ဆေးဖက်ဝင်တဲ့ မန်ကျည်းပင်

ဒီတစ်ပတ်အစာလည်းဆေး၊ဆေးလည်းအစာကဏ္ဍမှာ ဖော်ပြပေးချင်တာက အရိပ်ရအပင်ကြီးတစ်မျိုးဖြစ်ပြီး တစ်ပင်လုံးကျန်းမာရေးအတွက် အသုံးဝင်တဲ့ မန်ကျည်းပင်ပဲဖြစ်ပါတယ်။

မန်ကျည်းကို အင်္ဂလိပ်လို Tamarind လို့ေခေါ်ပြီး၊ရုက္ခဗေဒအမည်ကတော့ Tamarindus indica Linn ပဲဖြစ်ပါတယ်။မျိုးရင်းကတော့ Caesalpiniaceae ဖြစ်ပါတယ်။သူဟာ သဘာဝအလျှောက် ပေါက်ရောက်တဲ့ အပင်ကြီးတစ်မျိုးဖြစ်ပြီး၊အာဖရိကတိုက်အရှေ့ပိုင်း၊ပူအိုက်တဲ့ တိုင်းပြည်များကနေ အိန္ဒိယနဲ့ မြန်မာနိုင်ငံသို့တစ်ဆင့် ယူဆောင်စိုက်ပျိုးခဲ့တဲ့အပင်ဖြစ်ပါတယ်။မြန်မာနိုင်ငံအနှံ့အပြားမှာစိုက်ပျိုးပြီး၊မြန်မာနိုင်ငံအထက်ပိုင်းမှာ အများဆုံးတွေ့ရပါတယ်။

လယ်ကွင်းတွေ၊ခြံဥယျာဉ်တွေ၊ကျွဲ၊နွား စားကျက်မြေတွေမှာ အတွေ့ရများပြီး အပင်ပေါက်လွယ်တဲ့အပင်ကြီးမျိုးဖြစ်ပါတယ်။မြန်မာဆေးကျမ်းအလိုအရ မန်ကျည်းဟာ ပူတယ်၊ချဉ်တယ်၊သည်းခြေကိုဖြစ်စေတတ်တယ်၊သလိပ်ကိုပွားစေတယ်၊လေကိုနိုင်တယ်၊သွေးဖောက်ပြန်တာ၊နား၊မျက်စိရောဂါတွေ၊မြွေဆိပ်သင့်တာတွေကို နိုင်တယ်။အသီးစိမ်းဟာဆိုရင် ချဉ်တယ်၊ချိုတယ်၊ပူူူတယ်၊သည်းခြေနဲ့သလိပ်ကိုဖြစ်စေတယ်၊အသီးမှည့်ဟာ ပူတယ်၊ဝမ်းမီးကိုတောက်စေတယ်၊အနည်းငယ်ဝမ်းသက်ပြီးတော့ သလိပ်နဲ့လေကိုနိုင်စေတယ်လို့ဆိုထားပါတယ်။

မန်ကျည်းပင်မှာရှိတဲ့ အသီး၊အရွက်၊အခေါက်၊အစေ့ တစ်ပင်လုံးဆေးဖက်ဝင်ပါတယ်။သူ့ရဲ့အသီးဟာ တောင့်ရှည်မျိုးဖြစ်ပြီး၊စိမ်းညိုရောင်ရှိပါတယ်။အသီးရဲ့ အနှစ်ကိုဝမ်းနုတ်ဆေး၊အားဆေးနဲ့ခံတွင်းကောင်းဆေး ဖော်စပ်ရာမှာသုံးပါတယ်။မန်ကျည်းသီးမှည့်ကိုထန်းလျက်၊ဆား တို့နဲ့ဖျော်ရည်စိမ်ပြီးသောက်ရင် ကိုယ်တွင်းအေးပြီးအားကိုဖြစ်စေပါတယ်။

မန်ကျည်းရွက်ဟာရှည်မျောမျောပုံရှိပြီး၊ငှက်မွေးရွက်ပေါင်းဖြစ်ပါတယ်၊ရွက်မြွာတွေ သေးငယ် နူးညံ့ပြီး မျက်နှာချင်းဆိုင်ထွက်ပါတယ်။သူ့အရွက်ရည်ကို နှမ်းဆီနဲ့ရောပြီး နားမှာအနည်းငယ်ခတ်ပေးရင် နားနာပျောက်ပါတယ်။အရွက်ကြိတ်ညှစ်ရည်ကို နံနက်၊ည တစ်ဇွန်းစီသောက်ရင် ဆီးပူတာ ပျောက်ပါတယ်။အပူလွန် ယားယံခဲ့ရင်လည်း အဲဒီကြိတ်ညှစ်ရည်ကို လိမ်းပေးပါ၊ပျောက်ကင်းသွားပါလိမ့်မယ်။ ညှစ်ရည်တစ်ဆ၊ သိန္ဓောဆားနှစ်ဆ ရောသောက်ရင် မြွေဆိပ်ပြေစေပါတယ်။

မန်ကျည်းရွက်နှင့်ကလိန်စေ့ရောစားခဲ့ရင်လည်း ချွေးထွက်လွန်တာ၊ချွေးနံ့မကောင်းတာတွေပျောက်ပါတယ်။အရွက်နုကို ဟင်းချိုချက်သောက်ကြသလို မြေပဲဆံ၊ကြက်သွန်စိမ်းတွေနဲ့လည်း အသုပ်လုပ်စားလေ့ရှိကြပါတယ်။သူ့ရဲ့အခေါက်ကလည်းဆေးဖက်ဝင်ပါတယ်၊ အခေါက်ဟာ ညောင်းကျရောဂါ၊ဆီးနဲ့စပ်လျဉ်းတဲ့ရောဂါ၊သွေးမြင်းသရိုက်ရောဂါ၊ ကိုယ်ရေဝါရောဂါနဲ့ဝမ်းဗိုက်အောင့်တာ၊နာကျင်တာတွေကိုပျောက်ကင်းစေပါတယ်။အခေါက်ကိုပြာချပြီး အစာစားပြီးတဲ့နောက်ရေနဲ့ရောသောက်ရင်လေချဉ်တက်တာ၊အန်တာပျောက်ကင်းစေပါတယ်။

ပျားရည်နဲ့ဖျော်ပြီး လျက်စားရင်လည်း ဗိုက်ထိုး၊ဗိုက်အောင့်နဲ့နာကျင်တာတွေပျောက်ပါတယ်။ အခေါက်ကိုရေနဲ့သွေးပြီး မျက်စိနာ၊အနာဖုတွေနဲ့အဆိပ်ရှိတဲ့ သတ္တဝါကိုက်တဲ့ဒဏ်ရာတွေမှာ လိမ်းပေးရင် သက်သာပျောက်ကင်းစေမှာပါ။

မျက်နှာချောညက်ချင်ရင်လည်း သနပ်ခါးလိုသွေးလိမ်းလိုက်ပါ၊ ဖောရောင်တဲ့နေရာတွေမှာလည်း လိမ်းပေးလို့ရပါတယ်။

အပွေးကို ကျွမ်းအောင်ဖုတ်၊အမှုန့်လုပ်ပြီး ရေနွေးနဲ့သောက်ခဲ့ရင် အစာမကြေတဲ့ရောဂါပျောက်ကင်းစေပါတယ်။

ဒါတွေဒါတွေအပြင် မန်ကျည်းစေ့ကလည်း ဆေးဖက်ဝင်ပါသေးတယ်၊ အစေ့ကိုရေမှာတစ်ညစိမ်ပြီး၊မနက်ပိုင်းမှာ နွားနို့နဲ့ကြိတ်ပြီးသောက်ခဲ့ရင် မီးယပ်ဖြူဆင်းတာ၊ဆီးသွားလွန်းတာတွေပျောက်ပါတယ်။ အစေ့ကိုသွေးသောက်ခဲ့ရင်လည်း ဝမ်းသွားတာ၊ဝမ်းကိုက်တာ ပျောက်ပါတယ်။သွေးထားတဲ့အရည်ကို ကင်းတွေ၊ဘာတွေ ကိုက်တဲ့ဒဏ်ရာကို လိမ်းပေးခဲ့ရင် အဆိပ်ပြေပါတယ်။ပြီးတော့ အစေ့ကို ဇီယာ၊သကြားခဲတို့နဲ့အမှုန့်လုပ်ပြီး သောက်ခဲ့ရင်လည်း အရိအချွဲသလိပ်စ၊သွေးစတွေပါပြီးနာကျင်စွာသွားတဲ့ဝမ်းရောဂါကိုပျောက်စေပါတယ်။

ဘာပဲပြောပြော မန်ကျည်းဟာ ချဉ်ရည်ဟင်းချက်ရာမှာပဲဖြစ်ဖြစ်၊အသုပ်တွေမှာပဲဖြစ်ဖြစ် မပါမဖြစ်အရာတစ်ခုပါ၊မန်ကျည်းတောင့်ကြော်ဟာလည်း ခံတွင်းမြိန်ဟင်းတစ်မယ်ဖြစ်ပါတယ်။ဒါကြောင့်တစ်ပင်လုံးအသုံးတည့်ပြီး၊ဆေးဖက်လည်းဝင်တဲ့ မန်ကျည်းကို အမြဲတမ်းဆောင်ထားအသုံးချလိုက်ရအောင်ပါ။

ဖိုးဝဇီ

Leave a Reply