ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့

ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ကမ္ဘာ့AIDS ရောဂါ တိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ကို ၁၉၈၈၊ ဒီဇင်ဘာ ၁ ရက်နေ့က စတင်သတ်မှတ်ခဲ့ပြီး AIDS ရောဂါခံစားနေရသူတွေနဲ့ HIV ပိုးကူးစက်ခံရသူတွေ၊ ရောဂါကြောင့် သေဆုံးခဲ့ရသူတွေကို သတိပြုမိစေဖို့ အတွက် စတင်သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် AIDS ရောဂါတိုက်ဖျက်ရေးအတွက် ရံပုံငွေရှာဖွေရေး အစီအစဉ်တွေ၊ HIV/ AIDS ဆိုင်ရာ ဗဟုသုတတွေကို ပြန်လည်မျှဝေရေး အစီအစဉ်တွေလဲ ပြုလုပ်ခဲ့ကြပါတယ်။ အစိုးရနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ နဲ့ အခြား မိတ်ဖက်အဖွဲ့အစည်းတွေဟာ AIDS ရောဂါကာကွယ်ရေးနဲ့ ရောဂါထိန်းချုပ်နိုင်ရေးအတွက် သိသင့်သိထိုက်တဲ့ ဗဟုသုတတွေကို ပညာပေးမျှဝေကြတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်မှာတော့ AIDS ရောဂါဆိုင်ရာ အမှတ်အသားအဖြစ် ဖဲကြိုးအနီ ကို သတ်မှတ်ခဲ့ကြပါတယ်။ ဖဲကြိုးအနီ ဆိုတာဟာ ရောဂါသည်များကို ခွဲခြားဆက်ဆံခြင်းမှ ကင်းဝေးစေရန်၊ AIDS ရောဂါဖြင့် သေဆုံးသွားသူများအား အမှတ်တရရှိစေရန်၊ AIDS ရောဂါကိုစုပေါင်းတိုက်ဖျက်ရန်၊ ရောဂါသည်များအား ဂရုတစိုက် စောင့်ရှောက်ပေးရန်နှင့် အားပေးကူညီရန်၊ ရောဂါသည်များအားလုံး စည်းလုံးညီညွတ်ရန် အစရှိတဲ့ အဓိပ္ပါယ်တွေ ဖော်ဆောင်ထားပါတယ်။

AIDS ရောဂါနဲ့ ပတ်သက်ပြီး အသိပညာမျှဝေလိုသူတွေဟာ အနီရောင်ဖဲပြားလေး ဝတ်ဆင်ပြီး ပါဝင်ကူညီနိုင်ပါတယ်။ သတိပြုသင့်တာတစ်ခုက ယနေ့ ကမ္ဘာပေါ်မှာ HIV ကူးစက်ခံရသူတွေရဲ့ ၅၀% ဟာ အသက် ၁၀ နှစ်မှ ၂၄ နှစ်ကြားက လူငယ်လူရွယ်တွေ ဖြစ်တာကြောင့် ဆယ်ကျော်သက်အရွယ်တွေကို HIV/AIDS အကြောင်း အသိပညာပေး မျှဝေဖို့ အလွန်ပဲ အရေးကြီးပါတယ်။

၂၀၁၇ ခုနှစ် စစ်တမ်းများအရ ကမ္ဘာတစ်ဝှမ်းမှာ AIDS ရောဂါကြောင့် သေဆုံးသူ 28.9 million ကနေ 41.5 million အတွင်း ရှိခဲ့ပြီး HIV ပိုးကူးစက်ခံထားရသူဦးရေဟာလည်း 36.7 million ခန့်ရှိနေတယ်လု့ိ သိရပါတယ်။ ဒါဟာ သမိုင်းတွင်စေခဲ့တဲ့ အရေးကြီးဆုံး ကမ္ဘာ့ကျန်းမာရေးပြသနာတွေထဲက တစ်ခုပါပဲ။ နေ့စဉ် လူ ၁၃,၀၀၀ မှာ တစ်ယောက် ခုခံအားကျဆင်းမှုရောဂါပိုး ကူးစက်ခံနေရပြီး သေဆုံးသူဦးရေကတော့ ၈,၀၀၀ ခန့်ရှိတယ်လို့လည်း သိရပါတယ်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး “Know Your Status” ဆိုတဲ့ Theme အောက်မှာ AIDS နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ကြပါတယ်။ ဒီနေ့ဟာဆိုရင်တော့ ၁၉၈၈ ခုနှစ်ကနေ စတင်ခဲ့တဲ့ ကမ္ဘာ့ AIDS နေ့ရဲ့ နှစ် (၃၀) ပြည့်မြောက်တဲ့အထိန်းအမှတ် နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၁၈ ခုနှစ်၊ ဧပြီလမှာ “အာဆီယံမြို့ကြီးများ၌ HIV ကင်းစင်ရေးဒေသဆိုင်ရာ အစည်းအဝေး” (ASEAN Cities Getting to Zero, Regional Consultation Meeting) ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာရှိတဲ့ Royal Hinthar Hotel မှာ ကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံနိုင်ငံတွေရဲ့ မြို့တော်တွေမှာ HIV/AIDS ကင်းစင်ရေး စီမံချက်များ ချမှတ်ခဲ့ကြပါတယ်။ HIV/AIDS ရောဂါ ကိုမြန်မာနိုင်ငံအနေနဲ့ ၂၀၃၀ ပြည့်နှစ်မှာ ကပ်ရောဂါကြီးအသွင်မှ ကင်းစင်ပပျောက်စေရန် ဆောင်ရွက်နေတယ်လို့သိရပါတယ်။

၂၀၁၈ မှာတော့ AIDS အကြောင်းနဲ့ ပတ်သက်ပြီး လူထုအကြားမှာ ပိုမိုနိုးကြားသိရှိလာခဲ့ကြောင်း မြင်ရပါတယ်။ ပြည်သူ့ကျန်းမာရေးပြသနာတစ်ရပ်အဖြစ် ကြုံတွေ့နေရဆဲဖြစ်တာကြောင့် စိန်ခေါ်မှုတွေကို ကျော်လွှားဖို့နဲ့ ပြုပြင်ပြောင်းလဲ လုပ်ဆောင်ပေးဖို့ လိုအပ်တာတွေကို အားလုံးအတူတကွ ပေါင်းစည်းပြီး တိုက်တွန်းလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

Written by Audrey Chann

Leave a Reply