Advertisements

လယ်ဧက ၃၀၀ တွင် စံပြစိုက်ကွက် ဖော်ဆောင်မည်

ချောင်းဆုံ ဇန်နဝါရီ

ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာပိုင် ကွင်းအမှတ် ၆၃၄ အေ ခရိုက်နွံကွင်းရှိ လယ်ဧက ၃၀၀ တွင် အဆင့် မြင့်နည်းပညာသုံးစံပြစိုက်ကွက်များပြုလုပ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

“ဒီကွင်းက ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) ချဉ်းကပ်လမ်းဘေးဝဲယာလည်းဖြစ်တယ် အဆင့်မြင့်နည်း ပညာသုံးစံပြစိုက်ကွက်တွေဖြစ်လာရင် စိုက်ပျိုးလုပ်ကိုင်ရတာလည်းလွယ်ကူမယ် အသီးအနှံလည်း ပိုမို အထွက်တိုးလာစေဖို့လည်း ရည်ရွယ်တယ်”ဟု ယင်းဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်က ပြောသည်။

ဌာနက အဆိုပါဧက ၃၀၀ အတွက် စိုက်ပျိုးနည်းပညာ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ မျိုးစပါးနှင့် ဓာတ်မြေသြဇာ အခမဲ့ ထုတ်ပေးသွားရန်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

“လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကော့မုပွန်ကွင်းလယ်ဧက ၃၀၀ ကို အစိုးရက အဆင့်မြင့်နည်းပညာသုံး စံပြစိုက် ကွက်တွေ လုပ်ပေးခဲ့တယ် အရင်က ကျွဲနွားတွေနဲ့ သမားရိုးကျ လုပ်ကိုင်ခဲ့တဲ့ လယ်ကွက်ငယ်တွေကို လယ်ယာ သုံးစက် ကိရိယာတွေနဲ့ ထွန်ယက်လုပ်ကိုင်ရလွယ်ကူစေဖို့ ဧကကွက်တွေ အခမဲ့ဖော်ပေးခဲ့တယ်”ဟု ကော့မုပွန်ကျေးရွာ လယ်ကွင်းမှ လယ်သမား ဦးထွန်းကြိုင်က ပြောသည်။

အဆိုပါစံပြစိုက်ကွက်အစီအစဉ်ကို ရွာခံ လယ်သမားများအနေဖြင့် လက်ခံကြောင်း ကညှော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်မိုးက ပြောသည်။

မြို့နယ်တွင် အဆင့်မြင့်နည်းပညာသုံးစံပြစိုက်ကွက်များအဖြစ် ကော့မုပွန်ကျေးရွာတွင် လယ်ဧက ၃၀၀ ၊ ဝယ်လမ်းကျေးရွာတွင် လယ်ဧက ၁၀၀ ၊ ခရိုက်သစ်ကျေးရွာတွင် လယ်ဧက ၁၀၀ တို့ကို ယခုအစိုးရ လက်ထက်တွင် ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး က ဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်