“ဆီးချိုရောဂါ ကာကွယ်ပါ”

နိုဝင်ဘာ(14)ရက်နေ့သည် ကမ္ဘာ့ဆီးချိုသွေးချိုနေ့(World diabetes day ) သတ်မှတ်၍ သွေးချို၊ဆီးချိုရောဂါနှင့်ပတ်သက်သော အသိပညာပေးမှုများ ဟောပြောပွဲများကိုကမ္ဘာ့အနှံ့အပြားပြုလုပ်ကြသည်။ ခေတ်သစ်ကျန်းမာရေးစိန်ခေါ်မှုတွင် ကူးစက်နိုင်သောရောဂါများ( Communicable Diseases) ထက် မကူးစက်နိုင်သောရောဂါများ ( Non Communicable Diseases) များသည် အဓိကခြိမ်းခြောက်မှုဖြစ်လာနိုင်သည်။ ဇိမ်ခံပစ္စည်းများပေါများလာမှု၊ အသင့်သုံးအစားအစာများပေါများလာမှုနှင့် ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းတို့သည် ထိုရောဂါများကိုဖြစ်ပွားစေသည်။ ထ့ိုပြင် ပဋိဇီဝပိုးသတ်ဆေးများ စဉ်ဆက်မပြတ်ပေါ်ထွက်မှုများသည်လည်း ကူးစက်နိုင်သောရောဂါများထက် မကူးစက်နိူင်သောရောဂါများဖြစ်ပွားမှုများစေသည်။

သွေးတိုး၊သွေးချို၊ဆီးချို၊ အဝလွန်ခြင်း၊ နှလုံးနှင့် ဦးနှောက်အာရုံကြောဆိုင်ရာရောဂါများသည် မကူးစက်နိုင်သောရောဂါများတွင်ပါဝင်သည်။ ထိုအထဲတွင် သွေးတိုးနှင့်သွေးချိုဆီးချိုရောဂါသည် အဖြစ်များသည်။ ကမ္ဘာ့လူဦးရေ၏သုံးပုံတစ်ပုံသည် သွေးချိုဆီးချိုရောဂါကိုခံစားနေရသည်။ ကိန်းဂဏန်းများနှင့်အခြားသော
ကျန်းမာရေးညွှန်းတမ်းများအရ လာမည့်ဆယ်နှစ်အတွင်း သွေးချိုဆီးချိုရောဂါခံစားရသူနှစ်ဆခန့်ပိုများလာမည်ဟုခန့်မှန်းကြသည်။

သွေးချိုဆီးချိုရောဂါသည် ဝဋ်နာကံနာရောဂါတစ်မျိုးပင်ဖြစ်သည်။ သွေးထဲရှိသကြားဓာတ်များတိုးပွားလာသောအခါတွင် ထိုသကြားဓာတ်ကိုထိန်းညှိပေးသော ပန်ကရိယမှထွက်သောအင်ဆူလင် (insulin)ဟော်မုန်းအထွက်မမှန်သောအခါတွင် ထိုရောဂါသည်ဖြစ်ပွားသည်။ မျိုးရိုးလိုက်တတ်သောရောဂါဖြစ်သော်လည်း အများအားဖြင့် အစားအသောက်နှင့်နေထိုင်မှုပုံစံများကြောင့်အဖြစ်များသည်။ ခန္ဓာကိုယ်ယားယံခြင်း၊ ရေခဏခဏငတ်၍ဆီးခဏခဏသွားခြင်း၊ မူးဝေခြင်းနှင့်အစားအသောက်ပျက်ခြင်းတို့သည်ဆီးချိုသွေးချိုရောဂါ၏ လက္ခဏာများဖြစ်သည်။

ထို့ပြင်မကူးစက်တတ်သောရောဂါများသည် ရောဂါတစ်ခုနှင့်တစ်ခုချိတ်ဆက်နေကြသည်။ ဆီးချိုသွေးချိုရောဂါကြောင့် သွေးတိုးရောဂါနှင့်နှလုံး၊ ကျောက်ကပ်၊လေဖြတ်ခြင်းတို့ဖြစ်နိုင်သကဲ့သို့ ထိုရောဂါများကြောင့်လည်း ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်သည်။ ဆေးပညာအရဆီးချိုသွေးချိုရောဂါသည် ဇီဝကမ္မဖြစ်စဉ်ဖောက်ပြန်သောရောဂါစု(Metabolic Syndrome) တွင်ပါဝင်၍ ခန္ဓာကိုယ်တစ်ခုလုံးကိုထိခိုက်မှုဖြစ်စေသည်။ ကိုယ်ခံအားကျမှုဖြစ်စေ၍ ရောဂါပိုးများဝင်လွယ်စေသည်။ အာရုံကြောထိခိုက်မှုနှင့်အားနည်းမှုများဖြစ်စေ၍ အာရုံကြောခံစားမှုလျော့ကျစေသည်။ လေဖြတ်လေဖျန်းခြင်းကိုဖြစ်စေသည်။

ထ့ိုပြင်ကျောက်ကပ်ထိခိုက်မှုဖြစ်ခြင်း၊ မျက်စိနှင့်အမြင်အာရုံများကိုထိခိုက်စေသည်။
ဆီးချိုသွေးချိုရောဂါသည် လုံးဝပျောက်ကင်းနိုင်သောရောဂါမဟုတ်ချေ။ သို့သော်ကာကွယ်နိုင်သည်။ ရောဂါဖြစ်ပွားလျက်မူ အလျဉ်းပျောက်ကင်းရန်ထက် နောက်ဆက်တွဲရောဂါများနှင့် သွေးထဲရှိသကြားဓာတ်ကိုသာပိုမတိုးနိုင်စေရန်ထိန်းသိမ်းရသောရောဂါဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုနှင့် ကျန်းမာမျှတသောအစားအသောက်များကိုစားသုံးခြင်းတို့ဖြင့် ရောဂါကိုမဆိုးဝါးအောင်ထိန်းနိုင်သည်။ ကျွမ်းကျင်သောသမားတော်များနှင့်ပြသ၍လိုအပ်သောဆေးဝါးဓာတ်စာများကိုမှီဝဲသင့်သည်။

ဆီးချိုသွေးချိုရောဂါအပါအဝင်အခြားသောမကူးစက်နိုင်သောရောဂါများသည် လာမည့်ဆယ်စုနှစ်အတွင်း ကမ္ဘာ့ကျန်းမားရေးအတွက်အဓိကပြဿနာတစ်ရပ်ဖြစ်လာနိုင်သည်ဟုယူဆသောကြောင့် ထိုရောဂါများဖြစ်ပွားမှုလျှော့ချစေရန်အတွက် အသိပညာပေးမှုများနှင့် ကာကွယ်ရေးနည်းလမ်းများကိုကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေကြသည်။ ထ့ိုကြောင့်မိတ်ဆွေများအနေဖြင့် ကျန်းမာကြံ့ခိုင်သောနေ့သစ်များအတွက် သင့်တော်သောကိုယ်လက်လှုပ်ရှားမှုနှင့် အစားအသောက်များကိုစားသောက်ခြင်းဖြင့် ဆီးချိုသွေးချိုအပါအဝင်အခြားမကူးစက်နိုင်သောရောဂါများကိုကာကွယ်နိုင်ကြပါစေဟု အကြံပြုလိုက်ရပါသည်။ ။

ဒေါက်ဦး (မွန်)

Ref: NCD index, Wiki

Leave a Reply