Advertisements

မုဒုံမြို့နယ်တွင် တစ်လအတွင်း ရော်ဘာရုံ မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့

Photo : Ko Oo Mudon Facebook

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ရော်ဘာ မှိုင်းခံရုံတစ်ခုတွင် ယမန်နေ့ ဇန်နဝါရီ ၆ ရက် ညပိုင်းက မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့ရာ ယင်းဖြစ်စဉ်ကို မုဒုံမြို့မရဲစခန်းတွင် (ပ) ၃၉/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယမန်နှစ်၂၀၁၈ ဒီဇင်ဘာ ဒုတိယပတ် ၉ ရက်နေ့ကလည်း မုဒုံမြို့ မြို့မ ၄ ရပ်ကွက်ရှိ ရော်ဘာရုံ တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ငွေကျပ်သုံးသိန်းခြောက်သောင်းကျော် ယခုတစ်ကြိမ်မှာ မုဒုံမြို့နယ်တွင် တစ်လအတွင်း ဒုတ်ယအကြိမ်မြောက် ရော်ဘာရုံမီးလောင်မှုဖြစ်ကြောင်း ထပ်မံ သိရသည်။

ယခု ဖြစ်စဉ် အခင်းဖြစ်ပွားရာမှာ ကွမ်တာကျေးရွာ ကွက်သစ်လမ်းရှိ Hight Win ရော်ဘာစက်ရုံမှ မှိုင်းခံရုံဟု သိရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်း ၃၀၀ ကျော် ရှိခဲ့ကြောင်း၊ ရော်ဘာမှိုင်းရုံတာဝန်ခံ ဇော်ဝင်း (၄၄)နှစ်မှာ စက်ရုံဝင်းအတွင်းရှိ အလျားပေ ၉၀၊ အနံ ၁၅ ပေ၊ အမြင့် ၁၂ ပေရှိ ခြောက်ခန်းတွဲ ရာဘာပေါင်းခံရုံတွင် တစ်ခန်းလျှင် ရာဘာပေါင် ၈၀၀၀ ခန့်ဖြင့် ပေါင်း ပေါင် ၄၈၀၀၀ ခန့် ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ ခန့်ကို ဖွဲမီးသုံး အပူပေးရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

မီးလောင်မှုအဆင့် Level 3 ရှိသည့်အတွက် မီးသတ်ယာဉ် ၁၁ စီး၊ ရေသယ်ယာဉ် ၄ စီး၊ မော်လမြိုင်ခရိုင်မှ မီးသတ်ယာဉ် ၂ စီးတို့ဖြင့် မြို့နယ် မီးသတ်၊ ထွေ/အုပ်၊ ရဲနှင့် ဒေသခံ ၅၀ ခန့်က အချိန် ၂ နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရပြီး ဖြစ်စဉ်ကြောင့် အနီးဝန်းကျင် နေအိမ်၊ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်းလည်း သိရသည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်