တိုင်းလွှတ်တော်အစည်းအဝေး ရက် ရွှေ့ဆိုင်း

ထားဝယ် ဒီဇင်ဘာ

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေးများ စတင်မည့်ရက်ကို ဖေဖေါ်ဝါရီလသို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

“ဖေဖေါ်ဝါရီလမှာလုပ်မယ့် အစည်းအဝေးကတော့ အနည်းဆုံး ၄ ရက်လောက်တော့ ကြာမယ်”ဟု လွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်စိုးက ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ခု ဖြည့်စွက်ရန်ပုံငွေလုပ်ငန်းလျာထားစာရင်းများကို တပြိုက်နက် အတည်ပြုနိုင်ရန် ယင်းသို့ ရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျင်းပမည့်ရက်ကို ထပ်မံ အကြောင်းကြားသွားမည်ဖြစ်ကြောင်း၊ ယင်းအစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်းအပြင် အဆိုတင်သွင်းခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ဥက္ကဌ ဦးခင်မောင်အေးက ပြောသည်။

၎င်းအပြင် အသေးစားချေးငွေ လုပ်ငန်းဥပဒေအတည်ပြုနိုင်ရန်၊ မြိတ် နှင့် မောတောင်ဒေသရှိ မြို့ပြစီမံကိန်း နှစ်ရပ်ကို အတည်ပြုနိုင်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း လွှတ်တော် ဒု ဥက္ကဌကလည်း ပြောသည်။

ပြီးခဲ့သည့်၁၀ကြိမ်မြောက်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ကျန်းမာရေးအရခွင့်ယူထားခြင်းကြောင့်ဒုတိယဥက္ကဌက သဘာပတိအဖြစ် တာဝန်ယူကျင်းပခဲ့သော်လည်း ယခု ဒီဇင်ဘာလ ၁ ရက် နေ့တွင် တာဝန်ပြန်လည်ထမ်းဆောင်နေပြီဖြစ်၍ ယခုအစည်းအဝေးတွင် ဥက္ကဋ္ဌကိုယ်တိုင် သဘာပတိ တာဝန်ယူမည်ဖြစ်သည်။

တင့်လွင်

Leave a Reply