သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ယခုနှစ်တွင် ဆရာတော် ကိုးပါး သီလရှင် တစ်ပါးကို ဆက်ကပ်

ထားဝယ် ဇန်နဝါရီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ဆက်ကပ် ချီးမြှင့်သော ယခုနှစ် ၂၀၁၉ တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆရာတော်ကြီး ကိုးပါးနှင့် သီလရှင် တစ်ပါးတို့ ရရှိခဲ့ကြောင်း တိုင်းဒေသကြီး သာသနာရေးမှူးရုံးထံမှ သိရသည်။

ဘွဲ့တံဆိပ်တော်များကို နေပြည်တော်ရှိ သာသနာ့ဗိမာန်တော်တွင် လာမည့် တပေါင်းလပြည့်နေ့၌ ဆက်ကပ်မည် ဖြစ်ကြောင်း ယင်းရုံး ဦးစီးအရာရှိ ဒေါ်လှဘုန်းတင့်က ပြောသည်။

“ဘွဲ့တံဆိပ်တော်ရ ဆရာတော်များနဲ့သီလရှင်များ အကုန်လုံးကို ဆက်ကပ်မှာ ဖြစ်တယ်” ဟု ဒေါ်လှဘုန်းတင့်က ဆိုသည်။

ထားဝယ်မြို့မှ ဆရာတော်ကြီး ၁ပါး၊ မြိတ်မြို့မှ ဆရာတော်ကြီး ၇ ပါး၊ ကော့သောင်းမြို့မှ ဆရာတော်ကြီး ၁ပါးနှင့် ထားဝယ်မြို့မှ သီလရှင် ၁ပါးတို့က ရရှိခဲ့ခြင်း ဖြစ်သည်။

ထားဝယ်မြို့ ဇေယျဝတီ ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန ္တနန္ဒဝံသက အဂ္ဂမဟာပဏ္ဍိတဘွဲ့၊ မြိတ်မြို့ မော်တောင်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန ္တနာရဒက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့၊ အောင်မင်္ဂလာ ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန ္တ ဓမ္မဝံသက မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့၊ ဘုရားငါးဆူ စာသင်တိုက် ဆရာတော် ဘဒ္ဒန ္တနာရသီဟနှင့် စံကျောင်းဆရာတော် ဘဒ္ဒန ္တဉာဏဝံသက ဂန္ထဝါစက ပဏ္ဍိတဘွဲ့၊ သံသရာအေး ပရဟိတကျောင်းဆရာတော် ဘဒ္ဒန ္တသုဇာတက အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇဘွဲ့တို့ကို အသီးသီးရရှိခဲ့သည်။

ယင်းအပြင် ကော့သောင်းမြို့ ရွှေမင်းဝံ ပုညကုသလကျောင်းဆရာတော် ဘဒ္ဒန ္တပညာဇောတက မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့၊ မြိတ်မြို့ မဟာသိဒ္ဓိအောင် စာသင်တိုက်ဆရာတော် ဘဒ္ဒန ္တပညာစက္ကက သဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့၊ မြိတ်မြို့ ရတနာ့ဂုဏ်ရည်ရိပ်သာဆရာတော် ဘဒ္ဒန ္တတေဇာနန္ဒက မဟာကမ္မဌာနာစရိယဘွဲ့၊ ထားဝယ်မြို့ ရတနာမာန် အောင် သီလရှင်စာသင်တိုက်မှ ဒေါ်ခေမာသီက ဂန္ထဝါစကပဏ္ဍိတဘွဲ့တို့ကို ဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။

ယမန်နှစ်က ချီးမြှင့်ဆက်ကပ်ခဲ့သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ကို ထားဝယ်မြို့မှ ဆရာတော်ကြီး ၄ပါး၊မြိတ်မြို့မှ ဆရာတော်ကြီး ၁ပါး၊ ကော့သောင်းမြို့မှ ဆရာတော်ကြီး ၁ပါးနှင့် ပုလောမြို့မှ ဆရာတော်ကြီး ၁ပါးတို့ ရရှိခဲ့ကြောင်း သိရသည်။

တင့်လွင်

Leave a Reply