Advertisements

နှစ်သစ်မှာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍက ပေးလိုက်သည့် သတိပေးချက်

မွန်ပြည်နယ်တွင် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ဝင်ရောက်မှု တန်ဖိုးမှာ ယခင်နှစ်ထက် ၁၃ ဆကျော် လျော့ကျခဲ့သည်ဟု ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

၂ဝ၁၇ ဇန်နဝါရီမှ ဒီဇင်ဘာအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆ ခုမှ အမေရိကန်ဒေါ်လာ သန်း ၄၅ဝ ခန့် ဝင်ရောက်ခဲ့ပြီး ၂ဝ၁၈ တွင် လုပ်ငန်း ၅ ခု၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၄ သန်းသာ ရှိသည်ဟု ယင်းဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦးကပြောသည်။

ပြက္ခဒိန်နှစ်ဖြင့် နှိုင်းယှဉ်ခြင်းကြောင့် ၂ဝ၁၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ပိုများခြင်းဖြစ်ကြောင်း၊ ဘတ်ဂျက်နှစ်ဖြင့် နှိုင်းယှဉ်ပါက ကွာဟမှုနည်းသည်ဟုဆိုသည်။

မည်သို့ပင် ဖြစ်စေ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု တန်းဖို လျော့ကျခြင်းမှာ ပြည်နယ်ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ အခွန်ငွေ ရရှိရေး စသည့် အခြေအနေ အရပ်ရပ်၌ ကျဆင်းလာနိုင်သော အနေအထား တစ်ရပ် ဖြစ်လာနိုင်သည်။

တစ်ဆက်တည်း ယခုနှစ်အတွင်း ခွင့်ပြုပေးခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ ရော်ဘာသစ်ထုတ်လုပ်သည့်လုပ်ငန်း ၃ ခု၊ ဟိုတယ်လုပ်ငန်း ၁ ခုနှင့် လျှပ်စစ်လုပ်ငန်း ၁ ခုတို့ဖြစ်ပြီး ထိုင်း၊ တရုတ်နှင့် ဗီယက်နမ် နိုင်ငံတို့က လာရောက်မြှုပ်နှံထားသည်။

ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများမှာ လမ်းခင်းကျောက်ထုတ်လုတ်သည့်လုပ်ငန်း ၃ ခု၊ ရော်ဘာသစ်လုပ်ငန်း ၂ ခုနှင့် အပန်းဖြေစခန်း ၁ ခုတို့ ပါဝင်သည်။

ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂ဝ၁၈ ဇန်နဝါရီမှ ဒီဇင်ဘာအထိ ကျပ် ၇၇ ဘီလီယံကျော် ဝင်ရောက်ခဲ့ပြီး ယခင်နှစ်တွင် ၄၄ ဒသမ ၇ ဘီလီယံကျော်ရှိခဲ့သည်။ ထို့ကြောင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု အနည်းငယ် တိုးလာသည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ တိုးတက်လာရေး ဟင်္သာမီဒီယာက ရေးသားဖူးသော အကြောင်းအရာ အချို့ကို ပြန်လည် ကောက်နုတ် ဖော်ပြပေးလိုက်သည်။

ဘာတွေ လုပ်ပေးဖို့ လိုလဲ

ရင်းနှီးမြှုပ်နှံသူများအတွက် အစိုးရအနေဖြင့် လုပ်ဆောင်ပေးသင့်သော အချက်များကို မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ယခုလို အကြံပြု၏။

အစိုးရအနေဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ ကုန်ကြမ်း ရရှိမှု၊ အလုပ်သမား ၊ အခွန်အကောက် လျှော့ချခြင်း၊ ဈေးကွက် တင်ပို့မှု လွယ်ကူရန် စသည့် အချက်များကို လုပ်ဆောင်ပေးရန် လိုသည်။

နယ်မြေ တည်ငြိမ်အေးချမ်းမှုတွင် လက်နက်ကိုင် ဒေသမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီနှင့် ဒေသခံအကြား မည်သည့် လုပ်ငန်း လုပ်မည့်အကြောင်း မလုပ်ခင် အသိပေးထားသင့်ကြောင်း၊ ထိုသို့ အသိမပေးထားပါက စီမံကိန်း စတင်မှ ဆန္ဒပြမှုများ ဖြစ်ပေါ်၍ လုပ်ငန်းရှင်များ အလုပ်လုပ်ကိုင်ရန် ခက်ခဲနိုင်သည်ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် စဉ်းစားသည့်အခါ မြေယာများကို အလကားပေး၍ ဒေသခံ ပြည်သူများ အလုပ်ရနိုင်သော အခွင့်အရေးအား ရည်ရွယ်၍ လုပ်ဆောင်ရန် လိုကြောင်း ဒေါက်တာ အောင်နိုင်ဦးက ပြောဆိုသည်။

ရင်းနှီးမြှုပ်နှံလိုသူများအတွက် အစိုးရအနေဖြင့် လုပ်ဆောင်ပေးရမည့် ကိစ္စရပ်များကို စီးပွားရေး လုပ်ငန်းရှင် ဦးမင်းဗညားစန်းက ယခုလို ပြောဆိုသည်။

“ရင်းနှီးမြုပ်နှံမှုလုပ်တဲ့အတွက် ကုန်ကျစရိတ်တွေ အစိုးရဘက်က ဘာတွေလျော့ပေါ့မလဲ ကုန်ကျစရိတ်တွေများတယ် အခွန်တွေ သူများထက်ပိုကောက်ခံ ပိုလုပ်မယ်ဆိုရင် ဘယ်သူမှ လာဖို့မရှိဘူး”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ရင်းနှီးမြှုပ်နှံမှု လာစေချင်လျှင် လျှပ်စစ်မီး အပါအဝင် လိုအပ်သည့် စာရွက်စာတမ်း အချက်အလက်များကို မြန်မြန် လုပ်ဆောင်ပေးရမည်ဟု ၎င်းက ထောက်ပြပြောဆိုသည်။

ဖိတ်ခေါ်ပါ

မွန်ပြည်နယ် အစိုးရအဖွဲ့မှ ပအို့ဝ်း တိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်က ရင်းနှီးမြှုပ်နှံမှုများအတွက် အစိုးရအနေဖြင့် ရော်ဘာကုန်းကြမ်း ရရှိရေး၊ မြေငှားခ လျှော့ချပေးခြင်း၊ လျှပ်စစ် အလုံအလောက် ပေးခြင်းစသည့် မက်လုံးပေး၍ ဖိတ်ခေါ်နေသည်ဟု ဆိုသည်။

သို့သော်လည်း ထိုအခြေအနေမှာ လက်ရှိအချိန်အထိ “စမ်းတဝါးဝါးနဲ့ပဲရှိနေသေးတယ်”ဟု ဝန်ခံထားသည်။

စီးပွားရေး လေ့လာသူ ကိုကျော်စံဝင်းကမူ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီတွင် ပါဝင်သူများ အပါအဝင် ကော်မတီ လုပ်ဆောင်ချက်၊ လုပ်ပေးမည့် အကြောင်းအရာများကို ပွင့်လင်းမြင်သာစွာ ချပြ၍ ရှင်းလင်း ဖိတ်ခေါ်ရန် လိုသည်ဟု ဆိုသည်။

ယင်းအပြင် ပြည်နယ်အတွင်း လုပ်ကိုင်နိုင်သော လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပသို့ သွား၍ Marketing ဆင်းနိုင်ရမည်ဟု ထောက်ပြသည်။

“အနီးစပ်ဆုံး ဒေသတွင်းကိုလည်း ဆင်းရမယ်။ နောက်ပြီး ကျွန်တော်တို့ဆီ အများဆုံးရင်းနှီးမြှုပ်နှံနိုင်မယ့် ထိုင်းတို့၊ စင်ကာပူတို့မှာ သွားပြီး ရင်းနှီးမှုမြှင့်တင်နိုင်ရမယ်။ ဖိတ်ခေါ်ရမယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။

တိကျတဲ့ မူဝါဒ

ပြည်နယ်အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များအတွက် ပြည်ထောင်စုက ချမှတ်ထားသည့် စီးပွားရေး မူဝါဒ ၁၂ ရပ် အပါအဝင် ရင်းနှီးမြှုပ်နှံမှု ဥပဒေအပေါ် အခြေခံပြီး ဆောင်ရွက်နေသော်လည်း ဒေသနှင့် ကိုက်ညီသည့် မူဝါဒ တစ်ရပ်ကို မဖြစ်မနေ ရေးဆွဲရန် လိုအပ်သည်။

ပြည်နယ်အစိုးရအနေဖြင့် မူဝါဒ ရေးဆွဲရာတွင် ပြည်နယ်အတွင်းမှ ထွက်ရှိသော အရင်းအမြစ်များဖြစ်သည့် ရော်ဘာ၊ အသားငါး၊ သစ်သီးဝံလတို့ကို အဆင့်မြှင့်ပြီး ထုတ်လုပ်မည့် ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးရမည်ဖြစ်ကာ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်သော ကုမ္ပဏီကိုလည်း အားပေး ကူညီနိုင်မည့် အစီအစဉ်များကို ချမှတ်ရမည်ဖြစ်ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုများအတွက် မူဝါဒ တစ်ရပ် ချမှတ်ရန် ဇူလိုင် ၁၀ ရက်က ပြုလုပ်သော အစိုးရအဖွဲ့ ဒုတိယ နှစ် တစ်နှစ်တာ ရှင်းလင်းပွဲတွင် ဟင်္သာမီဒီယာက မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံအား မေးမြန်းစဉ် ၎င်းက ယခုလို မှတ်ချက်ပြုသည်။

“ရင်းနှီးမြှုပ်နှံမှုမူဝါဒအတိုင်းပဲ ကျွန်တော်တို့ လက်ခံရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ရင်းနှီးမြှုပ်နှံမှုကို တတ်နိုင်သလောက် ကြိုးစားပါတယ်”ဟူ၍။

ထိုအခြေအနေ အားလုံးကို ခြုံ၍ စီးပွားရေး လေ့လာသူ ကိုကျော်စံဝင်းက ယခုလို မှတ်ချက်ပြု၏။

“ကိုယ့်ပြည်နယ်နဲ့ ကိုယ် လိုက်ဖက် သင့်တော်နိုင်မယ့် မူဝါဒတွေ ချမှတ်နိုင်ဖို့လိုတယ်။ ပြည်ထောင်စုရဲ့ စွက်ဖက်မှုတွေကို နည်းနိုင်သမျှနည်းအောင် လုပ်နိုင်လေ ကောင်းလေပဲ”ဟူ၍ ပင်။

ထိုက်ထိုက်၊ စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်