Advertisements

မော်လမြိုင်တွင် စိတ်ကြွဆေးပြား သယ်ဆောင်သူ လက်ဝယ်တွေ့ရှိသူ ရောင်းချသူ သုံးဦး ဆက်စပ်ဖမ်းမိ

မော်လမြိုင် ဇန်နဝါရီ

မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်သူနှင့် ရောင်းချပေးခဲ့သည့်နေအိမ်ကို မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုနှင့် နယ်မြေရဲတပ်ဖွဲ့က ဇန်နဝါရီ ၇ ရက်တွင် ပူးပေါင်းဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရဲအုပ်ကျော်ဆန်းဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် မုပွန်နယ်မြေရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မင်းမင်းထွန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များက သတင်းအရ ယင်း ရပ်ကွက် တောင်ဝိုင်းလမ်းမပေါ် စောင့်ဆိုင်းစစ်ဆေးရာမှ ယင်းသို့ ဖမ်းဆီးရမိခဲ့ခြင်းဟု သိရသည်။

သက်ဆိုင်ရာက စောင့်ဆိုင်းစိစစ်ရှာဖွေစဉ် မော်လမြိုင်တက္ကသိုလ်ဘက်မှ ဈေးကြိုရုပ်ထုအဝိုင်းဘက်သို့ အောင်ဇော်မိုးဆိုသူ မောင်းနှင်လာသည့် ဟွန်ဒါဒရင်း ၁၂၅ ဆိုင်ကယ်ကို ရပ်တန့်စေလျက် စစ်ဆေးရာ ၎င်း၏ ဘောင်းဘီအိတ်ကပ်အတွင်းရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ပြားကို တွေ့ရှိခဲ့ကြောင်း၊ ဆက်လက် စစ်ဆေးမေးမြန်းခဲ့ရာ ယင်း ဆေးပြားများကို ဈေးကြိုရပ်ကွက်နေ စစ်နိုင်ကိုကို ဆိုသူထံမှ ဆေးပြား တစ်ပြားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူလာခဲ့သည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သို့ဖြစ်၍ စစ်နိုင်ကိုကို၏ နေအိမ်ကို ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေခဲ့ရာ ၎င်းကို မတွေ့ရဘဲ ၎င်း၏ဖခင်ဖြစ်သူ ဦးစိုးမြင့်ကိုသာ တွေ့ရကြောင်း၊ စစ်နိုင်ကိုကို၏ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြား၊ ICE ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ ၁ ဒသမ ၆ ဂရမ်နှင့် မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

ယင်း ဆေးပြားများနှင့် ပတ်သက်၍ ဦးစိုးမြင့်ကို ဆက်လက်မေးမြန်းခဲ့ရာ စစ်နိုင်ကိုကို၏ ပစ္စည်းများဖြစ်ကြောင်း ရဲစစ်ဆေးပေါ်ပေါက်ချက်တွင် ပါရှိသည်။

သို့ဖြစ်၍ သယ်ဆောင်လာသူ အောင်ဇော်မိုး(ခ) ဂျိုးကြည် (၂၃ နှစ် ၊ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်နေ )၊ လက်ဝယ်တွေ့ရှိသူ စိုးမြင့်နှင့် ထွက်ပြေးတိမ်းရှောင်နေသူ စစ်နိုင်ကိုကိုတို့ ၃ ဦးကို မုပွန်နယ်မြေရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်