Advertisements

ပြည်သူ့အုပ်ချုပ်ရေးဆီသို့

ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ ထည့်သွင်းလိုက်ကြောင်း ကြေညာချက် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ထွက်ရှိလာခဲ့သည်။

ထိုကြေညာချက် မထွက်ရှိမီ ရက်ပိုင်းအလိုက သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယင်းကဲ့သို့ ပြောင်းလဲမည့်အကြောင်း သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းသို့ လုပ်ဆောင်ရခြင်းမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ဌာန တစ်ခုကို အခြား ဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ရခြင်း ဖြစ်သည်ဟု ဆို၏။

မည်သို့ပင်ဖြစ်စေ ယင်းကိစ္စရပ်များ အများပြည်သူ အကြား ပြောင်းလဲမှုများ စတော့မည်ဟူသော စကားသံများနှင့်အတူ ပြည်သူ့ အုပ်ချုပ်ရေးအတွက် ရောင်ခြည် သန်းစ။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး နိုင်ငံရေး လေ့လာသူ ကိုကျော်စံဝင်းက ယခုလို မှတ်ချက်ပြု၏။

“ပြည်သူတွေ မြင်ချင်နေကြသလိုမျိုး ထွေအုပ်ကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုရောက်လို့ အစိုးရရဲ့ လက်ကျန်သက်တမ်းမှာ ပြောင်းလဲသွားမယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် first stage အနေနဲ့ကတော့ ဒီအစိုးရလက်ထက်မှာ အမှတ်ပေးရမှာကတော့ ဒီလုပ်ရပ်လေးပါတယ်။ ပိုကောင်းဖို့အတွက် ဖြစ်လာတယ်။ ဒါဟာ ပထမခြေလှမ်းပဲ”ဟု ဆိုသည်။

၎င်းနှင့်အတူ မွန်ပြည်နယ် လွှတ်တော် ဥပဒေပြုရေးရာ ဆိုင်ရာ ကေ်ာမတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ယခုလို မှတ်ချက်ပေးပြန်သည်။

“ထွေအုပ်ကို ပြည်ထဲရေးကနေ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အောက်ထဲ ထည့်လိုက်တော့ ကောင်းတာက ကောင်းပါတယ်၊ ဒါပေမယ့် တစ်ခုခုတော့ လိုတာက အဲဒီထွေအုပ်တွေက မြို့နယ်၊ ခရိုင်ဆိုပြီး ရှိနေသေးတယ်၊ ဒေသအစိုးရကို သေသေချချာ တည်ဆောက်ဖို့ လိုနေသေးတယ်”ဟု ဆိုသည်။
မည်သို့ပင်ဖြစ်စေ ယခု ပြောင်းလဲမှု ပုံစံနှင့် ယခင် ပုံစံမှာ အောက်ပါအတိုင်း ဖြစ်၏။

ယခင်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေး ဝန်ကြီးဌာနက တာဝန်ယူရသည်။ ပြည်ထဲရေး ဝန်ကြီးဌာနကိုမူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် ဝန်ကြီးက တာဝန်ယူ ဆောင်ရွက်ရသည်။

ပြည်ထဲရေး ဝန်ကြီးသည် တိုင်းနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးများကို တာဝန်ခံရသည်။ တဆက်တည်း တိုင်းနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးမှားသည် ပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည်။
ထိုတိုင်းနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးမှာ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နှင့် ရပ်ကျေး ထွေအုပ်များကို အဆင့်ဆင့် တာဝန်ယူရသည်။

ထို့ကြောင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လက်အောက်တွင် ရှိခဲ့သည်။

ယခု ပြောင်းလဲလိုက်သည့် ပုံစံအရ နိုင်ငံတော် သမ္မတက ပြည်ထောင်စုဝန်ကြီး(ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန) ကို တာဝန်ခံရမည်။

ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက တိုင်းနှင့်ပြည်နယ် ထွေအုပ်များကိုလည်း တာဝန်ခံရမည် ဖြစ်သည်။

တိုင်းနှင့်ပြည်နယ် ထွေအုပ်များကမူ ခရိုင်နှင့် မြို့နယ်၊ ရပ်ကျေးများကို ပြန်လည် တာဝန်ခံရမည်ဖြစ်သည်။

ယင်းပုံစံအရ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို နိုင်ငံတော် သမ္မတက တာဝန်ခံရမည် ဖြစ်သည်။

ယင်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးအဖြစ် ဦးမင်းသူအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က အတည်ပြုခန့်အပ်ခဲ့သည်။

ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဖြစ်သည့် ဦးတင်မြင့်အား ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း နိုင်ငံတော်မ္မတရုံးမှ ဇန်နဝါရီ ၂ ရက်က ထုတ်ပြန်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ထွေအုပ်၏ လုပ်ငန်းစဉ်ကို အစိုးရအနေဖြင့် အမှန်တကယ် ကိုင်တွယ် ထိန်းကြောင်း နိုင်ခြင်း ရှိ မရှိမည်ကို စိုးရိမ်မှု တချို့ ရှိနေသည်။

“ခုလက်ရှိအစိုးရရဲ့ capacity ပေါ့။ ထွေအုပ်ရဲ့လုပ်ငန်းတွေကို ထဲထဲဝင်ဝင် နားလည်တဲ့သူရှိလား။

အဲဒီ လုပ်ငန်းစဉ်ကို နားမလည်ဘူးဆိုရင် အာဏာလွှမ်းမိုးမှုက ပိုပြီးသီးခြားဆန်သွားပြီးတော့ သူတို့အတွက် ပိုပြီးအခွင့်အလမ်းများသွားနိုင်တယ်။ အဲလိုတော့တွေ့တယ်” ဟု မွန်ပြည်နယ် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင် ဦးမောင်မောင်ဇော်ထွန်းက ဆိုသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ပြောင်းရွှေ့ခြင်းသည် ပြည်သူ့အကျိုးပြုလုပ်ငန်းအား ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်ကပြောသည်။

ဇန်နဝါရီ ၄ ရက်က နေပြည်တော်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအပြီးတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီး ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ပြည်သူနဲ့ ရပ်ကွက်၊ကျေးရွာ၊မြို့နယ်၊ခရိုင်၊တိုင်းဒေသကြီးအပါအဝင် အဲ့ဒီမှာရှိတော့မှ အများဆုံးထိတွေ့ရတဲ့ ဌာနဖြစ်တယ်။အဲ့ဒီဌာနတွေနဲ့ ပြည်သူအကျိုးပြုလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နိုင်ရေးအတွက်ပေါ့”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ဌာနအနေဖြင့် ပြည်သူလူထုနှင့် နိုင်ငံတော်အစိုးရအပေါ် သစ္စာရှိရှိ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ၎င်းက ပြော၏။

သို့သော်လည်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပြောင်းလဲရန် ဝန်ကြီးဌာန တစ်ခု ထပ်မံ ဖွဲ့စည်းသည့် အပေါ် ဝေဖန်မှုများလည်း ရှိနေသေးသည်။

“ထွေအုပ်ဌာနတစ်ခုတည်းအတွက် ဝန်ကြီးဌာနတစ်ခုလုပ်ရတာကတော့ နည်းနည်းတော့ မဟုတ်ဘူး။ ဥပမာဆိုရင် သမ္မတရုံးမှာ တစ်ယောက်လောက် ထားလိုက်ရင်လည်းရတာပေါ့လေ။ အဲလိုမဟုတ်ဘဲ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးရုံးအောက်မှာ ထွေအုပ်ဌာနတစ်ခုတည်းရှိမှာပေါ့။ နောက်ပြီး ဝန်ကြီးက ၂ ယောက်။ သမ္မတရုံးလက်အောက်ထဲ ထည့်လိုက်ရင် ပြီးတာပဲ။ ဒါကသမ္မတ တိုက်ရိုက်ကိုင်တွယ်ရမယ့် ကိစ္စပဲ။ ယန္တရားမှာ မလိုအပ်ပဲ အပိုတစ်ခုလို့မြင်တယ်”ဟု နိုင်ငံရေး လေ့လာသူ ကိုကြည်ဇော်လွင်က ဝေဖန်၏။

ယခုလို ရွေးကောက်ခံ အစိုးရ လက်အောက်သို့ ထွေအုပ်ဌာနကို ပြောင်းလဲလိုက်ခြင်းကြောင့် ထွေအုပ်နှင့် ပတ်သက်သော ကောင်းခြင်း ဆိုးခြင်း ကိစ္စရပ်အားလုံးသည် ရွေးကောက်ခံ အစိုးရအနေဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် အုပ်ချုပ်ရေးမဏ္ဍိုင်၏ ကြောရိုးဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အစိုးရ အကြား ကောင်းမွန်သည့် ဆက်ဆံရေးများ ထားရှိရန် လိုအပ်ပြီး၊ အများပြည်သူ ဝန်ဆောင်မှု ကောင်းများ ရရှိရေးအတွက် ပြုပြင် ပြောင်းလဲမှုများလည်း လုပ်ဆောင်သင့်သည်ဟု ၎င်းက ဆိုသည်။

မည်သို့ပင်ဖြစ်စေ ဟင်္သာမီဒီယာက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပြောင်းလဲမှုအပေါ် ပြည်နယ် အထွေထွေအုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးအဆင့် ရှိသော ပုဂ္ဂိုလ် နှစ် ဦးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး တစ်ဦးအား သဘောထား မေးမြန်းရာမှာတော့ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ကြသည်။

“Reform ကတော့ တစ်ဆင့်ချင်းသွားရမယ်။ ပထမဦးဆုံး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတွေရဲ့ တာဝန်နှင့် ဝတ္တရားကို တိတိကျကျလေးပြောပြီးတော့ power deli cation လုပ်ဖို့လိုတယ်။ အဲဒါတွေမလုပ်ဘဲနဲ့တော့ မဖြစ်ဘူး”ဟု ကိုကျော်စံဝင်း ဆိုသည်။

ယင်းအပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကို appointed ပုံစံမျိုးမဟုတ်ဘဲ elected လုပ်သင့်ကြောင်း အကြံပြု၏။

ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်ပြီး ဦးမောင်မောင်ဇော်ထွန်းကလည်း ယခုလို မှတ်ချက်ပေးပြန်သည်။

“reform ကတော့ ခွဲရမယ့်အပိုင်းရှိတယ်။ ထွေအုပ်က ဝန်ထမ်းအဖြစ်နဲ့ ထားရမယ်။ အုပ်ချုပ်ရေးဆိုင်ရာ ပညာရှင်ဝန်ထမ်းတွေဖြစ်မယ်။ အဲနေရာမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့သူတွေက မြို့တွေ ရွာတွေ ခရိုင်တွေမှာ ဝင်လာမယ်။ ဥပမာအားဖြင့် မြို့မှာဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးနေရာကို ပြည်သူတွေက ရွေးချယ်တင်မြှောက်တဲ့ အရပ်သားဖြစ်လာမယ်”ဟု ဆိုသည်။

ထိုအခြေအနေကြောင့် ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေများ ရေးဆွဲ၍ ပေါ်လစီများ ချမှတ်ကာ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးများကို ရွေးချယ် သင့်သည်ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

ဖြစ်စဉ် အားလုံးကို ချုံ၍ နိုင်ငံရေး လေ့လာသူ ကိုကြည်ဇော်လွင်က ယခုလို မှတ်ချက်ပေးလိုက်သည်။

“ပြုပြင်ပြောင်းလဲရေးက မြို့နယ်အဆင့် ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ခံပုံစံမျိုး ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်၊ အဲဒါဆိုရင်တော့ ပြည်သူ့အုပ်ချုပ်ရေးစနစ် ပိုဖြစ်လာလိမ့်မယ်”ဟူ၍ပင်။

ထိုက်ထိုက် ၊ စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်