပါတယ်။ပွင့်ချပ်များဟာ အောက်ခြေမှာတစ်ချပ်နဲ့တစ်ချပ် ထပ်လျက်ရှိပြီး ဝက်အူလိမ်ထားသကဲ့သို့ တစ်ဖက်သို့ လှပစွာလိမ်လျက်ရှိတာကိုတွေ့ရပါတယ်။

ကဆုန်နဲ့နယုန်လတွေမှာ အပွင့်များများပွင့်တတ်ကြပါတယ်။အသီးကတော့ ဦးချိုသဏ္ဌာန် အသီးတောင့်ဖြစ်ပါတယ်။အစေ့ကိုတော့တွေ့ရခဲပါတယ်။ဝါခေါင်၊တော်သလင်းလတွေမှာ အသီးသီးပါတယ်။
မြန်မာဆေးကျမ်းအလိုရ တရုတ်စံကားဟာ စပ်၊ခါး၊ဖန် တဲ့အရသာရှိပြီး၊ ပူသောသတ္တိရှိပါတယ်။ ဆီး၊ဝမ်းကိုရွှင်စေတယ်၊သလိပ်လေကိုကြေစေပါတယ်။နူနာ၊အနာပေါက်၊ဝမ်းဗိုက် ရောဂါတွေကို ပျောက်ကင်းစေပါတယ်။သူ့ရဲ့အခေါက်နဲ့အကိုင်းမှထွက်တဲ့ နို့နှစ်ရောင်အစေးဟာ ဝမ်းဗိုက်ရောင်ရောဂါ၊ဗိုက်ထိုး ဗိုက်အောင့် ရောဂါတွေကို ပျောက်ကင်းစေပါတယ်၊အရွက်ကိုစားလို့ပဲဖြစ်ဖြစ်၊အပွင့်ကို ပြုတ်၊သုတ်စားလို့ပဲဖြစ်ဖြစ် စားသုံးပေးခဲ့ရင် ဆီးဝမ်းကိုရွှင်စေပြီး သလိပ်ကိုကြေစေပါတယ်။

မန်ကျည်းရည်နဲ့ပြုတ်ပြီး သနပ်လက်သုပ်လုပ်စားရင်လည်း ဆီးဝမ်းရွှင်ပြီး သလိပ်လေကို ကြေစေပါတယ်။အဲလို နို့ရည်နဲ့တူတဲ့အစေးကို ရူမက်တစ်ဇင် ရောဂါပျောက်ဆေးအဖြစ် အသုံးပြုနိုင်တဲ့အပြင် စန္ဒကူးဆီ၊ပရုတ်တို့နဲ့ပေါင်းပြီး ယားနာပျောက်ဆေးအဖြစ်လည်း အသုံးပြုလို့ရပါတယ်။အခေါက်ကိုတော့ အဖျားဖြတ်ဆေး၊အနာပျောက်ဆေးနဲ့ ဝမ်းနုတ်ဆေးအဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ သူ့အရွက်ကို မီးကင်ပြီး ဖောရောင်နေတဲ့ နေရာတွေမှာ အုံပေးခဲ့ရင် ဖောရောင်တာတွေ ပျောက်ပါလိမ့်မယ်။

တချို့က လက်ဖက်သုတ်စားတဲ့အခါ ကြက်သွန်ဖြူထည့်စားတဲ့နည်းတူ တရုတ်စံကားရွက်ကို စားလေ့ရှိကြပါတယ်။ အဖူးကိုတော့ ကွမ်းရွက်နဲ့ရောပြီး အဖျားဖြတ်ဆေးအဖြစ် အသုံးပြုကြပါတယ်။တောနယ်တွေမှာ ခွေးကိုက်ခံရတဲ့ဒဏ်ရာတွေကို ရှေးဦးသူနာပြုတဲ့အနေနဲ့ အနာပေါက်ပေါ်ကို တရုတ်စံကားပင်၏အစေး အစက်ချပေးလေ့ရှိတာကိုတွေ့ရပါတယ်။

“တရုတ်စံကားပင်-နွားတင်းကုပ်နားမှာရှိသည်”ဆိုသည့်စာစကားနဲ့ ငယ်ငယ်ကတည်းကယဉ်ပါးနေခဲ့ရသော မိမိတို့ရဲ့လက်တကမ်းမှာရှိနေတဲ့ တရုတ်စံကားပင်ကို အကျိုးရှိရှိ အသုံးချနိုင်ပါစေလို့ဆန္ဒပြုလိုက်ရပါတယ်။

ဖိုးဝဇီ

Leave a Reply